ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ရေဝန်ကြီးကျေးရွာတွင် နေအိမ်ပေါ် ၌ မစင်စွန့်သည့် ၂ နှစ်အရွယ် မိန်းကလေး ငယ်ကို ပထွေးဖြစ်သူမှ ရိုက်နှက်သဖြင့် သေဆုံးခဲ့မှု မတ်လ ၂ဝ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရေဝန်ကြီးကျေးရွာနေ အသက် ၂ နှစ်အရွယ် မမေမြတ်နိုးမှာ မတ်လ ၁၇ ရက် နေ့လည်က နေအိမ်ပေါ်တွင် မစင်စွန့်ချ သည့်အတွက် ပထွေးဖြစ်သူ အသက်၃၀ နှစ်အရွယ်ရှိ သိန်းခိုင်က ကလေးငယ်အား ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခြင်း၊ ခြေထောက်ဖြင့် ကန်ကြောက်ခြင်းများကြောင့် ဦးခေါင်းကို ပြင်းထန်စွာထိခိုက်မိပြီး မတ်လ၂ဝ ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးက အိမ်ပေါ်မှာ မစင်စွန့်တာကို ပထွေးဖြစ်တဲ့သူက ဝါးခြမ်းပြားနဲ့ ရိုက်တယ်။ ပြီးတော့ ခြေထောက်နဲ့ ကန်တာမှာ ကြမ်းပြင်နဲ့ခေါင်း ထိမိပြီးတော့ ဒဏ်ရာပြင်းထန်စွာရရှိပြီး အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးခဲ့တာပါ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပထွေး ဖြစ်သူကို ကျနော်တို့ လူသတ်မှုနဲ့ဖမ်းဆီးထားပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ပထွေးဖြစ်သူ သိန်းနိုင်၏ ရိုက်နှက်ကန်ကြောက်မှုကြောင့် မမေမြတ်နိုးမှာ ကြမ်းပြင်နှင့် ခေါင်းထိမိခဲ့ပြီး အခင်းဖြစ်နေရာတွင် သတိလစ်သွားခဲ့သဖြင့် မမေမြတ်နိုးကို ပိုးလောင်းတိုက်နယ်ဆေးရုံ၊ လပွတ္တာ ၃ မိုင် ဆေးရုံနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး စသည်ဖြင့် အဆင့်ဆင့် ပို့ဆောင်ကုသခဲ့သော်လည်း သတိပြန်မလည်ဘဲ ဦးခေါင်းညိုမဲ၊ ချက်၊ ရင်ဘတ်ညိုမဲ၊ ဆီးခုံနား ဖူးယောင်ဒဏ်ရာ ၁ ချက်စီဖြင့် မတ်လ ၂၀ ရက် နေ့လည်ပိုင်းက သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
“မိဘတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထဲမှာတင် ကလေးသူငယ်တွေရဲ့အခွင့်အရေးတွေ၊ ကလေးသူငယ်ဥပဒေကို သိနားလည်မှု အရမ်းအားနည်းနေပါတယ်။ ဒါကြောင့်လည်း ကလေးသူငယ်တွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းအခြေအနေတွေ ပေါ်ပေါက်နေတာ ဖြစ်တယ်။ အခုလိုစိတ်မကောင်းစရာ အဖြစ် အပျက်တွေ လျော့နည်းပပျောက်ဖို့ဆိုရင် မိဘအုပ်ထိန်းသူတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အသိပညာပေးမှု တွေလုပ်ဖို့ အများကြီး လိုအပ်နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောသည်။
မိမိ၏ဇနီးသည်ဘက်မှ ပါရှိလာသည့် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်ကို သတ်ဖြတ်မှုနှင့် ပတ်သက်၍ ပထွေးဖြစ်သူ သိန်းခိုင်ကို လပွတ္တာမြို့နယ်၊ ကန်ဘတ်နယ်မြေ ရဲစခန်းမှ (ပ)၅၀/၂၀၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းကလည်း လပွတာမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ တုနှိုင်းမမှီ ရခိုင်မုန်တီဆိုင်တွင် ပိုက်ဆံ ပျောက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ဆိုင်ရှင်အမျိုးသမီးက အသက် ၁၃ နှစ်အရွယ် ဆိုင်အလုပ်သမားကလေးငယ်တဦးကို ဓာတ်ဆီလောင်း မီးရှို့နှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
လပွတ္တာတွင် ကလေးလုပ်သားကို ဒီဇယ်လောင်းမီးရှို့သည့် ဆိုင်ရှင်အား အမှုဖွင့်