COVID-19 ဖြစ်ပွားမှုနှုန်းက တကမ္ဘာလုံး အတိုင်းအတာဖြင့် ဆက်လက်မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံ၏ National Medical Products Administration က Favilavir ဟုခေါ်သည့် ဆေးဝါးကို ပထမဆုံးသော ကုသဆေးအဖြစ် အတည်ပြုလိုက်သည်။ ထိုဆေးက ယခုအခါ ကမ္ဘာကပ်ရောဂါအဖြစ် ကြေညာထားပြီးသော ကူးစက်ရောဂါကို ကုသနိုင်ခြေ ရှိသည်ဟု ဆိုသည်။
သီတင်းပတ်ကုန်ရက်များအတွင်း တိုင်ကျိုးမြို့ အစိုးရက ကနဦးတွင် တရုတ်ဆေးဝါးကုမ္ပဏီတခုက ဖော်ထုတ်ခဲ့သည့် Favilavir က အသေအပျောက်များသော ဤရောဂါဆိုးပျံ့နှံ့ခြင်းကို ရပ်တန့်ရေးအတွက် ခွင့်ပြုသော ပထမဆုံး ဆေးအဖြစ် ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါဆေးကို Avigan အမှတ်တံဆိပ်ဖြင့် အရောင်းမြှင့်တင်နေသည်။
တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အဆိုအရ Zhejiang Hisun Pharmaceutical ၏ Favilavir ဆေးက (ကနဦး စမ်းသပ်မှုများတွင်) COVID-19 ကို ပျံ့ပွားခြင်းနှင့် ကမ္ဘာတလွှားမှ ပြည်သူများ၏ ကျန်းမာရေးကို နောက်ထပ် ထိခိုက်စေခြင်းတို့မှ တားဆီးရေးအတွက် ရလဒ်များ ထုတ်ပေးသော ဆေး ၃ မျိုး အနက်မှတခု ဖြစ်သည်။
အသေးစား ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိသည့်တိုင် ၎င်းက COVID-19 ကုသမှုများတွင် ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရပြီး နောက်ပိုင်းတွင် လက်တွေ့ စမ်းသပ်မှုများကို ရှင်ကျန်းနှင့် ကွမ်ကျိုး ပြည်နယ်များတွင် ပြုလုပ်ခဲ့ပြီး လူနာ ၇၀ ဝန်းကျင်ပါဝင်ခဲ့သည်။ လက်ရှိအချိန်တွင် Faviliavir နှင့် အလားတူဆေးများ ကို တရုတ်နိုင်ငံတွင် အမြောက်အများ ထုတ်လုပ်လျက်ရှိသည်။
Favilavir က ဘယ်လို အလုပ်လုပ်သလဲ
ထိရောက်မှု အလားအလာရှိနေပြီး လက်ရှိတွင် Favilavir ကို အမြောက်အများ ထုတ်လုပ်နေသော်လည်း ၎င်းကို Coronavirus အတွက် ထိရောက်သောကုသမှုအဖြစ် အမေရိကန် နိုင်ငံ အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှု (FDA) က အတည်ပြုပေးခြင်း မရှိသေးပါ။ မကြာသေးမီက ရေးသားခဲ့သော ဆောင်းပါးတွင် ဖော်ပြခဲ့သည့် အချက် ၃ ခုရှိပါသည်။ Coronavirus အတွက် အလားအလာရှိသော ဆေးနှင့် ပတ်သက်၍ အများပြည်သူသိထားသင့်သော အချက်များ ဖြစ်ပါသည်။
ပထမတခုမှာ Favilavir သည် RNA-dependant RNA polymerase သို့မဟုတ် RdRp ကို တားဆီးခြင်းဖြင့် RNA ဗိုင်းရပ်စ်များကို တိုက်ခိုက်သည့် ထိရောက်သော ဗိုင်းရပ်စ်နှိမ်နင်းဆေးအဖြစ် အလုပ်လုပ်ပါသည်။ ဒုတိယ အချက်မှာ ထိုဆေးကို ဂျပန်နှင့် တရုတ်နိုင်ငံတို့တွင် တုပ်ကွေးရောဂါအတွက် ထိရောက်သော ကုသမှုတခုအဖြစ် အဓိက အသုံးပြုကြသည်။ တတိယနှင့် နောက်ဆုံးအချက်မှာ COVID-19 ကို တိုက်ဖျက်ရာတွင် Favilavir က ထိရောက်မှု မည်မျှ ရှိမည်ဆိုသည်ကို ဖော်ထုတ်ရန် လက်ရှိအချိန်တွင် စမ်းသပ်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
