ယခုလို ပွင့်လင်းရာသီ ခရီးသွားကာလများဆိုလျှင် ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ပြည်တွင်း ပြည်ပ ခရီးသွား အပြည့်နှင့် တိုးမပေါက်အောင် စည်ကားနေသည်ကို မြင်တွေ့နိုင်သည်။
ထိုအခြေအနေများကနေ ယခုမြင်ကွင်းကတော့ တခြားစီပင်။ လေဆိပ်များတွင် ခရီးသွားသူများ ခပ်ကျဲကျဲသာ တွေ့မြင်ရပြီး မဖြစ်မနေ သွားလာနေရသူများကလွဲ၍ ခြောက်ကပ်နေသည့် လေဆိပ်မြင်ကွင်းသည် ခေတ်အခြေအနေ မကောင်းမှန်း ထင်ဟပ်စေသည်။
ကမာ္ဘ့ကပ် ရောဂါ တခုဟု သတ်မှတ်လိုက်တဲ့ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) သည် ကမာ္ဘ့ ခရီးသွားလုပ်ငန်းနှင့်အတူ မြန်မာ့ ခရီးသွားလုပ်ငန်းကိုလည်း ထိုးနှက်နေလေသည်။
၂၀၂၀ ပြည့်နှစ်အစ ဇန်နဝါရီလအတွင်းပင်လျှင် ၁ ရက်ကို လူဦးရေ သောင်းနှင့်ချီ အဝင်အထွက် ရှိနေခဲ့သည့် ရန်ကုန် အပြည်ပြည်လေဆိပ်သည် ယခု ရက်ပိုင်းမှာတော့ လူရာဂဏန်းအောက်သာ ရှိတော့သည်။
ယခင်က လေယာဉ် စိစစ်ရန် လူတန်းရှည်ကြီးအထိ စောင့်ဆိုင်းရလေ့ ရှိသည့် လေကြောင်းလိုင်း ကောင်တာ သုံးပုံနှစ်ပုံ ပိတ်ထားလျက် ရှိပြီး တချို့ကောင်တာများတွင်လည်း တယောက်စ နှစ်ယောက်စ ဝန်ထမ်းများသာ ရှိတော့သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မတ်လ ၁၈ ရက် နေ့လယ်ပိုင်းက ရောက်ရှိခဲ့ချိန်မှာတော့ နေ့လယ် ၁၂ နာရီမှ ညနေ ၅ ဝန်းကျင်အတွင်း ဆိုက်ရောက်မည့် လေကြောင်းလိုင်း ခရီးစဉ် ၁၇ ခု ရှိခဲ့သော်လည်း ခရီးစဉ် ၉ ခု ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။
တရုတ်နိုင်ငံ ပြင်ပတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အရှိန်မတက်သေးသော ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပလေကြောင်းလိုင်းများ ဝင်ရောက်ခဲ့သော အကြိမ်ရေ(Flight frequency) သည် ၄၁၆၄ အထိရှိခဲ့ကာ ခရီးသည် ဝင်ရောက်မှုသည်လည်း လူဦးရေ ၅ သိန်း ၄ သောင်းဝန်းကျင် အထိ ရှိခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အရှိန်မြင့်လာနေပြီဖြစ်သော ဖေဖော်ဝါရီလအတွင်း ပြည်ပလေကြောင်းလိုင်းများ ဝင်ရောက် ခဲ့သော အကြိမ်ရေ (Flight frequency) သည် ၃၀၂၅ သို့ လျော့ကျသွားခဲ့ပြီး ခရီးသည် ဝင်ရောက်မှုသည်လည်း လူဦးရေ ၃ သိန်း ဝန်းကျင်သာ ရှိတော့သည်။
