မကွေးအခြေစိုက် လေတပ်စခန်း၌ လက်နက်တပ်ဆင်နေစဉ် အစိတ်အပိုင်းတခု ချော်ထွက်လာပြီး ၆ဖာလုံ အကွာရှိ ဆားတိုင်ကန်ရွာမှ ဂိုဒေါင်တလုံးပေါ်သို့ ကျရောက်သဖြင့် အမျိုးသမီးတဦး ဒဏ်ရာရသည့် ဖြစ်စဉ်တခု မတ်လ ၁၇ရက်နေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။
ဒေသခံ ဦးတင်ရွှေက“မနက် ၇ နာရီခွဲလောက် ကျနော် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်တော့ ဘီးပေါက်တာ မဖြစ်နိုင်ဘူး။ တုန်ခါတဲ့အသံ ပါနေတော့ နည်းနည်း ထူးခြားတာကို သတိထားမိတယ်ဗျ။ နောက်တော့မှ လက်နက်ကျမှန်း သိတော့မှ ပိုပြီးတော့ လန့်သွားတာပေါ့။ ဂိုထောင်ပိုင်ရှင် ဦးဖိုးနီပြောပြတာ လေတပ်က လက်နက်ဆင်တုန်း ချော်ထွက်ပြီး ဂိုထောင်အမိုးကို လာမှန်တာတဲ့။ ဆားတိုင်ကန် တရွာလုံးကလည်း အသံကြီးက တုန်ခါ သွားတာပဲ ဆိုပြီး လန့်နေကြတာပေါ့ဗျာ” ဟု ပြောသည်။
ယင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး သာမန်(မစိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မှန်ကန်ကြောင်းနှင့် ဖုန်းဖြင့်မဖြေဆိုနိုင်သည့်အတွက် အသေးစိတ် သိရှိလိုပါက ရဲစခန်း တွင် လာရောက် မေးမြန်းနိုင်ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင်က ဧရာဝတီကို ပြောသည်။
မကွေး လေတပ်စခန်းမှ ပျက်စီး ဆုံးရှုံးမှု အားလုံးကို ပြန်လည် ပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရှိသည့် အမျိုးသမီးကို ဆေးရုံသု့ိ လိုက်ပါ ပို့ဆောင်ပေး၍ ဆေးကုသမှုစရိတ်နှင့် နစ်နာကြေးကိုလည်း တပါတည်းပေးခဲ့ကြောင်း ဂိုထောင်ပိုင်ရှင်နှင့် နီးစပ်သူ တဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို ဂိုထောင်ပိုင်ရှင်ရဲ့ သားပြန်ပြောပြတာတော့ လေတပ်က ယူနီးဖောင်းတွေနဲ့ ၁၅ ယောက် အယောက် ၂၀ လောက်ရောက်လာကြတယ်။ ပျက်စီးသွားတာတွေ အကုန်ပြန်ပြင်ပေးပ့ါမယ် ပြောတယ်။ ဒဏ်ရာရတဲ့သူကိုတော့ ဆေး ဖိုးနဲ့ နစ်နာကြေးပေးသွားတယ်တဲ့။ ငွေဘယ်လောက် ပေးသွားတယ်တော့ မသိရဘူး” ဟု ရှင်းပြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းကို မေးမြန်းရာတွင် မသိရှိသေးကြောင်း ဧရာဝတီကို ပြောသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်ကလည်း မကွေးလေတပ်စခန်းမှ တပ်မတော် လေယာဉ်နှစ်စီး လေ့ကျင့် မောင်း နှင်နေစဉ် မင်းဘူးမြို့ ဆားပွတ်ချောင်းတံတား အနီး တစီးပျက်ကျခဲ့ပြီး ကျန် ၁ စီးမှာ စကုမြို့နယ် သနပ်ပင်စုကျေးရွာ အနောက်ဘက်၌ ပျက်ကျမှု ဖြစ်ပွားခဲ့ကာ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့သလို နေအိမ်တွင် စာကျက်နေသည့် ပဉ္စမတန်း ကျောင်းသူတဦး လေယာဉ်အပိုင်းအစများ ထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
You may also like these stories:
စစ်တွေ ဆေးရုံရောက် ကျည်ထိ အမျိုးသမီး ၂ ဦးသေဆုံး
ကွတ်ခိုင်က မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိမှု အဓိကတရားခံများ ဖမ်းမိရေး အရေးကြီးဟုဆို