ကိုရိုနာဗိုင်းရပ် COVID-19 နှင့် ပတ်သက်ပြီး စောင့်ကြည့်လူနာ ၇ ဦးအထိ သေဆုံးခဲ့သော်လည်း ပြည်သူများ အနေဖြင့် စိုးရိမ်စရာ မလိုအပ်သေးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ပြောသည်။
ထိုသေဆုံးသူများကို COVID-19 ရှိမရှိ သေချာစွာ စိစစ်ခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကူးစက် ရောဂါ တိုက်ဖျက်ရေး ဌာနမှ ဒု ညွန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပြသည်။
အသက်ရှူ လမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ခံစားနေရသည် ဆိုလျှင်ပင် အမှားအယွင်း နည်းနိုင်သမျှ နည်း စေရန် သေချာစွာ စိစစ်လိုသည့် အတွက် ယခုလို စောင့်ကြည့်လူနာအဖြစ် ထားရှိစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက် ကပ် မကောင်းသော လူနာ၊ အဆုတ်ကင်ဆာ လူနာ စသဖြင့် ထိုလူနာများကိုပင် သေချာစိစစ် စစ်ဆေးခဲ့ခြင်းက နိုင်ငံ အတွင်း မဖြစ်ပွားသေးသည်ကို သက်သေပြလိုသည့်အတွက် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါက်တာ ခင်ခင်ကြီးက “COVID-19 မဟုတ်မှန်း ကျမတို့ သိတယ်။ ဒါပေမယ့် ကျမတို့က သက်သေပြချင်လို့ နမူနာ ယူစစ်တယ်။ COVID-19 တကယ်လို့ ရှိနေရင် သူ့ပတ်ဝန်းကျင်မှာ ထိတွေ့ခဲ့တာတွေ ထိန်းချုပ်နိုင်အောင်လို့ လုပ်ငန်း ဆောင်ရွက်တာ” ဟု ဆိုသည်။
၎င်းက ဆက်၍ “COVID-19 မပေါ်ခင်ကတည်းက နိုင်ငံတိုင်းမှာ အဆုတ်ရောဂါနဲ့ သေနေကြသူတွေက မနည်း မနောပါ။ အခုမှ ဖြစ်မလား ဆိုဖြစ်ကြတာ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေတောင် ပြန်ကောင်း လာတာတွေ ရှိ တယ်။ ၃ ပတ်၊ ၅ ပတ် ဆို ပြန်ကောင်းတာတွေရှိတယ်။ အဆုတ်မှာ ပိုးတွေ့တိုင်း ကိုရိုနာဗိုင်းရပ်စ် မဟုတ်ပါဘူး။ တချို့ဆို နမူနာယူတာမှာ ကိုရိုနာဗိုင်းရပ် အပြင် ရာသီတုပ်ကွေးပါ စစ်တာ။ ပေါ်တာပဲ။ ဒါဟာ ပြန်လှန်စစ်ဆေးတာ။ တကယ်လို့များ ကျမတို့ သုတေသန စစ်ဆေးဖို့ နမူနာယူတာမှာ မသေချာခဲ့ရင် ဒါတွေ ပေါ်စရာမရှိဘူး” ဟုလည်း ပြော ဆိုသည်။
Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်ကလည်း မြန်မာနိုင်ငံတွင် COVID-19 မတွေ့ရှိရသေး ဆိုသည့်အချက်ကို ထောက်ခံကြောင်း၊ ယခင် စတင်ဖြစ်ပွားချိန်က သံသယ ရှိသူများနှင့် ပတ်သက်ပြီး ခရီးသွားရာဇဝင်၊ ဖြစ်ပွားခံရသူများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် စသည်တို့ကို အလေးထား စစ်ဆေးခဲ့ သော်လည်း ယခုနောက်ပိုင်းတွင် အသက်ရှူ လမ်းကြောင်းပိုင်းဆိုင်ရာ ဆိုးဝါးသည့် လူနာများကိုပါ စောင့်ကြည့် စစ်ဆေးခဲ့သည့်အတွက် ယခုလို မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ များပြားလာရခြင်း ဖြစ်သည်ဟု ပြောသည်။
Marie Stopes International အဖွဲ့သည် နိုင်ငံတကာနှင့် ချိတ်ဆက်ကာ မြန်မာနိုင်ငံတွင် မျိုးဆက်ပွား ကျန်းမာရေး လုပ်ငန်းများနှင့် HIV/AIDS ပိုး ကူးစက်ခံရသူများကို ကူညီစောင့်ရှောက်ပေးနေသော အဖွဲ့တဖွဲ့ ဖြစ်သည်။