“ဒီလိုဝင်တာ လျော့သွားရင် လေယာဉ် မြေပြင် ဝန်ဆောင်မှုလုပ်ငန်း(Airport ground handling service)၊ အစားအသောက်ဝန်ဆောင်မှု(Airline catering services ) တွေ၊ လေယာဉ်ဆီလုပ်ငန်း၊ လေဆိပ်နဲ့ ဆက်စပ်နေတဲ့ တခြား လုပ်ငန်းတွေရဲ့ ဝင်ငွေ တွေ အကုန် ထိပြီပေါ့။ ခရီးသွားလုပ်ငန်းကတော့ ပြောစရာကို လိုမယ် မထင်ဘူး။ သူက အရင် ထိတာကို ” လေဆိပ် စီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်နေသည့် ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှုများကို ဆင်းသက်ပါက ပေးဆောင်ရသော ဝန်ဆောင်ခများနှင့် မြန်မာ့ လေပိုင်နက် (Over Fly) ကို ဖြတ်သန်းသော ပြည်ပလေကြောင်းလိုင်းများထံမှ ကောက်ခံရရှိသော နိုင်ငံ့ဝင်ငွေများလည်း လျော့ကျသွားနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
ယခင်နှစ်များတွင် မြန်မာ့လေပိုင်နက်ကို ဖြတ်သန်းပျံရာတွင် ကောက်ခံရရှိသော ဝင်ငွေသည် တနှစ်လျှင် အမေရိကန်ဒေါ် လာ သန်း ၁၀၀ ကျော် အထိ ရှိသည်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ခရီးသွားများ ဝင်ရောက်မှု လျော့ကျသွားခဲ့သလို မြန်မာနိုင်ငံ အနေဖြင့် ဗီဇာကြေး ကောက်ခံ ရရှိသည့် ဝင်ငွေများလည်း လျော့ကျတော့မည် ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု ဇန်နဝါရီလထက် လူဦးရေ ၂ သိန်းခန့် လျော့ခဲ့ပြီး ယင်းခရီးသွားများထဲတွင် ဆိုက်ရောက် ဗီဇာဖြင့် ဝင်ရောက်မှု ခရီးသည် ၁ သိန်းသာ ပါဝင်ခဲ့ပါက ထို ၁ လလျှင် အမေရိကန်ဒေါ်လာ ၅ သန်း ဆုံးရှုံးမည် ဖြစ်သည်။ (ခရီးသည်တဦးကို ဆိုက်ရောက်ဗီဇာကြေးသည် အမေရိ ကန် ဒေါ်လာ ၅၀ ဖြစ်သည်)
ကိုရိုနာဗိုင်းရပ် ဂယက်သည် ပြည်ပနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်မှု လျော့နည်းခြင်း အပြင် ပြည်တွင်းမှ ခရီးသွားများ ကိုလည်း ပြည်ပခရီးသွားခြင်းနှင့် ပြည်တွင်း၌ပင် လှည့်လည် သွားလာခြင်းတို့ကိုပါ ကျဆင်းနေသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ကိုရိုနာ ဗိုင်းရပ်စ် အန္တရာယ်ကြောင့် ခရီးသွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြည်ကြရန် သတိပေး ပြောဆိုထားသည်။
ယခုလို ကာလအတွင်း ခရီးသွားများ မရှိသည့်အတွက် ပြည်တွင်းလေကြောင်းလိုင်းများ၏ အကျပ်အတည်းသည်လည်း မသေးလှပေ။
“အခုက ခရီးသည်တွေ နည်းသွားတဲ့အပြင် စောင့်ကြည့်တဲ့ အချိန်ကလည်း ၁၄ ရက်ဖြစ်နေတာကို။ ဒီမနက် (မတ် ၁၈) ဆိုရင် စင်ကာပူကို အသွား ၁၀ ယောက် အပြန် ၄၀ ပဲရှိတယ်။ လေကြောင်းလိုင်းတွေက ဒီ ဗိုင်းရပ်စ်က အကုန်ထိကြတာလေ ရပ်တည်ဖို့ကို တော်တော်ကြီးကို ပြန်လုပ်ယူကြရလိမ့်မယ်” ဟု မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။
