ဆေးရုံများတွင် လူနာစောင့်များနှင့် ဧည့်သည်များ ဝင်ထွက်သွားလာမှုများကို စနစ်တကျ ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနက COVID-19 ရောဂါနှင့် ပတ်သက်ပြီး ဆေးရုံများတွင် ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်ချက်ကို မတ် ၁၈ ရက်က ထုတ်ပြန်ထားသည်။
ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒု ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး က “ဆေးရုံစောင့်တွေလည်း မလိုအပ်ဘဲ မထားနဲ့ပေါ့။ လူနာက မလှုပ်နိုင်ဘူး။ သူ့ကို ပြုစုကုသပေးမယ့်သူ လိုတယ်ဆိုရင်လည်း ၁ ယောက်ပေါ့။ အဲဒါကို လူတွေ အများကြီး သတင်းလာမေးတာတို့ကို ဒီအချိန်မှာ မလုပ်သင့်ဘူး ဆိုတာတော့ သိဖို့ ကောင်းပါတယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဒေါက်တာ ခင်ခင်ကြီး က “ဒီလို ဖြစ်နေတဲ့ အချိန်မှာ အသက်ကြီးတဲ့သူတွေ နဂိုရောဂါအခံ ရှိတဲ့ သူတွေက ကြိတ်ကြိတ်တိုး ဆေးရုံတွေမှာ လာနေတာတော့ မသင့်တော်ဘူးပေါ့။ ကိုယ့်ရဲ့မြို့၊ ကိုယ့်ရဲ့ ဒေသမှာ ရှိတဲ့ ဆေးရုံ၊ ဆေးခန်းမှာပဲ လိုအပ်တဲ့ ကုသမှုတွေ ခံယူမယ်။ အဲဒါတွေ အကုန်လုံးက ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” ဟု ဆိုသည်။
တိုင်းနှင့် ပြည်နယ် အနှံ့အပြားမှ လာရောက် ကုသသည့် လူဝင်လူထွက် များပြားရာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် လူနာ၊ လူနာရှင်များ နှင့် ပတ်သက်ပြီး အသိပေး ကြေညာချက်များ မတ်လ ၁၇ ရက်နေ့က စတင်ကာ ထုတ်ပြန်ထားသည်။
ထိုကြေညာချက်တွင် COVID -19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်သည့် ကာလ ဖြစ်သောကြောင့် လူနာနှင့် လူနာစောင့် ၁ ဦးမှ အပ မည်သူမျှ ဆေးရုံအတွင်းသို့ ဝင်ရောက် ခွင့်မပြုကြောင်း၊ လိုက်နာဆောင်ရွက်ပေးကြရန် အပြင် COVID -19 ကူးစက် ပျံ့နှံ့ နိုင်သည့် အန္တရာယ် ရှိသောကြောင့် လူနာနှင့် လူနာရှင်များ အားလုံး နှာခေါင်းစည်း တပ်ပြီးမှသာ အရေးပေါ် ဌာန အတွင်း သို့ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အသိပေးချက် ထုတ်ပြန်ထားသည်။
လူနာ နှင့် လူနာစောင့် ဧည့်သည်များအတွက် သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာစေရေး အသိပညာပေး ဆောင်ရွက်ရန်လည်း ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်တွင် ပါရှိသည်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အပြင် အခြား တိုင်းနှင့်ပြည်နယ်ရှိ ပြည်သူ့ဆေးရုံတွင်လည်း ဆေးရုံတွင်း လူဝင်လူထွက်များကို စိစစ်တင်းကြပ်လျက်ရှိကြောင်း စုံစမ်း သိရသည်။
“မနက်ကစပြီး ဆရာဝန်တွေက လူတွေကို ကန့်သတ်လိုက်တယ်။ အချိန်နဲ့ပဲ တွေ့ရတော့တယ်။ အရင်ကတည်းက ဧည့်တွေ့ချိန်ပဲ တွေ့ရတာ ဖြစ်ပေမယ့် အခု ပိုကြပ်မတ်လာတယ်။ လူနာရှင်တွေကို အထဲမှာ သိပ်မနေခိုင်းဘူး။ ဒီရောဂါ (ကိုရိုနာဗိုင်းရပ်စ်) ကြောင့်ပဲ လုပ်တယ်လို့ ထင်တယ်။ ပိုပြီး စည်းကမ်း တင်းကြပ်လာတယ်” ဟု ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ် ပြည်သူ့ဆေးရုံရှိ အခြေအနေကို ဒေသခံံ ဒေါ်မိုးမိုးအေး က ရှင်းပြသည်။
ထို့ပြင် အသက်အရွယ် ကြီးရင့်သူများ နှင့် နဂို ရောဂါ အခံရှိသူများသည် လူအဝင်အထွက် များပြားရာ ဆေးရုံကြီးများသို့ သွားရောက်ခြင်းများကို ရှောင်ကျဉ်ကာ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင်ပင် လိုအပ်သည့် ကုသမှုများကို ခံယူ သင့်ကြောင်း ၎င်းက ပြောသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် လူစုလူဝေး ဖြစ်ပေါ်စေသည့် သင်္ကြန်ပွဲတော် အပါအဝင် အခမ်းအနား၊ ပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားရန် မတ် ၁၃ ရက်နေ့တွင် သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် COVID-19 သံသယလူနာ ၂ ဦးနှင့် စောင့်ကြည့်လူနာ ၁၇၃ ဦး ရှိသည့်အနက် ပိုးမတွေ့လူနာ ၁၅၇ ဦး၊ ဓာတ်ခွဲစောင့်ဆိုင်းဆဲ ၁၈ ဦး ရှိကြောင်း မတ်လ ၁၉ ရက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်သည့် အချက် အလက်အရ သိရသည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိသူ မရှိသေးကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံမှ စတင် ဖြစ်ပွားခဲ့သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) သည် ယနေ့အထိ ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံအထိ ပျံ့နှံ့လျက်ရှိပြီး သေဆုံးသူ ၈၇၇၈ ဦး ရှိနေပြီ ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက် ကပ်ရောဂါ (Pandemic) အဖြစ် မတ်လ ၁၁ ရက်က သတ်မှတ်ခဲ့သည်။
You may also like these stories:
ရောဂါရှိသူတွေ နယ်စပ်ပေါက်ကနေ ဝင်လာမှာ စိုးလို့ ပိတ်လိုက်တာ
COVID-19 ကြောင့် ရွေးကောက်ပွဲ မပျက်၊ ဆန္ဒမဲလက်မှတ်ကို အဖြူရောင်သုံးမည်