ယခုလတ်တလော ဖြစ်ပေါ်နေသည့် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ထိခိုက်စရာ မရှိဘဲ ဆန္ဒမဲလက်မှတ်များကို အဖြူရောင် ပြောင်းလဲ အသုံးပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။
“အရင်က အရောင်က တံဆိပ်တွေ ရောနေတော့ အခု အဖြူရောင်ကို ရွေးထားတာပါ။ လိုဂိုတွေက အရောင်မျိုးစုံ ဖြစ်နေ တော့ လိုဂိုတိုင်းက ထင်ရှားသွားအောင်လို့ အဖြူရောင်ကို ရွေးတာပါ” ဟု ဦးမြင့်နိုင်က ယမန်နေ့က UEC ရုံးတွင် ပြုလုပ်သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အဝါရောင်ကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ အရောင်မျိုးစုံ ဖြစ်နေသည့် အတွက် ဆန္ဒမဲ လက်မှတ် အရောင်ကို အဖြူရောင် အဖြစ် ပြောင်းလဲ အသုံးပြုရခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရက် ကျင်းပမည့် ရက်ကို အခြေအနေများအပေါ် သုံးသပ်၍ သင့်တော်သည့် အချိန်တွင် ထုတ်ပြန်ကြေညာ ပေးသွားမည် ဖြစ်ကြောင်း လည်း ဆိုသည်။
ယခုလတ်တလော ဖြစ်ပေါ်နေသည့် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရွေးကောက်ပွဲကို ထိခိုက်စရာ မရှိကြောင်း၊ ရွေးကောက်ပွဲ ကာလအတွက် အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ဦးမြင့်နိုင်က ပြောသည်။
၎င်းက “ဒါကြောင့်များ ရွေးကောက်ပွဲ ပျက်လေမလား ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ ကိုယ်လုပ်သင့် လုပ်ထိုက်တာကို လုပ်မယ်။ ဒီဗိုင်းရပ်စ်ကို အတတ်နိုင်ဆုံး မရောက်နိုင်အောင် ကာကွယ်နေပါတယ်” ဟု ဆက်ပြောသည်။
ယခု မတ်လ ၃ ရက်နေ့အထိ ကောက်ယူထားသည့် အခြေခံ မဲပေးပိုင်ခွင့် ရှိသူ စာရင်းများမှာ ၃၇ သန်းကျော်ရှိပြီး၊ တပ်တွင်းမဲစာရင်းနှင့် ပြည်ပ ရောက်နေသူများ၏ စာရင်း ပါဝင်ခြင်း မရှိသေးကြောင်း ကော်မရှင်ထံမှ သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ၂ လနှင့် ၂၄ ရက် အလို နှင့် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ၄ လ အလို ရွေးကောက်ပွဲ ကျင်းပမည့် ရက်များကို ကြိုတင်ကြေညာနိုင်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသည့် နေရာများကို ထည့်သွင်း ဖော်ပြခဲ့ပြီး ကချင်ပြည် နယ်ရှိ မြို့နယ် ၁၁ ခု၊ ကရင်ပြည်နယ်ရှိ မြို့ နယ် ၇ ခု၊ ပဲခူးတိုင်းရှိ မြို့နယ်၂ ခု၊ မွန်ပြည်နယ်ရှိ မြို့နယ် တခု၊ ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၇ ခုတို့၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်သူ ၁၂၀၀ ခန့်၊ ပြည်ပ စောင့်ကြည့် လေ့လာသူ ၁ ထောင်ခန့်နှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ထောင်ပေါင်းများစွာက ကန့်သတ်ချုပ်ခြယ်မှု မရှိဘဲ၊ တပ်မတော် စခန်းဝင်း အတွင်း မဲရုံများတွင်လည်း အကန့်အသတ်မဲ့ လေ့လာ စောင့်ကြည့်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံက သိရသည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီကိုသာ ဝန်းရံမည်ဟု ကရင်နီလူငယ်ထု ထုတ်ပြန်
လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းမှု ပုဒ်မ ပြင်ဆင်ခြင်း မအောင်မြင်
အစိုးရတွေက COVID-19 ဒဏ်ချက်ကို ဘယ်လို အကူအညီတွေနဲ့ တုံ့ပြန်နေသလဲ