သတင်း

၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီကိုသာ ဝန်းရံမည်ဟု ကရင်နီလူငယ်ထု ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကယား(ကရင်နီ) ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီများကိုသာ ဝန်းရံသွား မည်ဖြစ်ကြောင်း ကရင်နီပြည် လူမျိုးစု လူငယ်ထုက ထုတ်ပြန်ကြေညာလိုက်သည်။

မတ် ၁၆ မှ ၁၈ ရက်အထိ ပြုလုပ်ခဲ့သော ကရင်နီပြည် လူမျိုးစု လူငယ်ထု တွေ့ဆုံနှီးနှောဖလှယ်ပွဲအပြီး အချက် ၅ ချက် ပါဝင်သည့် ကြေညာချက်တခုကို မတ် ၁၈ ရက်က သတင်းထုတ်ပြန်ခဲ့ရာတွင် ကယား(ကရင်နီ) ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီများကိုသာ ဝန်းရံမည်ဟု ထည့်သွင်း ဖော်ပြခဲ့သည်။

“လက်ရှိ ဝန်ကြီးချုပ်က သူ့ဘာသာ ဒေသန္တရအမိန့်တွေ ထုတ်ပြီး အရပ်ဖက်အဖွဲ့တွေကို ကန့်သတ်တာ၊ ဗိုလ်ချုပ်ကြေး ရုပ်ကိစ္စ၊ လူထုအသံကို နားမထောင်တဲ့ ကိစ္စတွေက လူငယ်တွေကို တော်တော်လေး စိတ်ပျက်သွားစေတယ်။ ဒါ ကြောင့် ၂၀၂၀ တော့ လက်ရှိ ဒေသခံတိုင်းရင်းသားပါတီက ပိုပြီးမှ ပြောလို့ဆိုလို့ကောင်းမယ်။ ဝန်းရံလို့လည်း သင့် တော်မယ် ဆိုပြီး အခုလို ဆုံးဖြတ်ခဲ့ကြတာပါ” ဟု ကရင်နီပြည် လူမျိုးစုလူငယ် ဦးဆောင်ကော်မတီဝင် နန်းရီက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အား ဒေသခံ တို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ပြီး ဝန်းရံခဲ့ကြသော်လည်း တကယ်တမ်း အာဏာရ လာသည့် အခါ ယုံကြည် မျှော်လင့်ချက်နှင့် တခြားစီ ဖြစ်ခဲ့ရကြောင်း ရှင်းပြသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ၂ ခုမှ ဒေသ အသီးသီးသို့ လာရောက် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ကိစ္စရပ်များကို ဝန်းရံပေးမည် ဖြစ်သကဲ့သို့ ထိုပါတီများကိုသာ မဲထည့်မည် ဆိုသည်အထိ ဆုံးဖြတ်ချက် ချထားသည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီအနေဖြင့် ကယန်းအမျိုးသားပါတီ(KNP) နှင့် ကယားပြည် နယ်ဒီမိုကရက်တစ်ပါတီ(KySDP) တို့ရှိပြီး အဆိုပါ ၂ ပါတီအနေဖြင့်လည်း မဟာမိတ်ဖွဲ့ထားကြောင်း သိရှိရသည်။

ယင်းပါတီများမှ ခေါင်းဆောင်များကလည်း ပြည်နယ် အခြေခံသည့် နိုင်ငံရေးစနစ် ထွန်းကားရေးအတွက် ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီများကိုသာ မဲပေးရန် မဲဆန္ဒရှင်ပြည်သူများကို တိုက်တွန်းထားသည်။

ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင် ကိုဒီးဒီ(ခ)စစ်မုန်းက “ကျနော်တို့ တိုင်းရင်းသား လူငယ်တွေကတော့ ကိုယ့်တိုင်းရင်းသားပါတီကို ဝန်းရံမယ်။ NLD က ကျနော်တို့ ရန်သူ မဟုတ်ဘူး။ ဒါပေမယ့် ၂၀၁၅ လိုတော့ ဝန်းရံမှာ မ ဟုတ်တော့ဘူး” ဟု ပြောသည်။

