လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လည် ဖြုတ်ချနိုင်သည့် ပုဒ်မ ၃၉၆ (ခ) ကို ပြင်ဆင်ရန် ယနေ့ ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ အောင်မြင်မှု မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပုဒ်မမှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အား မဲဆန္ဒရှင်များက သဘောမကျပါက ထိုကိုယ် စားလှယ်ကို မဲဆန္ဒရှင်၏ အနည်းဆုံး ၁ ရာခိုင်နှုန်းမှ ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားနိုင်သည့် အချက် အား၂၀ ရာခိုင်နှုန်းက တိုင်ကြားနိုင်ရန် ပြင်ဆင်ရေး ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။
ထိုပြင်ဆင်ချက်ကို NLD ပါတီမှ ပြည်သူ့ လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ မဲခွဲရာတွင် ထောက်ခံမဲ ၄၀၉ မဲ၊ ကန့်ကွက်မဲ၂၁၈ မဲ၊ ပယ်မဲ ၄ မဲ တို့ဖြင့် ပြင်ဆင်ရေး ရှုံးနိမ့်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ဒေါက်တာ မြတ်ဉာဏစိုးက “ပြည်သူတွေ အနေနဲ့လည်း ချင့်ချိန် ကြည့်ကြပါ။ Rigt to Recall ကို ကျတော့ ၁ ရာခိုင်နှုန်းလို့ ထားတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ကျ တော့ ၇၅ ရာခိုင်နှုန်းလို့ ထားတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ အစွန်းတရားတွေက အလွန်များ တာပဲ” ဟု ပြောသည်။
Rigt to Recall လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းနိုင်သည့် မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း ဆို သည်မှာ အလွန် နည်းကြောင်း၊ ထိုကြောင့် ကန့်ကွက်မှုများ ရှိလာပါက လွှတ်တော်၏ ဥပဒေပြုရေး လုပ်ငန်း စဉ်များ နှောင့်နှေးနိုင် သောကြောင့် သင့်တော်သည့်၂၀ ရာခိုင်နှုန်း ဆိုသည်ကို ပြင်ဆင်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြ သည်။
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင် သင်းက “ကျနော်တို့ရဲ့ လုပ်ဆောင်ချက်ရယ်၊ ကျနော်တို့ရဲ့ ကိုယ်ကျင့်တရား၊ ကျနော်တို့ ပြည်သူပေါ်မှာ ထား တဲ့ဥစ္စာကို ကျနော်တို့ကို တင်းကြပ်လေ ပိုစောင့်ထိန်းရလေပဲ။ အဲဒါကြောင့် ၁ ရာခိုင်နှုန်းကို ကျနော်တို့က သ ဘောကျတယ်” ဟု ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထိုသို့ ပြဋ္ဌာန်းထားခြင်းမှာ မဲဆန္ဒရှင်တို့၏ အကျိုးကို ကောင်းမွန်စွာ သယ်ပိုးထမ်း ရွက်နိုင်စေရန် သတိပေးထားသည့် သဘောဖြစ်ပြီး မဲဆန္ဒရှင်များကို ပေးထားသည့် ကတိကဝတ်များ မဆောင် ရွက်ပေးနိုင်ပါက ရာခိုင်နှုန်းနည်းနည်းနှင့်ပင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းနိုင်သည့် ပြဋ္ဌာန်းချက် ဖြစ်၍ ထိုသို့ ဆက်ရှိသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “အမှန် တော့လည်း ၁ ရာခိုင်နှုန်းပဲဖြစ်ဖြစ် ၂၀ ရာခိုင်နှုန်းပဲ ဖြစ်ဖြစ် ဒါက ပြဿနာမရှိဘူး။ ပြဿနာရှိနေတာက ဥပဒေ ပြဋ္ဌာန်းဖို့ ဖြစ်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြန်လည် ရုပ်သိမ်းဖို့ ဥပဒေ မရှိသေးတော့ ရုပ်သိမ်းလို့ မရသေးဘူး ဖြစ်နေတယ်” ဟု ပြောသည်။
