ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မီးဝဗျူဟာကုန်းကို သိမ်းပိုက်ရေး ကြိုးပမ်းနေသည့် ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များကို တိုက်ထုတ်နိုင်ပြီဖြစ်ကြောင်း တပ်မတော်က မတ်လ ၁၉ ရက်တွင် သတင်းထုတ်ပြန် ကြေညာလိုက်သည်။
“မီးဝဗျူဟာမှာ ပိတ်ဆို့ထားတဲ့ AA နဲ့ AA ရဲ့အမာခံတွေ ကတော့ ဆုတ်ခွာသွားပါပြီ” ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ဗျူဟာကုန်းအနီး တဝိုက်တွင် တိုက်ပွဲများ မရှိတော့သော်လည်း မတ်လ ၁၉ ရက်အထိ ပလက်ဝနှင့် မီးဝ ဗျူဟာ အကြား လမ်းကြောင်းတွင် ထိတွေ့တိုက်ပွဲ အချို့ ရှိနေဆဲ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
မီးဝဗျူဟာကုန်းသည် ပလက်ဝ-ကျောက်တော် လမ်းကြောင်းနှင့် မီးစာ-မတူပီ လမ်းကြောင်းဆုံရာ နေရာတွင် တည်ရှိပြီး ဒေသအတွင်း စစ်ရေးအရ အချက်အခြာကျသည့် စခန်းလည်း ဖြစ်ပြီး တပ်မတော်ဘက်က ထိန်းချုပ် ထားသည်။

အဆိုပါစခန်းကို ဖေဖော်ဝါရီလ ၅ ရက်တွင် AA အဖွဲ့က လူသူအင်အား အမြောက်အမြားဖြင့် ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး တပ်မတော်၏ ရိက္ခာထောက်ပံ့ရေး လမ်းကြောင်းများကိုလည်း ဖြတ်တောက် ထားကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
AA အဖွဲ့က ပိတ်ဆို့ထားသဖြင့် မီးဝဗျူဟာကုန်းရှိ တပ်မတော်စစ်သည်များကို တပ်မတော်ဘက်က လေကြောင်း မှ တဆင့် ရဟတ်ယာဉ်ဖြင့် ရိက္ခာ ထောက်ပံ့ ပေးခဲ့ရသေးကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
မီးဝဗျူဟာကုန်းကို စစ်ကူပေးရန် စေလွှတ်ခံရသည့် တပ်မတော်စစ်ကူ တပ်ဖွဲ့အချို့ကိုလည်း AA တပ်ဖွဲ့ဝင် များက ဝိုင်းပတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် အရာရှိ စစ်သည်အချို့နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ ကြောင်းလည်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မတ်လ ၁၁ ရက်တွင် မင်းပြား-ကျောက်တော်ဒေသ၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် မင်းပြား – ရာမောင်တံတားအနီး စုဖွဲ့နေသော တပ်ရင်းများကို မီးဝစခန်းသို့ ချီတက်စေခဲ့ရာ မင်းပြား- မြောက်ဦး- ကျောက်တော် လမ်းကြောင်းပေါ်ရှိ ပေါင်းတုတ်ကျေးရွာ၊ တိမ်ညိုကျေးရွာ၊ တောင်ဦး ကျေးရွာနှင့် သာစည် ကျေးရွာများ အနီးသို့ အရောက်တွင် AA တပ်ဖွဲ့ဝင်များက မိုင်းခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော် စစ်ကူတပ်ရင်းများက မတ်လ ၁၃ ရက်တွင် ပြိုင်းတိုင်းကျေးရွာနှင့် အနီးတဝိုက်၊ မတ်လ ၁၄ ရက်တွင် မုန့်သန်းပြင် ကျေးရွာနှင့် အနီးတဝိုက်တို့အား အသီးသီး ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ပြီး မြေပြင် တပ်ရင်း များ ပူးပေါင်းမိကာ မီးဝဗျူဟာကုန်းကို တိုက်ခိုက်နေသည့် AA တပ်ဖွဲ့များကို ပြန်လည်ဆုတ်ခွာရန် တိုက်ထုတ် နိုင်ခဲ့ကြောင်း တပ်မတော်က ဆိုထားသည်။
AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမူ ဗျူဟာကုန်းကို တိုက်ခိုက်သည့် စစ်ဆင်ရေးသည် အနိုင်၊ အရှုံး မကွဲပြားသေးကြောင်း၊ ၎င်းတို့တပ်များလည်း လုံးဝ မဆုတ်ခွာသေးကြောင်း ဧရာဝတီသို့ ပြောကြားသည်။
