ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် စီးပွားရေး ထိခိုက်မှု ကုစားရန် အစိုးရက ကျပ် ၁၀၀ ဘီလီယံ မတည်ငွေအဖြစ် အသုံးပြု၍ ဦးစားပေး ကဏ္ဍများကို ထုတ်ချေးပေးသွားမည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ မတ် ၁၈ ရက်က ထုတ်ပြန်လိုက်သည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ အစည်းအဝေးကို မတ်လ ၁၈ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ဦးစားပေး ကဏ္ဍများဖြစ်သည့် လက်ခစား လုပ်ငန်းများ(CMP)၊ ခရီးသွား လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို မကြာမီ အချိန်၌ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျပ် ၁၀၀ ဘီလီယံသည် နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေ (Revolving Fund) ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေး ကျပ် ၅၀ ဘီလီယံ တို့ကို မြန်မာ့ စီးပွားရေးဘဏ်တွင် ထူထောင်မည် ဖြစ်သည်။
ဗိုင်းရပ်စ်ကြောင့် လတ်တလော စီးပွားရေး ထိခိုက်ခံရမှု အများဆုံး ကဏ္ဍများတွင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၊ SME စီးပွားရေး လုပ်ငန်းများ ဖြစ်ပြီး ယင်းတို့ကို ကုစားရမည့်ကဏ္ဍအဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး ကော်မတီ အတွင်းရေးမှူး ဦး အောင်နိုင်ဦးက “ချေးငွေကာလ ၁ နှစ်နဲ့ အတိုးနှုန်း ၁ ရာခိုင်နှုန်းပါ။ ချေးယူမည့်သူတွေ ကိုက်ညီဖို့ လိုအပ်တဲ့အချက်တွေ မကြာခင် ထုတ်ပြန်ပေးပါမယ်။ ကိုက်ညီသူတွေကို ချေးပေးနိုင်ဖို့ စီစဉ်ပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချေးငွေများ ထုတ်ချေးပေးရာတွင်လည်း ယခင်ကာလများတွင် အစိုးရက လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးသည့်အခါ ပေးရ သည့် အချက်များထက် အဆင့် နည်းပါးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လတ်တလောတွင် ပြည်သူများ သိရှိရန် ထုတ်ပြန်ချက်ကို အသိပေးလိုက်ခြင်း ဖြစ်ကာ နောက်ပိုင်းတွင် ထုတ်ချေးမည့် စည်းမျည်းများကို ဘယ်လို ပုံစံမျိုးဖြင့် ပေးမည်ကို ကော်မတီ၊ သက်ဆိုင်ရာဌာနများနှင့် အတည်ပြု လုပ်ဆောင်ပြီး ထပ်မံ ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
နိုင်ငံတော်နှင့် ဘဏ်များမှ လက်ရှိ ထုတ်ပေးနေသော ချေးငွေများပင်လျှင် စာရွက်စာတမ်း တောင်းဆိုမှုများသဖြင့် တကယ် တမ်း လုပ်ကိုင်နေသည့် SME လုပ်ငန်းများ လက်ထဲသို့ ရောက်မလာသည်များ ရှိနေကြောင်း လုပ်ငန်းရှင်များက ပြောဆို သည်။
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ငွေချေးတဲ့ လုပ်ငန်းအဆင့်ဆင့်တွေက အနည်းဆုံး ၃ လကျော်လောက် ကနေ ၆ လလောက်ထိ ကြာတယ်။ တကယ်တမ်း ရတော့လည်း လျှောက်ထားသူ ၁၀၀ မှာ ၁၀ ဦးလောက်ပဲ ရတယ်ဆိုတဲ့ သဘောရှိတော့ အခု နိုင်ငံတော်က ထုတ်ပေးမယ်ဆိုတဲ့ အပေါ်မှာလည်း ခရီးသွားလုပ် ငန်းဆိုရင် အခုတကယ် လုပ်နေတဲ့သူတွေရဲ့ လက်ထဲကို ရောက်ဖို့ အရေးကြီးပါတယ်” ဟု ထောက်ပြ ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “ဒါကို ၁ လ၊ ၂ လ၊ ၃ လ အချိန်အတွင်းမှာပဲ အားလုံးကို ချိန်ဆ လုပ်ပေးဖို့ ဖြစ်မှာပါ။ စည်းမျည်း စည်းကမ်းတွေကို အနည်းဆုံးနဲ့ အမြန်ဆုံး ထုတ်ပေးစေချင်တယ်” ဟု ပြောသည်။
ယခင်ပြုလုပ်ခဲ့သည့် အစည်းဝေးများတွင်လည်း တချို့လုပ်ငန်းရှင်များ အနေနှင့် ဧကထောင်နှင့်ချီ၍ မြေပိုင်ဆိုင်မှုများ မရှိ သည့်အတွက် အာမခံ အပေါင်ပစ္စည်းများ ပေးရန် မဖြစ်နိုင်ကြောင်း ယင်းထောက်ခံချက် မရှိ၍ အစိုးရ မကူညီပါက စီးပွား ရေး လုပ်ငန်းများ ထိခိုက်မှုများစွာ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က သိရသည်။
ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သုံးလ တကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များဖြစ်သည့်၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက် ဒုတိယပတ်နှင့် ဇွန် ၃၀ ရက် တတိယပတ်တွင်ပေးရမည့် ဝင်ငွေခွန်များကို စက်တင်ဘာ ၃၀ ရက်ထိပေးဆောင် နိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
သြဂုတ်လ နောက်ဆုံး ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကိုလည်း စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင် ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင် ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်ကုန်ထိ ကင်းလွတ်ခွင့်ပေးကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
You may also like these stories:
လစာမပေးဘဲ ထွက်ပြေးသူ အလုပ်ရှင်ကို အရေးယူပေးရန် အလုပ်သမားများ နေပြည်တော်တွင် လာရောက် တောင်းဆို
တရုတ်ပိုင် အထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းပိတ်လိပ်များ လေကြောင်းဖြင့် တင်သွင်း
COVID-19 ကြောင့် ဈေးဝယ်စင်တာများ ပိတ်သိမ်းရန်မရှိသေး