၎င်းသည်၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများကို ဆွေးနွေးရာ၌ ၂၀ ရာခိုင်နှုန်းကို သင့်လျော်သည်ဟု ထောက်ခံဆွေးနွေးခဲ့သူတဦး ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပေးပို့ခဲ့သော လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ် သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း (Right to Recall) ကို ပထမအကြိမ် လွှတ်တော် သက်တမ်းတုန်းက ဆိုင်းငံ့ ထားရန် မဲခွဲဆုံးဖြတ်ခဲ့ပြီး ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် လက်ရှိအချိန်ထိ အတည်ပြုနိုင်ရေး ဆောင်ရွက် ပြီစီးခြင်း မရှိသေးပေ။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ရွေးကောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ပရိတ် သတ်ကနေ ပြန်ခေါ်ဖို့ဆိုတဲ့ အဆိုပြုချက်ကို တင်တာကိုတော့ သဘောကျပါတယ်။ ဒါပေမယ့် ၁ ရာခိုင်နှုန်း ဆိုတာကတော့ အလွန် နည်းပါးလွန်း အားကြီးပါတယ်” ဟု ပြောသည်။
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်လာခဲ့မှုတွင် ယနေ့ ၈ ရက် မြောက်ထိ စကားလုံး အသုံးအနှုန်းနှင့်သာမန် ပြင်ဆင်ချက် စုစုပေါင်း ၄ ချက်သာ ပြင်ဆင်နိုင်သေးပြီး ပုဒ်မ အားလုံးနီးပါးကို မူလအတိုင်း ထားရှိရန်သာ အဖြေထွက်ခဲ့သည်။
ယနေ့ မဲခွဲမှုတွင် ပုဒ်မ ၃၃၄ ပါ “မသန်မစွမ်း” ဆိုသည့် စကားရပ်အား “မသန်စွမ်း”ဟု ပြင်ဆင်ရန် NLD ၏ အဆိုပြုချက်အား တပ်မတော်ကပါ ထောက်ခံခဲ့သည့်အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ဖြင့် ပြင်ဆင် နိုင်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးအနက် ယနေ့တွင် ၆၃၁ ဦး တက် ရောက်ကာ မဲပေးခဲ့ခြင်း ဖြစ်ပြီး ယခုအနိုင်ရရှိသည့် ပုဒ်မမှာ ပုဒ်မ ၄၃၆ (ခ) အောက်တွင် အကျုံးဝင်သော ကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် မလိုဘဲ တိုက်ရိုက် ပြင်ဆင်နိုင်မည် ဖြစ်သည်။
အခြား ပြင်ဆင်ချက်များ ဖြစ်သည့် လက်နက်ကိုင် အဖွဲ့များ အားလုံး တပ်မတော်လက်အောက်တွင် ရှိရမည် ဆိုသည့်အချက်နှင့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကာကွယ်ရေး တပ်မတော်က ဦးဆောင်ရမည်ဆိုသော အချက်များကို ပယ်ဖျက်ရန် NLD တင်သွင်းထားမှုလည်း ယနေ့ မဲခွဲရာတွင် ရှုံးနိမ့်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော်တွင် NLD ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စား လှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး စုစုပေါင်း ကိုယ်စားလှယ်မှာ ၆၅၄ ဦး ရှိသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ပုဒ်မ၊ ပုဒ်မခွဲများကို ပြင်ဆင်မည် ဆိုပါက လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူမှသာ ပြင်ဆင်နိုင်မည် ဖြစ်သောကြောင့် NLD ပါတီအပါအဝင် ပါတီ ပေါင်းစုံမှ ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ်အားလုံး အပြင် တပ်မတော်သား ကိုယ်စားလှယ်များကပါ သဘောတူ ထောက်ခံရမည် ဖြစ်သည်။
You may also like these stories:
ဖွဲ့စည်းပုံ ပြင်ဆင်ချက် ဆွေးနွေးမည့် တပ်ကိုယ်စားလှယ် စာရင်း ပြန်လည်ရုတ်သိမ်း
ဖွဲ့စည်းပုံ ပြင်ရေးမူကြမ်း ဆွေးနွေးမယ့် တပ်ကိုယ်စားလှယ်စာရင်း လျှော့ချခံရမလား