သတင်း

ကျောက်တော်တွင် လက်နက်ကြီးကျ၍ ၅ ဦးဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင်း  မတ်လ ၁၉ ရက်နေ့ ညက လက်နက်ကြီး ကျည်ကျမှန် ပေါက်ကွဲမှုကြောင့် ရခိုင်တိုင်း ရင်းသား ၂ ဦးနှင့် မွတ်ဆလင် ကျေးရွာသား ၃ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဒဏ်ရာရရှိသူများမှာ ကုလားတန်မြစ်ကြောင်းအနီးရှိ ဝက်မိုင်း ကျေးရွာရှိ လက်ခြမ်းမြီ ဆန်စက်တွင် အသက် ၅၃ နှစ်အရွယ် ဦးချမ်းစိန် ၊ အသက် ၅၀ အရွယ် ဦးအောင်ဇံ နှင့် ကျောက်တော်မြို့ ပိုက်သည် မွတ်ဆလင် ရပ်ကွက်မှ အသက် ၂၄ နှစ်အရွယ် ကိုဟယ်လာ၊ အသက် ၃၀ အရွယ် ဦးမူဟိဒီ၊ အသက် ၄၀ အရွယ် အရွယ် ဦးမာတူဆောင်းတို့ ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။

ဒဏ်ရာရရှိခဲ့သူ ဦးစိန်ချမ်း၏သား ကိုမြင့်စိုးက “ကျနော့်အဖေက မြစ်တဖက်ကမ်း ဝက်မိုင်းကျေးရွာရှိတဲ့ ဆန်စက်မှာ အလုပ်လုပ်နေတာ။ မနေ့က ( မတ် ၁၉ ရက်) ည ၁၂ ကျော်လောက်မှာ ဆန်စက်ကို လက်နက်ကြီး လာကျပြီး ထိတာ။ ကျနော် အဖေ ပြောပြတာကတော့ မြစ်ကြောင်းအတိုင်း တက်လာတဲ့ နေဗီကနေ အဖေတို့နေတဲ့ နေရာကို ပစ်လိုက်လို့ ထိတာလို့ ပြောတယ်” ဟု ပြောသည်။

ကျောက်တော်ဒေသခံများကတော့ မတ် ၁၉ ရက်ညပိုင်းက ပလက်ဝမြို့နယ်ဘက်သို့ ကုလားတန် မြစ်ကြောင်းအတိုင်း ဆန်တက်လာသော တပ်မတော်စစ်ရေယာဉ်များက ပစ်ခတ်မှုကြောင့် ထိုသို့ ကျေးရွာသားများ ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

ကျောက်တော်မြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ကျနော်တို့ သိရသလောက်ကတော့ မနေ့က (မတ် ၁၉ ရက်) ညက ဝက်မိုင်းကျေးရွာက လူတွေ ဒဏ်ရာကြတယ်လို့ ပြောတယ်။ မြစ်ထဲကနေ ပစ်တာလို့တော့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က‌‌တော့ မတ် ၁၉ ည ၁၂ နာရီ ၁၅ မိနစ်ခန့်က ကစ္ဆပနဒီတံတား ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်ရာ လူတချို့ကို တွေ့ရှိခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် များက ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင် ချိန်ကိုက် မိုင်း ၂ လုံး ကျန်နေခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ခဲ့သည်ဟု ပြောပြသည်။

စစ်တွေဆေးရုံသို့ ဒဏ်ရာများဖြင့် ရောက်ရှိလာသည့် ကိုဟယ်လာ/မင်းအောင်ခိုင်/ဧရာဝတီ

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “၁၂ နာရီ ၁၅ မိနှစ် လောက်မှာ ကျောက်တော် ကစ္ဆပနဒီတံတား အဲဒီအနီးနားမှာ မသင်္ကာဖွယ်ရာ လူတွေ တွေ့တယ်။ အဲဒီမှာ ကျနော်တို့ လုံခြုံရေး ယူနေတဲ့ တပ်ဖွဲ့တွေက ပစ်လိုက်တယ်။ ပစ်လိုက်တဲ့အခါမှာ ထွက်ပြေးတယ်။ ချိန်ကိုက်မိုင်း ၁ လုံး ကျန်ခဲ့တယ်။ အဲဒီချိန်ကိုက် မိုင်းက တံတားပေါ်မှာပဲ ကွဲတယ်။ နောက်ထပ် ချိန်ကိုက် မိုင်း ၁ လုံးက အဲဒီ တံတား ဟိုဘက် ပိုက်သည် ကျေးရွာ ဘက်မှာ ကွဲတာ ရှိတယ်။ အဲဒါနဲ့ ကျနော်တို့ စစ်သင်္ဘောတွေကလည်း မိုင်းကွဲတဲ့ နေရာတွေကို ပစ်ခတ်ရှင်း လင်းရတာ ရှိတယ်။ ကျန်တဲ့ ဒဏ်ရာရတာတွေ ဘာတွေကျတော့ ကျနော်တို့လည်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ ဒဏ်ရာရရှိသူ ၅ ဦးအနက် ညာဘက်ဒူးတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူ ဦးချမ်းစိန်နှင့် ဘယ်ဘက်လက်တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူ ကိုဟယ်လာတို့ကို ကျောက်တော်ဆေးရုံမှနေ တဆင့် စစ်တွေပြ ည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး အတွင်းလူနာ အဖြစ်တက်ရောက် ကုသနေရသည်။

ဒဏ်ရာရရှိခဲ့သူ ကိုဟယ်လာ၏ အစ်မ ဒေါ်ဖာတေလာက “ကျမ မောင်က မြစ်ထဲမှာ ပိုက်ချပြီးတော့ လှေပေါ်မှာ အိပ်ပျော်နေကြတဲ့အချိန် ည ၁၂ နာရီကျော်လောက်မှာ နေဗီ တက်လာတယ်လို့ ပြောတယ်။ နေဗီက ၇ စီးလို့ ပြောတယ်။ အဲဒီမှာ ကျည်ဆန်လာကျတာ။ ဘယ်လို ထိသွားမှန်းတော့ မသိဘူးလို့ပြောတယ်။ အဲဒီမှာ လှေ ၄ စီး၊ လူ ၄ ဦး ငါးရှာနေတယ်။ အားလုံး ၃ ဦးထိပါတယ်” ဟု စစ်တွေဆေးရုံ ရောက်ရှိလာစဉ် သတင်း မီဒီယာ များသို့ ဖြေကြားခဲ့သည်။

မတ်လ ၁၆ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်ကလည်း အဆိုပါ ကျောက်တော်မြို့နယ် ကုလားတန် မြစ်ကြောင်း အနီးရှိ ကျေးရွာများသို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်တိုင်းရင်းသား ၆ ဦးနှင့် မွတ်ဆလင် ကျေးရွာသား ၃ ဦး စုစုပေါင်း ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

You may also like these stoires:

တိုက်ပွဲများကြောင့် ဆမီးမြို့သို့ ခိုလှုံလာသော စစ်ဘေးရှောင် ၁၄၀၀ ကျော်ရှိ

ကျောက်တော် ကုလားတန် မြစ်ကြောင်းအနီး ရွာများ လက်နက်ကြီးကျ၊ ၉ ဦး ထိခိုက်ဒဏ်ရာရ

မြောက်ဦး တိမ်ညို စစ်ရှောင်စခန်း ပစ်ခတ်ခံရ၍ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရ

Did you find apk for android? You can find new Free Android Games and apps.
Loading