ယခင်က ယခုလို ခရီးသွားကာလ အတွင်း မြန်မာ့အမျိုးသား လေကြောင်းလိုင်း (MNA)သည် ပုဂံ- ညောင်ဦးနှင့် အင်းလေး ခရီးစဉ်များ အပါအဝင် ပြည်တွင်းပြည်ပ ခရီးစဉ်များကို တရက်လျှင် ခရီးသွား ၆ ထောင်ခန့်ကို ဝန်ဆောင်မှု ပေးလျက်ရှိပြီး ယခုတွင် ခရီးသည် ၃၅၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း သိရသည်။
ယင်းသို့ ခရီးသွား ၂၅၀၀ လျော့ကျခြင်းအတွက် ခရီးသည် တယောက်ကို လေယာဉ်လက်မှတ်ခ ကျပ် တသိန်းနှုန်းဖြင့် တွက်ချက်ကြည့်ပါက ၁ ရက်လျှင် ကျပ် ၂ ဒသမ ၅ ဘီလီယံ ဆုံးရှုံးနေပြီဖြစ်သည်။
ထို့သို့ အခြေအနေများသည် အချိန်အားဖြင့် ၁ လဝန်းကျင်ထိ ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံမှ ပြည်တွင်း လေကြောင်းလိုင်းများသည် နိုင်ငံခြား လေယာဉ်ကုမ္ပဏီများမှ လေယာဉ်များ ငှားရမ်းပြေးဆွဲနေရခြင်းကြောင့် ထိုငှားရမ်းခစရိတ်သည်လည်း ယခုလို ဝင်ငွေလျော့ကျလာသည့် အခြေအနေတွင် ပိုမိုကြီးမားလာသည့် ဝန်ထုတ်ဝန်ပိုးအဖြစ် ရှိနေမည်ဖြစ်သည်။
ထိုအခြေအနေများကို အစိုးရပိုင် MNA လေကြောင်းလိုင်းအပြင် အခြား ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများလည်း ရင်ဆိုင်နေရသည်။
လက်ရှိအချိန်တွင် အစိုးရ လေကြောင်းလိုင်း MNA ၊ ပုဂ္ဂလိက လေကြောင်းလိုင်းများ ဖြစ်သော Air KBZ၊ Air ThanLwin အပါအဝင် လေကြောင်းလိုင်း ၅ ခု ခန့် သာရှိပြီး MNA လေကြောင်းလိုင်းက လေယာဉ်အရေအတွက် ၁၉ စင်းဖြင့် အများ ဆုံး ဝန်ဆောင်မှု ပေးနေသော လေကြောင်းလိုင်း ဖြစ်သည်။
လေဆိပ်စီမံခန့်ခွဲမှု နှင့် လုံခြုံရေးဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်နေသည့် ဧရာဝတီ၏ သတင်းရင်းမြစ်က “MNA အနေနဲ့ကတော့ National Flag Carrier ဖြစ်တဲ့အတွက် မြန်မာ အမျိုးသား လေကြောင်း ဥပဒေ Provisions တွေ အရ အရေးပေါ်ကိစ္စရပ်တွေ မှာ သက်သာခွင့်ရဖို့ စီမံ/ဘဏ္ဍာဝန်ကြီးဌာနဲ့ ညှိနှိုင်းလို့ ရပေမယ့် အစိုးရထောက်ပံ့ငွေ (State Subsidy) ယူလို့ ရတယ်လို့ တော့ ဥပဒေထဲမှာ မပါဘူး။ တခြားပုဂ္ဂလိက လေကြောင်းလိုင်းတွေ အတွက်တော့ အခုအခြေအနေက တော်တော်မလွယ်တဲ့ ကိစ္စပဲ” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ နိုင်ငံအနေနဲ့ ကလည်း တခြားတိုင်းပြည်တွေလို အရမ်းချမ်းသာတဲ့နိုင်ငံ မဟုတ်ဘူးလေ။ သူ့မှာလည်း ကျန်းမာရေးကိစ္စနဲ့ တခြားစီးပွားရေးကဏ္ဍကို ကုစားဖို့ကလည်း ရှိနေသေးတယ်။ နိုင်ငံတော်အနေနဲ့ကလည်း ကျန်းမာရေးကိစ္စကိုပဲ ဦးစားပေးလုပ်ရမှာပဲလေ ” ဟု ပြောဆိုသည်။
