ဧရာဝတီတိုင်း ဒေသကြီးတွင်၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထား သော်လည်း လာရောက် ဖြေဆိုခြင်းမရှိသည့် ကျောင်းသား ကျောင်းသူ ၈ဝဝဝ ကျော် ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အခြေခံ ပညာဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက “ဒီနှစ်အတွက် ကျောင်းသားကျောင်းသူ ဦးရေ ၈၃၄၁ ဦး စာမေးပွဲ လာရောက် ဖြေဆိုဖို့ ပျက်ကွက်ပါတယ်။ ဖြေဆိုသူကတော့ စာမေးပွဲဖြေဖို့ လျှောက်ထားသူ အား လုံးရဲ့ ၉၁ ရာခိုင်နှုန်းကျော် ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အရေအတွက်အားဖြင့် စာမေးပွဲဖြေရန် လျှောက်ထားသူ ၁၀၃,၃၂၈ ဦး ရှိခဲ့ပြီး စာမေးပွဲကျင်းပချိန်တွင် ကျောင်းသား ကျောင်းသူ ၉၄၉၈၇ ဦး လာရောက် ဖြေဆိုခဲ့သဖြင့် ၉၁ ဒသမ ၉၃ ရာခိုင်နှုန်း စာမေးပွဲဖြေဆိုခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့ပညာပါရမီ အခမဲ့ပညာဒါန ကျောင်းအုပ် ဆရာကျော်နန္ဒက “ဒါက ကလေးတွေ ဘဝအတွက် အရေးကြီးတဲ့ စာမေးပွဲ ဖြစ်လို့ ပုံမှန် ကျောင်းတက်၊ ဘော်ဒါတက်ပြီး ပြင်ဆင်ခဲ့ကြတဲ့ ကလေးတွေက ဖြေကြပါတယ်။ ပျက်ကွက်သူ အရမ်းနည်းပါတယ်။ အရင်နှစ်တွေက ရှုံးနိမ့်ခဲ့ပြီး အလုပ်ခွင်ထဲ ရောက်နေတဲ့ ကလေးတွေကျတော့ ဖောင်တင်ထားပေမယ့် စာမေးပွဲချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် လာမဖြေနိုင်ကြတော့ဘူး။ ဒါကြောင့် ပျက်ကွက်သူ အများစုက အလုပ်ခွင်ထဲ ရောက်နေကြတဲ့ ကလေး အများစု ဖြစ်တာကို တွေ့ရပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဧရာဝတီတိုင်း၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ၈၈၅၇၁ ဦး ရှိခဲ့ပြီး ပျက်ကွက်သူ ၆၃၇၁ ဦး ရှ်ိခဲ့ကြောင်း သိရသည်။
လက်ရှိ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ပိုများလာခဲ့သလို စာဖြေရန် ပျက်ကွက်သူ အရေအတွက်လည်း ပိုများလာခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး မှတ်တမ်းများတွင် ဖော်ပြထားသည်။
ဧရာဝတီတိုင်း၌ စာမေးပွဲဖြေဆိုချိန် ကာလအတွင်း ထူးခြားဖြစ်စဉ် အနေဖြင့် ချော်လဲ၍ လက်ကျိုးသူတဦးကို ၉ တန်း ကျောင်းသား အကူအညီဖြင့် စာမေးပွဲဖြေခဲ့ရမှု ဖြစ်စဉ်နှင့် ဆိုင်ကယ်မှောက်၍ လက်ကျိုးခဲ့သဖြင့် အကူအညီရယူ ဖြေဆိုခဲ့ရ သည့် ဖြစ်စဉ်၂ ခု ရှိခဲ့ကြောင်း ဒု ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပြောသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်က စတင် ကျင်းပခဲ့ရာ မတ်လ ၁၈ ရက်တွင် သိပ္ပံနှင့် ဘောဂဗေဒ ဘာသာရပ်သင် ကျောင်းသားများ ဖြေဆို ပြီးစီးခဲ့ပြီး မတ်လ၂ဝ ရက်တွင် ဝိဇ္ဇာဘာသာရပ် သင်ကျောင်းသားများ ဖြေဆို ပြီးစီးပြီ ဖြစ်သည်။
You may also like these stories:
စာစစ်ဌာနများတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန် ပညာရေးဝန်ကြီးဌာန ညွှန်ကြား
တိုက်ပွဲကြောင့် ပလက်ဝမြို့ရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ
စာသင်ကျောင်း ဧရိယာ အနီး စစ်မတိုက်ကြရန် ပညာရေးဒုဝန်ကြီး မေတ္တာရပ်ခံ