သတင်း

တပ်မတော်က ထောက်ခံ၍ “မသန်စွမ်း” စကားရပ် ပုဒ်မတခု ပြင်ဆင်နိုင်

တပ်မတော်သားများနှင့် ပတ်သက်ပြီး ပုဒ်မ ၃၄၄ ပါ “မသန်မစွမ်း” စကားရပ်အား “မသန်စွမ်း” ပြင်ဆင်ရန် NLD အဆိုပြုချက်အား တပ်မတော်က ထောက်ခံခဲ့သည့်အတွက် ယနေ့မဲခွဲရာ၌ ပြင်ဆင်ရန် အနိုင်ရခဲ့သည်။

ယနေ့တွင် ပုဒ်မ ၄၃၆ (ခ) နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုအား မဲခွဲရန် လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးအနက် ၆၃၁ ဦး တက်ရောက်ကာ မဲပေးခဲ့ကြပြီး “မသန်စွမ်း” စကားရပ် ပြောင်းလဲခြင်းမှ လွဲ၍ ကျန်ပုဒ်မများ ပြင်ဆင်ရန် ရှုံးနိမ့်ခဲ့သည်။

မတ်လ ၁၀ ရက်နေ့က မဲခွဲစဉ်ကလည်း “မသန်မစွမ်း” စကားရပ်အား “မသန်စွမ်း” ဟု ပြောင်းလဲရန် NLD က အဆိုပြုခဲ့သည့် ပုဒ်မ ၃၂(က)နှင့်(ခ) ပြင်ဆင်ချက်မှာ တပ်မတော်က ထောက်ခံခဲ့သည့်အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီး အနိုင်ရခဲ့သည်။

ယင်း ပုဒ်မ ၃၂ (က) နှင့် (ခ)သည့် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်ခဲ့သော်လည်း ပုဒ်မ ၄၃၆(က)နှင့် အကျုံးဝင်သည့် ပုဒ်မ ဖြစ်သည့်အတွက် ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရဦးမည်ဖြစ်သည်။

NLD ဘက်က ပြင်ဆင်ချက်များ ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းလိုပါက မဲဆန္ဒရှင် အနည်းဆုံး ၂၀ ရာခိုင် နှုန်းက တင်ပြရန် ပြင်ဆင်ချက်၊ စစ်ဘက်တရားရုံးများအား အခြေခံဥပဒေနှင့် စစ်ဘက်ဆိုင်ရာဥပဒေတို့နှင့် အညီသာ ဖွဲ့စည်းရန် ပြင်ဆင်ချက်၊ လက်နက်ကိုင်အဖွဲ့အားလုံးသည် တပ်မတော်ကွပ်ကဲမှုအောက်တွင် ရှိရမည့်အချက်နှင့် နိုင်ငံအား ပြည်တွင်း၊ ပြည်ပအန္တရာယ်မှ ကာကွယ်ရန် တပ်မတော်က ဦးဆောင်ရမည့်အချက်တို့ကို ပယ်ဖျက်ရန် အဆိုပြုချက်များ ရှုံးနိမ့်ခဲ့သည်။

ထို့ပြင် မည်သူ့ကိုမှ တရားရုံးချုပ် အမိန့်မရှိဘဲ ၂၄ နာရီထက် ပိုမိုချုပ်နှောင်ခြင်း မပြုရန်နှင့် ပြစ်ဒဏ်ကျခံရသူများ အား အများအကျိုး အတွက်ဆိုကာ ဥပဒေနှင့်အညီ ခိုင်းစေခြင်းကို ပယ်ဖျက်ရန် ပြင်ဆင်ချက်များလည်း ရှုံးနိမ့်ခဲ့သည်။

ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာမောင်သင်း တင်သွင်းသည့် ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စများအား ရွေး ကောက်ပွဲ ကော်မရှင် ဆုံးဖြတ်ချက် အပြီးအပြတ် မဖြစ်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ထံ အယူခံ ဝင်ခွင့် ရနိုင်စေရန် ပြင်ဆင်ချက်မှာလည်း ရှုံးနိမ့်ခဲ့သည်။

ထူးခြားချက်အနေဖြင့် ဒေါက်တာမောင်သင်း တင်သွင်းသည့် အခြေခံဥပဒေခုံရုံးအနေဖြင့် လွှတ်တော်နှင့် ပြည်ထောင်စု အဆင့် အဖွဲ့များ၏ ဆောင်ရွက်ချက်များအား အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ “အနက် အဓိပ္ပါယ် ဖွင့်ဆိုရန်” ပုဒ်မ ၃၂၂(ခ) ပြင်ဆင်ချက်မှာ ထောက်ခံမဲ ၃၀ မဲသာ ရရှိခဲ့သည့်အတွက် ကြံ့ခိုင်ရေးပါတီ၏ ပြင်ဆင်ချက်အား တပ်မတော်က ကန့်ကွက်ခဲ့ကြောင်း ယူဆရမည်ဖြစ်သည်။

 

ဆက်စပ်လင့်-

တပ်ကပြင်ချင်သည့် ပုဒ်မတခု အနိုင်ရ၊ တပ်သဘောထား မေးခွန်းထုတ်ခံရဖွယ်ရှိ

Loading