သတင်း

ချင်းပြည်နယ်အတွင်း AA စစ်ရေးလှုပ်ရှားမှု မပြုရန် CNF တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင် စစ်တပ်(AA) အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် စစ်ရေးအရ အခြေချ လှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုရန် ချင်းအမျိုးသား တပ်ဦး(CNF) က တောင်းဆိုလိုက်သည်။

မတ်လ ၁၆ ရက်မှ ၁၉ ရက်အထိ ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ CNF ၏ ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သည့် ညီလာခံ အပြီး ထုတ်ပြန်ချက် ၁ စောင်ထုတ်၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “AA အနေဖြင့် ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများ နေထိုင်ရာ ဒေသများတွင် စစ်ရေး အရ အခြေချ လှုပ်ရှားနေထိုင်ခြင်း လုံးဝမပြုလုပ်ရန် အလေးအနက်တောင်းဆိုသည်” ဟု ပါရှိသည်။

ကုလားတန်မြစ်ကြောင်း တလျှောက် တပ်မတော် စစ်ကြောင်း တပ်စွဲထားသည့် ပလက်ဝမြို့နယ် မီးဝကျေးရွာအနီး ဗျူဟာ ကုန်း ဝန်းကျင်၌ ပြီးခဲ့သော ဖေဖော်ဝါရီလ ၆ ရက်ကတည်းက တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA)တို့သည် နှစ်ဖက် တိုက် ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေခြင်း ဖြစ်သည်။

လက်ရှိ မြန်မာ့ တပ်မတော်နှင့် Arakan Army အကြား ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခသည် ချင်းအမျိုးသားများ အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများ ရှိနေခြင်းကြောင့် ချင်းအမျိုးသားများ အတွက် အရေးပေါ် အခြေအနေရောက်နေပြီဟု မှတ်ယူကြောင်း ထို့ကြောင့် မြန်မာ့ တပ်မတော်နှင့် AA အနေဖြင့် ချင်းအမျိုးသား ပိုင်နက်နယ်မြေအတွင်း တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် ကိုလည်း တိုက်တွန်းတောင်းဆိုထားသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက် ကလည်း “အရင်တုန်းက ချင်းပြည်နယ် က အေးချမ်းတယ်။ AA ဝင်လာတဲ့အချိန်မှာ မအေးချမ်းဘူး ဖြစ်သွားတယ်။ တပ်ကတော့ သူရဲ့ နယ်မြေလုံခြုံရေးအရ အရင်ကတည်းက ရှိခဲ့တယ်။ AA ဝင်လာတဲ့အချိန်မှာ တပ်အင်အားလည်း တိုးလာတယ်။ AA ကလည်း တိုးလာပြီး တိုက် ပွဲတွေ ဖြစ်ကြတယ်။ အဲဒီတော့ လူထုက တော်တော်ကို အခက်အခဲ ပေါင်းစုံနဲ့ တွေ့ရတယ်” ဟု ပြောသည်။

ချင်းပြည်နယ်အတွင်းသို့ AA ဝင်ရောက်လာသည့် အချိန်မှစပြီး အုပ်ချုပ်ရေးစနစ် ပျက်ပြားကုန်ကြောင်း၊ ပြည်နယ်၏ စီးပွား ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး စနစ်များတွင်ပါ များစွာခက်ခဲသွားကြောင်း ဦးစိုးထက်က ထောက်ပြ ပြောဆို သည်။

ချင်းဒေသခံတဦး ဖြစ်သည့် ဆလိုင်းကျဲအိုသိခ်ထောင် ကလည်း ပလက်ဝမြို့သည် AA ဝင်ရောက်လာသည့် အချိန်မှ စ၍ မငြိမ်းချမ်းမှုများ ဖြစ်လာရကြောင်း၊ တိုက်ပွဲများကို ချက်ခြင်းရပ်စေလိုကြောင်း၊ AA အဖွဲ့ ပလက်ဝဘက်၌ အခြေချ နေထိုင် ခြင်း မပြုလုပ်ရန် လိုပါသည်ဟု ပြောသည်။

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကတော့ “ဒီဟာက သူတို့တွေးတာက ပြောင်းပြန်ဖြစ်နေတယ်လို့ ပြော ချင်တယ်။ အဓိက တိုက်ပွဲဖြစ်နေတာက မြန်မာ စစ်တပ်ကနေ တိုင်းရင်းသား ဒေသတွေကို ကျူးကျော် တိုက်ခိုက်လို့ တိုက် ပွဲ ဖြစ်တာ။ ဒါကို ချင်းပြည်သူတွေ အနေနဲ့ သေသေချာချာ မှန်မှန်ကန်ကန်တော့ ကျနော်တို့ မြင်စေချင်တယ်” ဟု ပြော သည်။

ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာလာကြပြီး ဆမီးမြို့သို့ လာရောက် ခိုလှုံ သူ စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀၀ ကျော်သွားပြီဟု ချင်းလူမှုအဖွဲ့အစည်း၏ မတ်လ ၂၀ ရက်အထိ ကောက်ခံထားသော စာရင်းအရ သိရသည်။

ပလက်ဝမြို့နယ်အတွင်းတွင် ကျေးရွာ ၄၀၀ ကျော် ရှိပြီး လူဦးရေ ၁ သိန်းကျော် နေထိုင်ကြကာ ထိုအထဲမှ လူဦးရေ ၆ သောင်းခန့် စစ်ဘေးဒဏ်သင့်နေသည်ဟု ချင်းပြည်နယ် အစိုးရ အဖွဲ့ထံက သိရသည်။

You may also like these stories:

တိုက်ပွဲများကြောင့် ဆမီးမြို့သို့ ခိုလှုံလာသော စစ်ဘေးရှောင် ၁၄၀၀ ကျော်ရှိ

တိုက်လေယာဉ် ပစ်ခတ်မှုကြောင့် ချင်းရွာသား ၂၁ ဦးသေဆုံးပြီးနောက် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရ

တိုက်ပွဲကြောင့် လုံခြုံရေး အာမခံချက် မရှိ၍ ပလက်ဝဆန်သယ်မည့် အစီအစဉ် ဆိုင်းငံ့

Did you find apk for android? You can find new Free Android Games and apps.
Loading