COVID – 19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် တပ်မတော်မှ အသင့်ပြင်ထားပြီး အကူအညီ ပေးနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆေးနှင့်ဆေးပစ္စည်းများ အဆင်သင့်ထားရှိကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
လတ်တလောတွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ ညွှန်ကြားထားခြင်း၊ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး စီမံချက် ရေးဆွဲဆောင်ရွက်ခြင်း၊ စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရောဂါ ဖြစ်ပွားလာပါက တပ်မတော်တွင်ရှိသော ဆေး ဘက်ဆိုင်ရာ အင်အားများကို အသုံးပြု၍ ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်သွားမည်ဟု သိရသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “COVID-19 ရောဂါနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့လည်း စီမံချက်များ စနစ်တကျ ရေးဆွဲ ထားရှိပြီး လက်တွေ့လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှုအားလုံးတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းစကားပါး လိုပါ တယ်” ဟုပြောသည်။

တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးရှိ ညွှန်ကြားရေးမှူး ဦးဆောင်၍ ရောဂါထိန်းချုပ်ရေး ဦးစီးကော်မတီ ဖွဲ့စည်းပြီး ပညာပေးခြင်း၊ နယ်ဘက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ရောဂါဖြစ်သူများကို ကုသပေးမည့် ဆရာဝန်များနှင့် သူနာပြု များကို လေ့ကျင့်ပေးမှုများ ပြုလုပ်နေပြီး တိုင်းစစ်ဌာနချုပ် အဆင့်များတွင် စောင့်ကြည့်ခြင်း၊ ထိန်းချုပ်ခြင်း၊ လျော့ပါး သက် သာစေခြင်း၊ ကုသပေးခြင်း ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
တပ်မတော်တွင်ရှိသော စစ်သူနာပြုများ၊ ဆရာဝန်အင်အားများ အရန်သင့် ပြင်ဆင်ထားပြီး တပ်မတော်သို့ အကူအညီ တောင်းလာပါက သီးခြား ခွဲထားရမည့် လူနာများအတွက် ဆေးရုံနေရာများ၊ သံသယရှိလူနာများ ထားရှိမည့် တပ်မတော် ဆေးရုံများကိုလည်း အသင့်ပြင်ထားကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာမည့် မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ရမည့် ၇၅ နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အခမ်း အနားကို ကြိုတင်ပြင်ဆင်မှု အားကောင်းကောင်းဖြင့် ခမ်းနားစွာကျင်းပရန် ပြုလုပ်ထားသော်လည်း ကမ္ကာ့ ကျန်းမာရေး အဖွဲ့ WHO ထုတ်ပြန်ချက်များ ထုတ်ပြီးနောက် တပ်မတော်အနေဖြင့် စံပြအဖြစ် ရပ်နားပြခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းကပြောသည်။
“တော်တော်ကို ကြိုတင်ပြင်ဆင်ထားတဲ့ ပွဲလည်း ဖြစ်တယ်။ အားခဲထားတဲ့ပွဲလည်း ဖြစ်တယ်။ ဘာဖြစ်လို့လည်း ဆိုရင် ငွေရတုတို့ ရွှေရတုတို့ စိန်ရတုတို့ ဆိုတာသည် ကြုံတောင့်ကြုံခဲတွေ ဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။
ရောဂါဖြစ်ပွားလာသည့် အချိန်တွင် အသုံးပြုရမည့် ဆေးဝါး ၅၈ မျိုးကို တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက် ခုတင် ၃၀၀ နှင့် အထက်ရှိသော ဆေးရုံများကို ဖြန့်ေ၀ ပေးထားပြီး ဆေးရုံသုံး ကာကွယ်ရေးပစ္စည်း ၄ မျိုးကိုလည်း ဆေးရုံ ၆၈ ရုံကို ထုတ်ပေးထားကြောင်း တပ်မတော်သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံအနက် ၁၇၇ နိုင်ငံတွင် COVID- 19 ရောဂါဖြစ်ပွားနေရာ မြန်မာနိုင်ငံ သို့လည်း ရောဂါ အချိန်အခါမရွေး ဝင်ရောက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်ပြီး ထုတ်ပြန်ထားသည့် ဆောင်ရန် ရှောင်ရန်များကို အထူးလိုက်နာရန် လိုကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာတဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သိန်းကျော်ထိ ရှိပြီဖြစ်ပြီး သေဆုံးသူ ၁၃၀၀၀ ကျော် ရှိလာကာ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၁၉၉ ဦးနှင့် သံသယလူနာ ၂ ဦးတို့ရှိပြီ ဖြစ်သည်။
ဆက်စပ်လင့်
ထိုင်းမှပြန်လာသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတဦး ထွက်ပြေး
ဆေးရုံ လူဝင်လူထွက်များ စနစ်တကျ ဆောင်ရွက်ရန် ကျန်းမာရေးဌာန ညွှန်ကြား