မြန်မာ့ စိန်တလုံးသရက် ဂျပန် ဝယ်မည်
ယခုနှစ် သရက်သီး ရာသီမှ စတင်ကာ မြန်မာနိုင်ငံမှ ထွက်ရှိသော စိန်တလုံးသရက်များကို တန်ချိန် ၁၂၀၀ အထိ ဂျပန်နိုင်ငံသားပိုင် YUKIOK Myanmar Co.Ltd မှ စတင် ဝယ်ယူရန် စာချုပ်ချုပ်ဆိုခြင်းများ လုပ်ဆောင်နေကြောင်း မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက သိရသည်။
“သရက်ပေါ်ချိန်က ဧပြီလကုန် မေလဆန်းလောက်ဆိုရင် ဈေးကွက်တန်းဝင် အရွယ်ပေါ့၊ အဲဒီအချိန် ထွက်မယ့် သရက်သီး တွေကို ဝယ်ဖို့ စာချုပ်နဲ့ ဝယ်တာပါ။ စိန်တလုံးသရက် ၁ မျိုးထဲကို ဝယ်တာပါ၊ နိုင်ငံတကာမှာ မြန်မာ့ သရက်သီးကို ဈေး ကွက် ၁ ခု အနေနဲ့ ထိုးဖောက်နိုင်ဖို့ လမ်းစပွင့်တာ ဖြစ်သလို သရက်စိုက်တောင်သူတွေ အနေနဲ့ ဝမ်းသာစရာ အခြေ အနေပါ” ဟု အသင်း၏ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။
“ဒီလထဲမှာပဲ ပထမဆုံးအနေနဲ့ မတ္တရာနယ်ထဲက မြောင်းသစ်ကျေးရွာက သရက်ခြံစိုက်တောင်သူတွေနဲ့ စပြီး စာချုပ် ချုပ် ခဲ့တယ်၊ ပြီးတော့ ကျောက်ဆည်၊ စဉ့်ကိုင်ဘက်နဲ့ မြင်းမူနယ်က ညောင်ပင်ဝန်းကိုလည်း စာချုပ် ချုပ်ဆိုပြီးပါပြီ၊ အခြားမြို့ တွေက သရက်စိုက်တောင်သူတွေနဲ့လည်း ဆက်ပြီး စာချုပ် ချုပ်ဆိုသွားဖို့ ရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
အဆိုပါဂျပန်ကုမ္ပဏီသည် ရန်ကုန်တွင် စက်ရုံတည်ဆောက်၍ မြန်မာ့စိန်တလုံးသရက်များကို ဝယ်ယူပြီး အနှစ် အဖြစ် ထုတ်ကာ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ကာ နိုင်ငံခြားဈေးကွက်သို့ တင်ပို့သွားမည် ဖြစ်သည်။
သို့ဖြစ်ရာ သရက်ထွက်ရှိသည့်ဒေသများမှ သရက်စိုက်တောင်သူများနှင့် ယခုလမှ စတင်၍ စာချုပ်ချုပ်ဆိုခြင်းများကို ပြုလုပ်နေလျက်ရှိကြောင်း၊ သရက်ဝယ်ယူခြင်းများကို မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူ၊ စစ်ကိုင်း၊ ချောင်းဦးမြို့နယ်များရှိ သရက်ခြံတောင်သူများဖြင့် စတင်၍ စာချုပ် ချုပ်ဆိုခြင်း များကို ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။
“အရင်က သရက်သီးကို တရုတ်ဈေးကွက် တခုထဲကို အဓိက အားကိုးခဲ့ရတာပေါ့၊ လာမယ့် သရက်ရာသီ အတွက်လည်း တရုတ်ဈေးကွက်ကို သွားဖို့အတွက် ပြင်ဆင်တာတွေ စနေပြီ၊ ဘာပဲဖြစ်ဖြစ် ဒီနှစ် ဂျပန်ဘက်ကပါ ဝယ်ယူဖို့ လုပ်လာပြီ ဆိုတော့ သရက်စိုက်တောင်သူတွေ လမ်းကြောင်းတခု ထပ်တိုးလာတဲ့အတွက် ဝမ်းသာစရာပါ”ဟု မြန်မာနိုင်ငံ သစ်သီး ဝလံ အသင်း ဥက္ကဋ္ဌ ကိုနေလင်းမောင်မောင်က ပြောသည်။
အဆိုပါဂျပန်ကုမ္ပဏီက သရက်စိုက် တောင်သူများထံမှ နှစ်ဦးသဘောတူ စာချုပ်ဖြင့် စိန်တလုံး သရက်သီးဝယ်ယူရာတွင် ၂၀၀ ဂရမ်မှ ၂၅၀ ဂရမ်အထိ အရွယ်အစား ၁ တန်လျှင် ကျပ် ၄သိန်း ၅သောင်း၊ ၂၅၁ ဂရမ်မှ ၃၀၀ ဂရမ်ထိ ကျပ် ၄သိန်း ၈သောင်း၊ ၃၀၁ ဂရမ်မှ ၃၈၀ ဂရမ်ထိ ကျပ် ၆သိန်း ၃သောင်း၊ ၃၈၁ ဂရမ်မှ ၄၅၀ ဂရမ်ထိ ကျပ် ၈သိန်း ၁သောင်း၊ ၄၅၁ ဂရမ်အထက်ကို ကျပ် ၉သိန်းနှုန်း သတ်မှတ်ကာ အရွယ်အစားပေါ် မူတည်၍ ဝယ်ယူမည်ဟု သိရသည်။