လက်ရှိ အာဏာရ NLD ပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်မည် ဆိုလျှင် ကြိုဆိုမည် ဖြစ်သော်လည်း NLD သည် မာနတက်သွားပြီဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအားဖြင့် နိုင်ပြီးသားဖြစ်ရာ ပူးပေါင်းလုပ်ဆောင်တော့မည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့က ပိုက်ဆံလည်း ရှိသွားပြီ။ အာဏာလည်း ရှိသွားပြီဆိုတော့ ကျနော်တို့ကိုလည်း မလိုတော့ဘူး။ လိုတာက ကိုယ့်တိုင်းရင်းသားပါတီ ဖြစ်တဲ့အတွက် လိုတဲ့နေရာ ကျနော်တို့ ဝင်ကူမယ်။ အရင် ၂၀၁၅ လို သူတို့ (NLD) မနိုင်ဖို့ လည်း လုပ်မယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် NLD ကို သင်ခန်းစာပေးချင်၍ ဖြစ်ပြီး ပထုတ်ရန် နှိပ်ကွပ်ရန် မဟုတ်ကြောင်း၊ ထင်ရာ မလုပ်တော့ဘဲ အကျပ်အတည်း ကာလတုန်းကကဲ့သို့ တိုင်းရင်းသားများနှင့် နီးနီးကပ်ကပ် ပြန်လည်ပေါင်းစည်း စေချင် ၍သာ ဖြစ်ကြောင်း ကိုဒီးဒီက ရှင်းပြသည်။

ကရင်နီပြည် လူမျိုးစုလူငယ်ထု တွေ့ဆုံနှီးနှောဖလှယ်ပွဲကို ကရင်နီပြည်၊ ဝမ်ငေါ့ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ကယား၊ ကယန်း၊ ကယော၊ ကော်ယော် (မိုနုမနော)၊ ယင်းတလဲ၊ ကရင်၊ နယ်စပ်ရောက် ကရင်နီလူငယ် ၂၆၀ ဦး တက်ရောက် ခဲ့ပြီး လူငယ်နှင့် နိုင်ငံရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ မူးယစ်ဆေးဝါး၊ အနာဂတ်မျှော်မှန်းချက်၊ ၂၀၂၀ ရွေးကောက်ပွဲ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲမှ ရရှိလာသည့် မူများနှင့် လုပ်ငန်းစဉ်များကို ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ကရင်နီ ပြည် လူမျိုးစု လူငယ် ဦးဆောင်ကော်မတီ တရပ်အား ကိုယ်စားလှယ် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်ဟုလည်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

လွိုင်ကော်မြို့ အခြေစိုက် Lain နည်းပညာ အထောက်အကူပြု အဖွဲ့၏ ခန့်မှန်းခြေ တွက်ချက်ထားသည့် စာရင်းအရ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ မဲပေးနိုင်သူ ဦးရေ ၂ သိန်း ဝန်းကျင်ရှိပြီး ပထမဆုံး မဲပေးမည့် လူငယ် ၃၀၀၀၀ ကျော်အပါအဝင် အသက် ၃၀ နှစ်အောက် လူငယ်ဦးရေ ၁ သိန်းကျော် ရှိကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ကယန်းအမျိုးသားပါတီ(KNP)၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP) အပါအဝင် ၉ ပါတီမှ ၁၅ ပါတီခန့်ထိ ရှိနိုင်ကြောင်းလည်း အဆိုပါအဖွဲ့က ခန့်မှန်းထားသည်။

You may also like these stories:

တပ်မတော်က ထောက်ခံ၍ “မသန်စွမ်း” စကားရပ် ပုဒ်မတခု ပြင်ဆင်နိုင်

ဝ ဒေသမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလား

ပြည်နယ် အခြေခံတဲ့ နိုင်ငံရေးစနစ် ထွန်းကားဖို့ ပြည်နယ်နိုင်ငံရေး ပါတီတွေကို မဲပေးဖို့ လိုတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading