န.ဝ.တ နှင့် န.အ.ဖ အစိုးရများ၏ တာဝန်အရ ဆောင်ရွက်ခဲ့မှုများအား နောက်ကြောင်းပြန် အရေးမယူရ ဆိုသည့်အချက်အား ပယ်ဖျက်ရန် NLD ပါတီ၏အဆိုပြုမှုမှာ ယနေ့မဲခွဲရာတွင် ရှုံးနိမ့်ခဲ့သည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န.ဝ.တ) နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) အဖွဲ့အစည်းတို့သည် ဖျက်သိမ်းခဲ့ပြီဖြစ်သည်။
ယနေ့ မဲခွဲမှုတွင် အသွင်ကူပြောင်းရေးကာလ ပြဌာန်းချက်များဖြစ်သည့် အခြေခံဥပဒေ အခန်း ၁၄ တခုလုံးအား ပယ်ဖျက်ရန်နှင့် နိုင်ငံတော်အလံ ပြောင်းလဲရန် အဆိုပြုချက်များအပါအဝင် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုလုံး ရှုံးနိမ့်ခဲ့သည်။
ယနေ့လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးရှိသည့်အနက် ၆၂၉ ဦး တက်ရောက်ကာ မဲပေးခဲ့ကြခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအား ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ အချက်ပေါင်း ၁၃၅ ချက်အား ၉ ရက်ကြာ မဲခွဲဆုံးဖြတ်ရာတွင် “အိုမင်းမစွမ်း”စကားရပ်အား “သက်ကြီးရွယ်အို”ဟုလည်းကောင်း၊ “မသန်မစွမ်း”စကားရပ်အား “မသန်စွမ်း”ဟုလည်းကောင်း၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးများခန့်ရာတွင် “ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲဖြစ်စေ” စာသားဖြုတ်ပယ်ရန်လည်းကောင်း စုစုပေါင်း အချက် ၄ ချက်သာ ပြင်ဆင်ရန် အနိုင်ရခဲ့သည်။
ယင်းသို့ အနိုင်ရသည့် အချက် ၄ ချက်ထဲမှ ပုဒ်မ ၄၃၆(က)တွင် အကျုံးဝင်သည့် ပုဒ်မ ၃၂ (က)နှင့်(ခ) ပါ “အိုမင်းမစွမ်း”စကားရပ်အား “သက်ကြီးရွယ်အို”ဟုလည်းကောင်း၊ “မသန်မစွမ်း”စကားရပ်အား “မသန်စွမ်း”ဟုလည်းကောင်း ပြင်ဆင်ရန်အချက် ပုဒ်မ ၂ ခုမှာ မဲခွဲအနိုင်ရထားသော်လည်း လူထုဆန္ဒခံယူပွဲ ကျင်းပရဦးမည်ဖြစ်သည်။
You may also like these stories:
လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းမှု ပုဒ်မ ပြင်ဆင်ခြင်း မအောင်မြင်
တပ်ကပြင်ချင်သည့် ပုဒ်မတခု အနိုင်ရ၊ တပ်သဘောထား မေးခွန်းထုတ်ခံရဖွယ်ရှိ
ဝန်ကြီးနှင့် ဝန်ကြီးချုပ်များအား ၅၉ (စ) ပြဌာန်းချက်နှင့် ကန့်သတ်ရန်ပြင်ဆင်ချက် မအောင်မြင်