ခိုင်သုခ က “ဖြစ်နေတာက ဒီနေ့အထိဆိုရင် ရက်ပေါင်း ၄၀ ကျော်ပြီပေါ့။ တိုက်ပွဲကတော့ ဆက်ပြီး ဖြစ်နေတုန်းပဲ။ မြန်မာ စစ်တပ်ဘက်က ဆက်ပြီး ထိုးဖောက်ဖို့ ကြိုးစားတာ ရှိတယ်။ ကျနော်တို့ဘက်ကလည်း ဖြတ်တောက်တဲ့ စစ်ကြောင်းတွေကလည်း အပြင်းအထန် ဖြတ်တောက်တာပေါ့။ တိုက်ပွဲကတော့ နေ့တိုင်း နီးပါးဖြစ်နေတာပါ” ဟု ဆိုသည်။
တပ်မတော်ဘက်က မတ်လ ၁၉ ရက်အထိ တိုက်ပွဲကာလ တလျှောက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ဆောင်ရွက်နေကြောင်း ဦးခိုင်သုခက ဆက်လက်ပြောဆိုသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကမူ မီးဝဗျူဟာကုန်းသည် AA အဖွဲ့အတွက် စစ်ရေးအရ အရေးပါသဖြင့် စစ်သည် အင်အား ၃၀၀၀ ခန့်သုံးကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ၎င်းသိထားသည့် မြေပြင်သတင်းများကို ကိုးကား၍ ပြောသည်။
မီးဝဗျူဟာကုန်းကို ထိန်းချုပ်နိုင်မှသာ ပလက်ဝနှင့် ကျောက်တော်မြို့အကြား လမ်းကြောင်းကို ထိန်းချုပ်နိုင်မည် ဖြစ်သဖြင့် AA အဖွဲ့က အင်အား အမြောက်အမြားသုံးကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဒေါက်တာ မင်းဇော်ဦး က သုံးသပ်သည်။

၎င်းက “ဒီစခန်းကို ရအောင်လုပ်တယ်ဆိုတာသည် AA ရဲ့ ၂၀၂၀ မှာ မြောက်ဦးလို နေရာမှာ အခြေချနိုင်ရေး ဆိုတဲ့ဟာနဲ့လည်း သွားပြီး သက်ဆိုင်လိမ့်မယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီပလက်ဝ တခွင်ကို ထိန်းချုပ်နိုင်မှ ပလက်ဝနဲ့ လက်လှမ်းမီတဲ့ ကျောက်တော်တို့ မြောက်ဦးတို့ကို Admin Support ပေါ့။ ထောက်ပံ့ ရေးလမ်းကြောင်းတွေ ဖွင့်ပြီးတော့ သူတို့ လက်နက်ရိက္ခာ ပို့ပြီးတော့ နယ်မြေစိုးမိုးရေးကို လုပ်နိုင်မှာပေါ့” ဟု ပြောသည်။
လက်ရှိတွင် တပ်မတော်ဘက်မှ စစ်ကူများက ဗျူဟာကုန်းကို ပိတ်ဆို့ထားသည့် AA တပ်ဖွဲ့များကို ထိုးဖောက် နိုင်ခဲ့သဖြင့် ဗျူဟာကုန်းအခြေစိုက် တပ်မတော်စစ်သည်များသည် ထွက်ပေါက်ရသွားပြီ ဖြစ်ပြီး ဝိုင်းရံထားသည့် AA တပ်များသည် စစ်ကြောင်းများဖြန့်ကာ ပြန်လည် ဆုတ်ခွာသွားနိုင်ကြောင်း ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။
MIPS ၏ လေ့လာချက်အရ AA အဖွဲ့သည် တိုက်ပွဲ တခု အရေးနိမ့်သော်လည်း နောက်ထပ် စစ်ဆင်ရေးတခုကို လျင်မြန်စွာ စုဖွဲ့၍ စစ်ဆင်နိုင်သဖြင့် နောက်ပိုင်းတွင် AA အဖွဲ့၏ တကျော့ပြန် ထိုးစစ်ဆင်မှုများလည်း ရှိလာနိုင် ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ ပဲခူးတိုင်းအခြေစိုက် တပ်မ ၇၇ လက်အောက်ခံ ခမရ (၇) မှ အရာရှိစစ်သည် အချို့သည် AA တပ်ဖွဲ့ဝင်များ၏ ထိန်းသိမ်းမှု ခံလိုက်ရသည့် ဖြစ်ရပ် ဖြစ်ပေါ်ပြီးနောက်တွင် တပ်မတော်ဘက်ကလည်း စစ်ရေး အရှိန်မြှင့်တင်လာမည့် သဘောရှိကြောင်း ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။
ဒေါက်တာ မင်းဇော်ဦး က “တပ်မတော်ကလည်း စစ်ရေးအရ လိုက်တိုက်မယ်။ AA ကလည်း ထိုးစစ်တခု ဆင်ဖို့ ကြိုးစားမယ် ဆိုရင်တော့ ဒီအနေအထားတွေ သုံးသပ်တာတော့ ပလက်ဝခွင်ဘက်မှာ၊ ကျောက်တော်ခွင် ဘက်မှာ၊ ဘူးသီးတောင်၊ မြောက်ဦးဘက်တွေမှာရော လာမယ့် လတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ အကြီးအကျယ် ရှိလာမယ့် အလားအလာ ရှိပါတယ်” ဟု ပြောကြားသည်။
ဆက်စပ်လင့်
ကျောက်တော် ကုလားတန် မြစ်ကြောင်းအနီး ရွာများ လက်နက်ကြီးကျ၊ ၉ ဦး ထိခိုက်ဒဏ်ရာရ
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)
စစ်ပဋိပက္ခကြား မြေဇာပင် ဖြစ်သွားတဲ့ ပလက်ဝ