ပြောင်းလဲလို စိတ်မရှိသူများ လွှတ်တော်ထဲတွင် ရှိနေသရွေ့ နိုင်ငံ၏ ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းမှုများမှာ အ လှမ်းဝေးနေဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
မတ်လ ၁၈ ရက် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး မဲခွဲရလဒ်များ ထွက်ပေါ်ပြီးနောက် သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယခု အခြေအနေများကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လာမည့် လွှတ်တော် သက်တမ်းများတွင် ပြင်ဆင်နိုင်ရန် ဆက်လက် ကြိုးစားနေဦးမည်ဟု ၎င်းက ဆိုသည်။
လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီနှင့် စိစစ်ရေး ကော်မတီတိုင်းတွင် အတွင်းရေးမှူး တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဒေါက်တာ မြတ်ဉာဏစိုးက “ပထမအကြိမ် လွှတ်တော်သက်တမ်းမှာလည်း ပြောင်းလဲလိုစိတ် မရှိတဲ့ အဖွဲ့အစည်းတွေ ရှိခဲ့သလိုပဲ။ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းမှာလည်း ရှိနေသေးပါလားပေါ့။ အဲဒီအတွက် တတိယ အကြိမ် လွှတ်တော် သက်တမ်းမှာလည်း ပြင်ဖို့ ဆက်ကြိုးစားရမှာပဲ” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပထမ လွှတ်တော်သက်တမ်းတွင်လည်း“စစ်ရေးအမြင်” ဆိုသည့် စကားရပ်ကို “ကာ ကွယ်ရေး အမြင်” ဆိုသည့် စကားရပ် တခုသာ ပြင်ဆင်နိုင်ခဲ့ပြီး ယခု ဒုတိယအကြိမ် ပြင်ဆင်ရာတွင်လည်း လက်ရှိ အချိန် ထိ စာသားအချို့နှင့် သာမန် အကြောင်းအရာချို့ကိုသာ ပြင်ဆင်နိုင်သေးသည်။
“သော့ နှစ်ချောင်းနဲ့မှ ရကိုရမယ် ဆိုပြီးတော့မှ တင်းခံထားပေါ့ဗျာ။ တင်းခံထားတယ်လို့ပဲ ပြောပါရစေတော့။ ဒီလိုမှပဲ ဖြစ် ကို ဖြစ်ရမယ်ဆိုတာ နေ့တိုင်း အံ့အားသင့်လွန်း အားကြီးလို့ အံ့အားသင့်စရာတောင် မကျန်တော့ပါဘူး”ဟု ဒေါက်တာ မြတ်ဉာဏစိုးက ဆိုသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ဆောင်သည့် အခါတွင် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပြီး သူ့အဖွဲ့ကိုယ့်အဖွဲ့ အပြစ်ဖို့နေခြင်း ထက် စေ့စပ်ညှိနှိုင်းခြင်းများ လုပ်ဆောင်ကာ ဘုံသဘောတူညီချက်ကို ရအောင် ရှာသင့်ကြောင်း တပ်မတော်သား လွှတ် တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်းက မတ်လ ၁၇ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။
“ပါတီ တခု အစုအဖွဲ့တခုဟာ မကောင်းရင်တော့ သူများကို လက်ညှိုးထိုး လွှဲချ၊ ကောင်းရင်တော့ ငါလုပ်တာ ငါဆိုပြီးတော့ မှ အမှတ်ယူမယ်။ နာမည်ကောင်း လိုချင်လို့ လုပ်မယ်ဆိုရင်တော့ ဒါမျိုးကတော့ မရပါဘူး။ ဒါဟာ တာဝန်ယူမှု တာဝန်ခံမှု ကို အလွဲသုံးစား လုပ်တာဖြစ်တယ်လို့ ကျနော် နားလည်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြောင်းလဲလိုစိတ် မရှိသူများ ဆိုသည်မှာ တဖက်နှင့်တဖက် မိမိအကျိုးစီးပွား အလိုက် အသာရနေသည့် ပုဒ်မများကို မပြင် ဆင်လိုဘဲ ဆုပ်ကိုင်ထားလိုခြင်း၊ မိမိဘက်က အားနည်းသည်ဟု ယူဆပြီး အသာရလိုသည့် ပုဒ်မများကိုမူ ပြင်ဆင်လိုမှု ရှိခြင်းကဲ့သို့ သဘောထားမျိုး ရှိသူများဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ဝေဖန် သုံးသပ်သည်။