“ရာသီမစခင်ကတည်းက တရုတ်တွေ ကိုယ်တိုင်ဆင်းပြီး ခြံပြတ် လာဝယ်တာမျိုးတွေရှိတယ်၊ ဘယ်သူ ဝယ်ဝယ် ကျမတို့ ဈေးကောင်းကောင်း ရရင် ရောင်းမှာပေါ့၊ ဈေးကောင်းရဖို့ဆိုရင် အသီးလှိုင်ဖို့ လိုတာပေါ့၊ အခုမှ သရက်က ဖူးကာစဆိုတော့ ခန့်မှန်းလို့ မရသေးဘူး”ဟု ကျောက်ဆည်နယ်မှ သရက်ခြံစိုက်တောင်သူ ဒေါ်ရွှေဝင်းက ပြောသည်။
ထိုသို့ ဂျပန်က ဝယ်ယူမှုများ ရှိလာသည့် အတွက် သရက်စိုက်တောင်သူများအတွက် သရက်သီးဈေးကွက် ပိုကောင်း လာနိုင်ပြီး အခွင့်အလမ်းများလည်း ပိုမိုကောင်းမွန်လာနိုင်ဖွယ် အခြေအနေများဖြစ်ကြောင်း၊ သရက်စိုက် တောင်သူများ အနေဖြင့် ရရှိလာသည့် အခွင့်အလမ်းကို ရှေရှည်ကြည့်၍ မှန်ကန်သည့်နည်းလမ်းများဖြင့် ယုံကြည်မှုရရှိရန် လုပ်ဆောင်ဖို့ လိုအပ်သည်ဟု သရက်ခြံလုပ်ငန်းရှင်များက သုံးသပ်ပြောပြသည်။
“အဓိက ကျနော်တို့ဘက်က ယုံကြည်မှုကို တည်ဆောက်ပြီးတော့ လုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာ့သရက်သီးတန်ဖိုးက မြင့်လာတော့မှာပါ။ ဂျပန်ကုမ္ပဏီက ဝယ်လာတဲ့အပေါ်မှာ အရည်အသွေးပြည့်မီတဲ့ သရက်သီးတွေဖြစ်ဖို့ လိုတယ်။ အရည် အသွေး မကောင်းတဲ့ အသီးတွေနဲ့ အခြားသရက်သီးတွေ ရောညှပ်လိုက်မယ်ဆိုရင် အလားအလာက မကောင်းဘူး ဖြစ်သွားမယ်”ဟု မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက အတွင်းရေးမှူး ဦးကျော်စိုးနိုင်က သုံးသပ်သည်။
ဂျပန်ကုမ္ပဏီနှင့် တောင်သူများ နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုရာတွင် ရာသီဥတု ဆိုးရွားမှု (မိုးသီး ကြွေကျခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း)ကြောင့် သီးနှံပျက်မှုမှ လွဲ၍ သတ်မှတ်ထားသော သရက်သီးတန်ချိန်ကို တောင်သူများ အနေဖြင့် သတ်မှတ်ရက်အတွင်း ပြည့်မီအောင် ရောင်းချရမည် ဖြစ်သလို မရောင်းချနိုင်ပါက နောင်အခါတွင် ဝယ်ယူခွင့် လျှော့ချခြင်း(သို့) ဝယ်ယူခွင့် ရုပ်သိမ်းခြင်းတို့ကို ဝယ်ယူသူက ဆုံးဖြတ်နိုင်သည်ဟု သတ်မှတ်ချက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သရက်သီးထွက်ရာသီမှာ နှစ်စဉ်ပုံမှန်အားဖြင့် ဧပြီလမှ ဇူလိုင်လအထိ လှိုင်လှိုင်ပေါ်ပြီး စိန်တလုံး သရက်မှာ ဧပြီ နှင့်မေလတွင်သာ လှိုင်လှိုင်ပေါ်ကြောင်း သိရသည်။
မြန်မာ့သရက်သီး အမျိုးပေါင်းများစွာ ရှိသည့် အနက် စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် စသည့် သရက်သီး အမျိုးအစားများကို ပြည်ပနိုင်ငံများက အများဆုံး ဝယ်ယူမှုရှိပြီး စိန်တလုံးသရက်မှာ လူကြိုက်များ ဈေးကောင်းရသည့် သရက်မျိုးဖြစ်ကြောင်း သိရသည်။
You may also like these stories: