သတင်း

COVID-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဆေးဝါး ဈေးအပြောင်းအလဲ ဖြစ်နိုင်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု အခြေအနေကြောင့် ပြည်တွင်း၌ တချို့ဆေးပစ္စည်းနှင့် ဆေးဝါးများ ဈေးနှုန်း အနည်းငယ် တက်နိုင်ဖွယ် ရှိနေကြောင်း သိရသည်။

အထူးသဖြင့် COVID-19 ရောဂါနှင့် ပတ်သက်သော ကာကွယ်ရေးသုံး ဆေးပစ္စည်းများမှာ ဈေးနှုန်းအနည်းငယ် ပြောင်းလဲ မှု ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဒေါက်တာ ဝင်းကြိုင်က ပြောသည်။

၎င်းက “အခု နိုင်ငံတော်တော်များများက ထုတ်လုပ်ခွင့် ရပ်ဆိုင်းတာတွေ၊ ကုန်ကြမ်း ပြတ်လပ်တာ ရှိတယ်။ တချို့ကျတော့ သူတို့ ထုတ်လုပ်ပေမယ့် ပြည်ပကို တင်ပို့ခွင့် ယာယီပိတ်ထားတာတဲ့အခါ ဥပမာ-Mask တခုကို ကျပ် ၃၀၊ ကျပ် ၄၀ နဲ့ ဝယ် လို့ ရတာကနေ အရည်အသွေးပေါ် စကားပြောပြီး တခုကို ၆၅၀ ကျပ်၊ ၇၀၀ ကျပ် အထိ ဖြစ်ကုန်တယ်။ တချို့ ဝယ်ယူလို့ မရတဲ့ အနေအထားတွေ ရှိပေမယ့် ဈေးကွက်မှာ လုံးဝ ပြတ်သွားတယ်လို့တော့ မကြားရသေးဘူး။ ဒါက ဗိုင်းရပ်စ်ရဲ့ ရိုက် ခတ်မှုပါ” ဟု ပြောသည်။

COVID-19 ရောဂါသည် တကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သောကြောင့် စီးပွားရေးအရ ရိုက်ခတ်မှုရှိနေသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ဆေးဝါး၏ ၈၀ ရာခိုင်နှုန်းကို နိုင်ငံခြားမှ တင်သွင်းနေရသည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ ဝင်းကြိုင်က “ကုန်ပစ္စည်း သယ်ယူခတွေ ကတော့ ခါတိုင်းလို မဟုတ်ဘဲ လေယာဉ် ခရီးစဉ်တွေ လျှော့ချတဲ့ အတွက် လေကြောင်းလိုင်းတွေက ဝန်ဆောင်ခ ပိုယူတယ်။ အဲဒီတော့ ကျနော် သိရသလောက်တော့ အရင် တင်သွင်းရ တာနဲ့စာရင် သင်္ဘောခ၊ လေယာဉ်ခတွေက နှစ်ဆ သုံးဆလောက်တော့ စရိတ်က ပိုပြီးတော့ တက်လာတယ်။ ဒါကြောင့် ပြန်လည် ရောင်းချတဲ့ ဈေးတွေက နည်းနည်း ပါးပါးလေးတော့ အပြောင်းအလဲ ရှိနိုင်တယ်” ဟု ရှင်းပြသည်။

COVID-19 နှင့် ဆက်စပ်သည့် ဆေးပစ္စည်းများဆိုရင်လည်း ယခုအချိန်တွင် ဝယ်ယူ၍ မရသည့် အနေအထားတခုလည်း ရှိနေသောကြောင့် အသင်းအနေနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ လမ်းညွှန်မှုခံယူကာ ပူးပေါင်း ဆောင်ရွက်နေကြောင်း လည်း ၎င်းက ဆိုသည်။

ဒေါက်တာ ဝင်းကြိုင်က “ဈေးပြောင်းလဲနိုင်တာ ဆေးပစ္စည်းအားလုံးကို မဆိုလိုဘူး။ အဓိကတော့ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ခံစားရမယ့် ဝေဒနာတွေပေါ်မှာ သက်သာအောင် လုပ်မယ့် ဆေးတွေနဲ့ ခန္ဓာကိုယ် အသက်ရှူကြပ်တယ်၊ ဘာ ဖြစ်တယ်၊ ညာဖြစ်တယ် ဆိုရင် လိုအပ်တဲ့ဆေးတွေ၊ တချို့ အထောက်အကူပြု စက်ပစ္စည်းတွေ၊ ပါရာစီတမော့တွေ ဆိုရင် ပြောင်းလဲနိုင်တယ်။ ကုန်ကြမ်းတွေ ပြတ်တဲ့အတွက် ထုတ်လုပ်မှု စရိတ် တက်နိုင်တယ်” ဟု ပြောဆိုသည်။