အလားအလာရှိသောဆေး
ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံမှ အာဏာပိုင်များက COVID-19 ကုသရေးတွင် အသုံးပြုရန် ဗိုင်းရပ်စ်နှိမ်နင်းရေး ဆေးတခု ဖြစ်သည့် “Favilavir” အား အတည်ပြုခြင်းကို ပထမဆုံးအကြိမ် အဖြစ် ကြေငြာခဲ့သည်။ အတည်ပြုချက်၊ အထူးသဖြင့် National Medical Products Administration ၏ အတည်ပြုချက်က ဆက်လက်ဖြစ်ပွားနေဆဲနှင့် ပိုမိုဆိုးရွားလာနေသည့် ရောဂါဖြစ်ပွားမှုကို တုန့်ပြန်သည့် အနေဖြင့် စတင်ခဲ့သော လက်တွေ့စမ်းသပ်မှုများတွင် ဆေး၏ ထိရောက်မှုကို အခြေခံသည်ဟု ဆိုကြသည်။ ထိုဆေးကို မူလက “ထိပ်ကပ်နာ သို့မဟုတ် လည်ချောင်း သို့မဟုတ် နှာခေါင်း ရောင်ရမ်းခြင်း” ကို ကုသရန် ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်အတွက် ထိရောက်သော ဆေးတခု အနေဖြင့် နောက်ထပ် ရွေးချယ်စရာ တခု ဖြစ်သည့် Remdesivir ဟုခေါ်သော ဆေးကို အမေရိကန်နိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတခု ဖြစ်သည့် Gilead က ဖော်ထုတ်နေသည်။
ထိုဆေးကို မူလက အီဘိုလာ ဗိုင်းရပ်စ်ကုသရေး အတွက် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း Remdesivir က COVID-19 ကူးစက်ခံခဲ့ရသော အမေရိကန်နိုင်ငံသား တဦးကို ကုသနိုင်ခဲ့ကြောင်း သိရပြီး အဆိုပါ လူနာက အပြည့်အဝ ပြန်လည် ကျန်းမာလာခဲ့သည်။ လက်ရှိအချိန်တွင် လက်တွေ့ စမ်းသပ် ကုသမှုများ ပြုလုပ်နေဆဲ ဖြစ်သလို အီဘိုလာဗိုင်းရပ်စ် (သို့) COVID-19 ကို ကုသရန် ထိရောက်သော တရားဝင်ဆေးတခု အဖြစ် သတ်မှတ်ရန် အတည်ပြုချက် မရရှိသေးပါ။
ထိုအချိန်တွင် တောင်ကိုရီးယား ဆရာဝန်များကလည်း ဈေးကွက်တွင် “Kaletra” အမည်ဖြင့် ရောင်းချသည့် HIV ပေါင်းစပ် ဆေးဝါးဖြစ်သော Lopinavir plus ritonavir ကို အသုံးပြု၍ ၅၅ နှစ်အရွယ်လူနာတဦးကို COVID-19 ကုသရာတွင် အောင်မြင်မှု ရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။ တရုတ်နိုင်ငံမှ သုတေသီ အဖွဲ့များကလည်း ယခုအခါ အပြည့်အဝ ပြန်လည်ကျန်းမာလာကြသော ယခင် COVID-19 လူနာများကို ဗိုင်းရပ်စ်ပိုးကို ကုသရာတွင် အခြေခံအနေဖြင့် အသုံးပြုနိုင်ဖွယ်ရာရှိသည့် ၎င်းတို့၏သွေးရည်ကြည်များကို လှူဒါန်းရန် တောင်းခံခဲ့ကြသည်။
ကိုးကား။ ။ The Science Times ၏ ‘Favilavir’: First Approved Possible Drug to Treat Coronavirus
ဆက်စပ်လင့်
ပူသော ရာသီဥတုတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှုန်း နှေးကွေးနိုင်
ဝူဟန်သို့ ရှီကျင့်ဖျင် ပထမဆုံးအကြိမ် သွားရောက်