စောင့်ကြည့်လူနာ၊ သံသယ လူနာများနှင့် ထိတွေ့ဆက်ဆံခဲ့သူ ဆရာဝန်များ၊ မိသားစု၊ မိတ်ဆွေများတွင် ထပ်မံ စောင့်ကြည့် သံသယဖြစ်ဖွယ်ရာ ဖြစ်ရပ်များ ဖြစ်ပွားလာမည်ဆိုပါက မြန်မာနိုင်ငံတွင် မတွေ့ရှိ သေးသည် ဆိုသည့် အချက်ကို ပြည်သူအများ အနေဖြင့် သံသယဖြစ်သင့်သည်ဟု ဒေါက်တာ စစ်နိုင်က ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် လူတိုင်းကို လိုက်လံ စစ်ဆေးနိုင်သည့် အခြေအနေ မရှိသော်လည်း စိုးရိမ်ဖွယ်ရာ လူနာများ လွတ်မြောက်သွားမည့် အရေးကို သက်ဆိုင်ရာ အာဏာပိုင်များက စိတ်ပူပြီး စစ်ဆေးမှု များများလုပ်ရန် လိုအပ် ကြောင်း၊ ယခု သေဆုံးသူများက အဆုတ်ရောဂါဖြင့် သေဆုံးသူ များပြားနေသည် ဆိုသော်လည်း ယခင် အချိန်များက ပင် သေဆုံးခဲ့သူများ ရှိနေပြီး ဖြစ်သည့်အပြင် နောင်တွင်လည်း ထိုကဲ့သို့ ရောဂါများဖြင့် သေဆုံးသူများ ဆက်လက် ရှိနေဦးမည် ဖြစ်သည်ဟု သူက ဆက်ပြောသည်။
ဒေါက်တာ စစ်နိုင်က “စမ်းသပ် စစ်ဆေးမှုများ၊ နမူနာယူရာမှာ အားနည်းချက် ရှိနိုင်မလား ဆိုတာတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ မတွေ့သေးတာ ပြနေတာပဲ။ တကယ်လို့ တယောက်လောက်သာ တွေ့ကြည့်။ ဝက်ဝက်ကွဲ အောင် အစုလိုက် အပြုံလိုက်ကို ပျံ့နှံ့မှာပဲ။ ပိုးတွေ့ခဲ့သူနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်က လူတွေ အုပ်စုလိုက်ကို ဖြစ်မှာ။ အခုက ဒါတွေ မရှိသေးဘူး။ စမ်းသပ် စစ်ဆေးမှု အားနည်းချက် ရှိနေမယ်ဆိုတောင် သံသယရှိသူနဲ့ ထိတွေ့ခဲ့သူတွေ ဖြစ်ကိုဖြစ်လာမှာ” ဟုလည်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာများထဲမှ သေဆုံးသူ ၅ ဦးလုံးသည် COVID-19 မတွေ့ရှိဟု ထုတ်ပြန်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့က ထပ်မံ သေဆုံးခဲ့သည့် ပဲခူးတိုင်း ဖြူးမြို့နယ်မှ အသက် ၇၄ နှစ်အရွယ် အမျိုးသားနှင့် မင်းလှမြို့နယ်မှ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတို့ကို COVID-19 စစ်ဆေးရန် နမူနာပေးပို့ထားကြောင်း မတ်လ ၁၉ ရက်နေ့ ညက ပင် ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် စောင့်ကြည်လူနာ ၁၇၃ ဦး၊ သံသယလူနာ ၂ ဦးအနက်မှ ပိုးမတွေ့ရှိသူ ၁၅၇ ဦး၊ ဓာတ်ခွဲခန်းနမူနာ စောင့်နေသူ ၁၈ ဦးနှင့် ရောဂါသက်သာ ပျောက်ကင်းသဖြင့် ဆေးရုံဆင်းခွင့်ရသူ ၁ဝ၆ ဦး ရှိကြောင်း မတ်လ ၁၉ ရက်နေ့ က ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ အပါအဝင် လက်ရှိကမ္ဘာတွင် ၁၆၈ နိုင်ငံအထိ ကူးစက်ပျံ့ပွားနေပြီး ကူးစက်ခံရသူ ၂ သိန်းကျော် (၂ဝ၉၈၃၉ ဦး) အထိ ရှိနေကြောင်း၊ သေဆုံးသူ ၈၇၇၈ ဦး ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ကလည်း မတ်လ ၁၉ ရက်နေ့ညက သတင်း ထုတ်ပြန်သည်။
You may also like these stories:
ဆေးရုံ လူဝင်လူထွက်များ စနစ်တကျ ဆောင်ရွက်ရန် ကျန်းမာရေးဌာန ညွှန်ကြား
သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး
မန္တလေးရှိ နိုက်ကလပ်၊ ဘားများ ယနေ့မှစ၍ ပိတ်ရမည်