“ကိုယ့်အကျိုးစီးပွားပေါ်မှာ မူတည်ပြီးတော့ နှစ်ဖက် ဖွဲ့စည်းပုံ ပြင်ဆင်မယ့် အင်အားစု နှစ်စုဟာ ကိုယ်အားသန်ရာ ကိုယ့် အကျိုးစီးပွားကို ကြည့်ပြီးတော့ ပြောင်းလဲချင်စိတ် မရှိဘူးလို့ပဲ ကျနော်တို့ ပြောရမယ်။ တိုင်းရင်းသားတွေကတော့ ကြား ညှပ်တာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုတွင် တပ်မတော် အပါအဝင် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီ ပါတီများနှင့် ပြည် သူများကြား အမျိုးသား ရင်ကြားစေ့ရေးကို ရှေးရှုလုပ်ဆောင်ရန် လိုအပ်ပြီး တဖွဲ့နှင့်တဖွဲ့ကြား အာဃာတများ မထားဘဲ ပူးပေါင်း ဆောင်ရွက်သည့် အခြအနေမျိုး လုပ်ဆောင်မှသာ သဘာဝကျ၍ အောင်မြင်မည် ဖြစ်ကြောင်း ဦးဖေသန်းက ထောက်ပြသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက “တဖွဲ့နဲ့ တဖွဲ့ တယောက်နဲ့တယောက် ဘယ်သူက ကန့်လန့် တိုက်နေတယ်။ ဘယ်သူက မဟုတ်တာ လုပ်နေတယ်လို့ အပြစ်ပြောနေ ခြင်းအားဖြင့် ဒီရည်မှန်းချက်ကို မရောက်နိုင်ဘူး” ဟု သတင်းထောက်များကို ပြောသည်။
လက်ရှိ လွှတ်တော် ဒုတိယ သက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီး အဆိုတင်သည့် အချိန်မှ စတင်ကာ တပ်မ တော်က ကန့်ကွက်ခဲ့ပြီးနောက် ဆွေးနွေးသည့် ကာလတွင်လည်း လွှတ်တော်တွင်း အပြန်အလှန် ကန့်ကွက်မှုများဖြင့် ပွတ် တိုက်မှုများ ရှိခဲ့ကာ လက်ရှိ မဲခွဲသည့်ရလဒ်များတွင်လည်း ပုဒ်မ အားလုံးနီးပါး မူလအတိုင်း ထားရှိရန်သာ အဖြေထွက်ခဲ့ သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက “သဘောပြော ရရင်တော့ နားပင်းတဲ့သူ နှစ်ယောက်က စကားပြောနေကြတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့။ တယောက်နဲ့တယောက် အထာ မပေါက်သလို ဖြစ်နေတယ်။ အဲဒီတော့ ရလဒ်ကောင်းကတော့ ထွက်မလာတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။
အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ယနေ့ မဲခွဲရာတွင် ဗိုလ်မှူးချုပ် အောင်ဆန်းချစ်နှင့် ဦးထွန်းထွန်းဟိန်တို့ တင် သွင်းခဲ့မှုမှ တိုက်ဆိုင်သည့် ပြင်ဆင်ချက် ဖြစ်သော ပုဒ်မ ၂၆၂ (က) (၁) ကို ပြင်ဆင်ရန် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် လွန်ခဲ့ပြီး ပြင်ဆင်ရန် အနိုင်ရရှိခဲ့သည်။
မတ် ၁၈ ရက် မဲခွဲမှုကို တက်ရောက်ခွင့် ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးအနက် ၆၂၉ ဦး တက်ရောက်ကာ မဲပေးခဲ့ခြင်း ဖြစ်ပြီးယခု အနိုင်ရရှိသည့် ပုဒ်မမှာ ပုဒ်မ ၄၃၆ (ခ)အောက်တွင် အကျုံးဝင်သောကြောင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် မလိုဘဲ တိုက်ရိုက် ပြင်ဆင်နိုင်မည် ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင် NLD ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး စုစုပေါင်း ကိုယ်စားလှယ်မှာ ၆၅၄ ဦး ရှိသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ပုဒ်မ၊ ပုဒ်မခွဲများကို ပြင်ဆင်မည်ဆိုပါက လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူမှသာ ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် NLD ပါတီ အပါအဝင် ပါတီပေါင်းစုံမှ ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ် အားလုံးအပြင် တပ်မတော်သား ကိုယ်စားလှယ်များကပါ သဘောတူ ထောက်ခံရမည် ဖြစ် သည်။
ဆက်စပ်ဖတ်ရှုရန်
ဖွဲ့ စည်းပုံ ပြင်ဆင်ရေး “ဘုံသဘောတူညီချက်” ရဖို့ လိုဟု တပ်မတော် ပြော
NLD ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်ဟု တပ်မတော်ပြော
လွှတ်တော်၌ မလျော်သြဇာသုံး ခြိမ်းခြောက် အနိုင်ကျင့်ခြင်းများ ပြုလုပ်၍ မရဟု NLD အမတ်ဆို