သတင်း

သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး

Want create site? Find Free WordPress Themes and plugins.

သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်များ၌ ခရီးသွားရောက် လည်ပတ်ခြင်းများ မပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

ဒေါက်တာ ခင်ခင်ကြီး က “ခရီးသွားတာတွေ ရပ်နားထားသင့်တယ်။ ကိုယ့်ကားနဲ့ ကိုယ်သွားရမယ်၊ ဥပမာ နယ်က မိသားစု ရှိတဲ့ အိမ်သွားမယ်။ ဒါမျိုးကတော့ သိပ်ပြဿနာ မရှိဘူး။ ဒါက နမူနာ ပြောပြတာပေါ့။ ဒါကိုသွားရမယ်လို့ ပြောတာ မဟုတ် ဘူး။ အများသုံးကားတွေ၊ အလုံပိတ်ကားတွေ၊ လေယာဉ်တွေ၊ သင်္ဘောတွေ၊ ဒါတွေက အန္တရာယ် ရှိတယ်” ဟု ဆိုသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် လူစုလူဝေး ဖြစ်ပေါ်စေသည့် သင်္ကြန်ပွဲတော် အပါအဝင် အခမ်းအနား၊ ပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားရန် မတ် ၁၃ ရက်နေ့တွင် သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့သည်။

ဒေါက်တာ ခင်ခင်ကြီးက “လူစုလူဝေးတွေ မသွားရဘူး၊ မစုရဘူး ဆိုတာက နိုင်ငံတော် အစိုးရရဲ့ အကျိုးထက်စာရင် ပြည် သူပြည်သားတွေ တယောက်ချင်းစီရဲ့ အကျိုးအတွက် တားမြစ်ရခြင်း ဖြစ်တယ်” ဟု ဆိုသည်။

ထိုကဲ့သို့ သင်္ကြန်ပွဲကို မကျင်းပနိုင်တော့ခြင်းကြောင့် အပန်းဖြေခရီးစဉ် နေရာများ၌ လူအများအပြား စုပြုံလာနိုင်သည်ဟု ဆိုကာ ခရီးစဉ်များကို ဖျက်သိမ်းသူ တချို့လည်း ရှိနေသည်။

တာမွေမြို့နယ်တွင် နေထိုင်သူ မနုနုဝင်း က “ခရီးသွားဖို့က စီစဉ်ထားပြီးပြီ။ ဒါပေမယ့် သင်္ကြန်ကလည်း မလုပ်တော့ဘူးဆို တော့ လူတွေက ကိုယ့်ကားတွေနဲ့ကိုယ်ပဲ ဖြစ်ဖြစ်၊ ခရီးသွား ကုမ္ပဏီတွေကပဲ ဖြစ်ဖြစ်၊ လိုင်းကားတွေနဲ့ပဲ ဖြစ်ဖြစ်သွားကြ မယ်ဆိုရင် လည်ပတ်တဲ့ နေရာတွေမှာတော့ ဆုံကြမှာပဲ။ ကျန်းမာရေး ဝန်ကြီးဌာနက လူစုလူဝေးကို ရှောင်ပါကြေညာထား တော့ ကျမတို့လည်း မသွားရဲတော့ဘူး။ ကားငှားထားတာလည်း ဖျက်လိုက်ပြီ” ဟု ပြောသည်။

စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ မအိမွန်ဝင်းက “အခုက အခြေအနေ စောင့်ကြည့်နေတာ။ ခရီးသွား ကုမ္ပဏီကတော့ အစိုးရက ခရီးသွားခွင့်ပိတ်ရင် ငွေပြန်အမ်းမယ်တဲ့။ ဒီအခြေအနေအတိုင်းပဲ ဆိုရင်တော့ သွားမယ် ပြောတယ်။ သွားဖို့ မသွားဖို့က အခုထိ မသေချာသေးဘူး” ဆိုသည်။

ပွဲတော်များအပြင် ရန်ကုန်တိုင်း ဒေသကြီးရှိ ရုပ်ရှင်ရုံများ၊ ကာရာအိုကေဆိုင်များ၊ နိုက်ကလပ်များ၊ အနှိပ်ခန်းများ၊ ဗီဒီယိုရုံ များကို မတ်လ ၁၇ ရက်မှ စ၍ ပိတ်သိမ်းရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာထားသည်။

ထို့ပြင် မန္တလေးတိုင်း ဒေသကြီးတွင်လည်း နိုက်ကလပ်၊ KTV ၊ စင်တင်နှင့် ဘားများအား ယနေ့မှ စတင်ကာ ဧပြီလကုန် ပိုင်းအထိ ပိတ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ စတင် ဖြစ်ပွားခဲ့သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) သည် ယနေ့အထိ ကမ္ဘာ့နိုင်ငံ ၁၆၆ နိုင်ငံအထိ ပျံ့နှံ့လျက်ရှိပြီး သေဆုံးသူ ၈ ထောင်ကျော် ရှိနေပြီ ဖြစ်သည်။

ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက် ကပ်ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်က သတ် မှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 သံသယလူနာ ၂ ဦးနှင့် စောင့်ကြည့်လူနာ ၁၅၅ ဦး ရှိသည့်အနက် ပိုးမတွေ့လူနာ ၁၄၄ ဦး၊ ဓာတ်ခွဲစောင့်ဆိုင်းဆဲ ၁၃ ဦး ရှိကြောင်း မတ်လ ၁၈ ရက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်သည့် အချက် အလက်အရ သိရသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိသူ မရှိသေးကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like these stories:

ပဲခူးတိုင်း၌ သင်္ကြန်နှင့် ပွဲလမ်းသဘင် အခမ်းအနားများ မလုပ်ရန် ညွှန်ကြား

မန္တလေးရှိ နိုက်ကလပ်၊ ဘားများ ယနေ့မှစ၍ ပိတ်ရမည်

COVID-19 ကြောင့် ဈေးဝယ်စင်တာများ ပိတ်သိမ်းရန်မရှိသေး

Did you find apk for android? You can find new Free Android Games and apps.
Loading