လက်ရှိ အချိန်တွင် ပြည်တွင်း လေကြောင်းလိုင်းများအပေါ် ရိုက်ခတ်မှုနှင့် ပတ်သက်၍ ဝန်ကြီးဌာန အနေဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို စီမံခန့်ခွဲမှုရရှိသော ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးပြီး လေယာဉ်ဆင်းသက်ရာတွင် ပေးဆောင်ရသော ဝန်ဆောင်ခများနှင့် လေယာဉ် ရပ်နားခနှုန်းများကို လျှော့ပေးရန် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေဝင်းက ဧရာဝတီသို့ ပြော သည်။
ဦးနေဝင်းက ဆက်လက်၍ “လေကြောင်းတွေ ဝင်တာ ကျဆင်းတယ်။ ခရီးသွားလာမှုတွေ ကျဆင်းတယ်ဆိုတော့ သူနဲ့ ဆက်စပ်တဲ့ နံပါတ် ၁ က လေကြောင်းလိုင်းတွေ ထိခိုက်မှုရှိတာပေါ့။ အခု ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ ထိခိုက်မှုတွေကို တွက်ချက်ပြီးတော့ တင်ပြခိုင်းထားတယ်။ သူတို့လည်း ငွေရေးကြေးရေး ကိစ္စရပ်တွေဆိုတော့ အချိန်တခုတော့ လိုမှာပေါ့။ သူတို့တွေဆီက တင်ပြလာတဲ့ အခြေအနေတွေကို ကြည့်ပြီး ဘယ်အတိုင်းအတာထိ ဘယ်လို ပြန်လုပ်ပေးလို့ ရမလဲ ဆိုတာ ဆုံးဖြတ်ချက်ရမှာပေါ့” ဟု ဆိုသည်။
လေကြောင်းလိုင်းများ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ခရီးစဉ်များ ကို ပြေးဆွဲသည့် အကြိမ်ရေ လျှော့ချခြင်းနှင့် ပြည်တွင်း ခရီးစဉ်များ၏ ဈေးနှုန်းလျှော့၍ ရောင်းချခြင်းတို့ လုပ်ဆောင်ပြီး ရေတိုကုစားနည်းများဖြင့် ဖြေရှင်းပေးနေသည်။
အဆိုပါ နည်းလမ်းသည် ရေတိုအားဖြင့် ကုစားနိုင်သော်လည်း ကိုရိုနာ ဗိုင်းရပ်စ် ပျံ့ပွားမှုနှုန်း မထိန်းချုပ်နိုင်ပါလျှင် အစိုးရ အနေဖြင့် မြန်မာ့ ခရီးသွားလုပ်ငန်း အနိမ့်ဆုံးအဆင့် ပြန်လည် ရောက်ရှိမသွားရေး ဝိုင်းဝန်း ကျားကန်ပေးရန်အတွက် လည်း ရေရှည်နည်းလမ်းများကို ကြိုတင်၍ စဉ်စားချိန်တန်ပြီ ဖြစ်လေသည်။
You may also like these stories:
MNA လေကြောင်း ရန်ကုန်- စင်ကာပူ ညနေပိုင်းခရီးစဉ်များ ရပ်နား
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်
အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်