လိုအပ်ချက်ရှိသော COVID-19 နှင့် ဆက်စပ်သည့် နှာခေါင်းစည်း (Surgical mask)၊ လက်သန့်ဆေးရည်၊ ပိုးသတ်ဆေး အစရှိသည်တို့မှာ ဈေးတက်နိုင်ပြီး သာမန်ရောဂါသုံး ဆေးမျိုးဖြစ်သော ဆီးချို၊ နှလုံး၊ သွေးတိုး အစရှိသည့် ဆေးဝါးမျိုး တို့မှာ လောလောဆယ် ဈေးတက်ရောင်းချခြင်းမျိုး မရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် Surgical mask များကို ပြည်သူများက အသုံးပြုကြလျက်ရှိရာ ဈေးကွက်အတွင်း၌ ပြတ်လပ် သည်အထိ ရောင်းချရခြင်း၊ ယခင် Mask ၁၀ ခုပါ ၁ ထုတ်လျှင် ၄၅၀ ကျပ်မှ ယခု ၁ ထောင်ကျပ်နှင့် ၁ ထောင် ကျော်ထိ ဈေးမြင့်တက်သွားကြောင်း ဝယ်ယူအသုံးပြုသူများက ပြောဆိုသည်။

ဒလမြို့နယ်တွင် နေထိုင်သူ မဖြိုး က “ကျမ နှာခေါင်းစီးတွေကတော့ အခု ဝယ်မရဘူး။ ပစ္စည်းပြတ်နေပြီ။ ကျမ ဝယ်တာက AA Family ဆေးဆိုင်မှာ ဝယ်တာ ၂ ပတ်ရှိနေပြီ။ ပစ္စည်းပြတ်နေပြီပဲ ပြောတယ်။ ဈေးလည်း နည်းနည်းတက်တယ်။ တချို့ဆေးဆိုင်တွေမှာလည်း ဝယ်လို့တောင် မရတော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် ဈေးကွက် လိုအပ်ချက်အရ မြင့်တက်နေသော နှာခေါင်းစည်းများ၊ လက်သန့်ဆေးများကို ဈေးကွက် စီးပွားရေး အရ ထိန်းချုပ်၍ မရသလို အကယ်၍ ထိန်းချုပ်လျှင်လည်း မှောင်ခိုဈေးကွက်တခု ဖြစ်လာနိုင်ကြောင်း ပြည်တွင်းဆေးလုပ် ငန်းရှင် တဦးက ပြောသည်။

မြန်မာနိုင်ငံသို့ တင်သွင်းနေသည့် ဆေးဝါးအများစုမှာ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများတွင် အခြေစိုက်ထုတ် လုပ်နေသော ဆေးကုမ္ပဏီများမှ ဆေးဝါးများ ဖြစ်သည်။

ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါနှင့် ကြုံလာသည့် အချိန်တွင် ဆေးဝါးတင်သွင်းမှု အခက်အခဲများ မဖြစ်ရန်နှင့် ပြည်တွင်းဆေး ဝါးများစွာ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သော ဥပဒေ၊ မူဝါဒများ ချမှတ်ရန် လိုအပ်ကြောင်းလည်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းက သိရသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 သည် နိုင်ငံအနှံ့အပြားတွင် ကူးစက်ပြန့်ပွားလျက်ရှိပြီး မြန်မာနိုင်ငံ ပြည်သူများ အနေဖြင့် လည်း စိုးရိမ်ပူပန်မှုဖြင့် ဆန်၊ ဆီ အစရှိသည့် အခြေခံ စားသောက်ကုန်များကို ပုံမှန်ထက် ပိုမိုဝယ်ယူ စုဆောင်းလျက် ရှိကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ကုန်စည် စီးဆင်းမှု ချောမွေ့စေ ရေး၊ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ရောင်းဝယ်နိုင်ရေး၊ ကုန်စည် စီးဆင်းမှု ချောမွေ့ စွာ ဆောင်ရွက်နိုင်ရေးနှင့် သတင်းမှန် ပြန်ကြားနိုင်ရေး အတွက် အသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်၍ ညီနောင် အသင်း များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိသည်။

ဆက်စပ်လင့်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ – အိန္ဒိယ နယ်စပ်ဂိတ်များ ရက်အကန့်အသတ်မရှိ ပိတ်

လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့

Did you find apk for android? You can find new Free Android Games and apps.
Loading