သတင်း

ကိုရိုနာဗိုင်းရပ်ကို အနိုင်ယူရန် ဝင်ထွက်ပိတ်ရုံ မလုံလောက်ဟု WHO ပြော

Want create site? Find Free WordPress Themes and plugins.

နိုင်ငံများအနေဖြင့် ကိုရိုနာဗိုင်းရပ်ကို အနိုင်ယူရန် ၎င်းတို့၏ လူ့အဖွဲ့အစည်းများအား ဝင်ထွက်ပိတ်မှုလုပ်ရုံနှင့် မရဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေးပေါ် ကာလ ထိပ်တန်းကျွမ်းကျင်သူက တနင်္ဂနွေနေ့က ပြောသည်။ ထို့အပြင် နောက်ပိုင်းတွင် ဗိုင်းရပ်ပြန်လည်မဖြစ်ပေါ်ရေး ရှောင်ရှားရန် ပြည်သူ့ကျန်းမာရေး အရေးယူဆောင်ရွက်ချက်များ ပြုလုပ်ရန် လိုအပ်သည်ဟုလည်း ၎င်းက ထပ်မံပြောသည်။

“ကျနော်တို့ အမှန်တကယ် စူးစိုက်လုပ်ဆောင်ဖို့ လိုအပ်တာက ဖျားနာတဲ့သူတွေ၊ ဗိုင်းရပ်ရှိတဲ့သူတွေကို တွေ့အောင်ရှာပြီး ခွဲထားမယ်။ သူတို့နဲ့ ထိတွေ့ဆက်ဆံတဲ့သူတွေကို တွေ့အောင်ရှာမယ်။ ပြီးတော့သူတို့ကို ခွဲထားမယ်” ဟု ဘီဘီစီ၏ Andrew Marr Show အစီအစဉ်အတွက် အင်တာဗျူးတခုတွင် ကျွမ်းကျင်သူ မိုက်ရိုင်ယန်က ပြောသည်။ “အန္တရာယ်က အားကောင်းတဲ့ ပြည်သူ့ကျန်းမာရေး အရေးယူဆောင်ရွက်ချက်တွေ စနစ်တကျနဲ့ မလုပ်ဘူးဆိုရင် သွားလာမှုကန့်သတ်ချက်တွေ၊ ဝင်ထွက်ခွင့်ပိတ်တာတွေ ရုပ်သိမ်းတဲ့အခါ ဒီရောဂါက ပြန်ပေါ်လာမှာကိုပဲ” ဟု ၎င်းကပြောသည်။

ဥရောပန်ိုင်ငံအများအပြားနှင့် အမေရိကန်တို့က တရုတ်နှင့် အာရှနိုင်ငံများ၏ နောက်ကိုလိုက်ပြီး ဗိုင်းရပ်ကိုတိုက်ဖျက်ရန် ပြင်းထန်သည့် ကန့်သတ်ချက်များ စတင်ပြဋ္ဌာန်းကာ အလုပ်သမားအများစုကို အိမ်မှသာ အလုပ်လုပ်ရန်နှင့် ကျောင်းများ၊ ဘားများ၊ အရက်ဆိုင်များ၊ စားသောက်ဆိုင်များ ပိတ်ရန်ပြောကြားခဲ့သည်။

ဖြစ်နိုင်ဖွယ် သံသယရှိသူတိုင်းကို စစ်ဆေးသည့် အားကောင်းသည့် အရေးယူဆောင်ရွက်မှုများနှင့် ဆက်စပ်သည့် တင်းကျပ်ကန့်သတ်မှုများ ပြုလုပ်သည့် တရုတ်၊ စင်ကာပူနှင့် တောင်ကိုရီးယားတို့၏ နမူနာများသည် ဥရောပအတွက် လိုက်နာသည့် ပုံစံတခုဖြစ်ခဲ့သည်ဟု ရိုင်ယန်ကပြောကြားခဲ့ပြီး ယင်းသို့အခြေအနေက ကပ်ရောဂါ၏ ဗဟိုချက်အဖြစ် အာရှ၏နေရာကို အစားထိုးနေပြီဟု WHO ကဆိုသည်။

“ကူးစက်မှုကို ကျနော်တို့ ထိန်းချုပ်နှိမ်နင်းပြီဆိုတာနဲ့ ကျနောတို့ ဗိုင်းရပ်နောက်ကို လိုက်ရမှာပဲ။ ဗိုင်းရပ်ကို တိုက်ရမှာပဲ” ဟုရိုင်ယန်က ပြောသည်။

အီတလီသည် ယခုအခါ ကမ္ဘာပေါ်တွင် ဗိုင်းရပ်ဒဏ် အဆိုးဝါးဆုံး ခံစားနေရသည့်နိုင်ငံဖြစ်နေပြီး ပြည်သူများအနေဖြင့် လူမှုရေးဆိုင်ရာတွေ့ဆုံစုဝေးမှုကို မရှောင်ပါက ဗြိတိန်၏ ကျန်းမာရေးစနစ်ကို ထိခိုက်နိုင်ကြောင်း ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတိပေးလိုက်သည်။ စမ်းသပ်စစ်ဆေးမှုများကို လာမည့်သီတင်းပတ်တွင် နှစ်ဆတိုးပြုလုပ်မည်ဟု ဗြိတိသျှ အိုးအိမ်ဝန်ကြီးရောဘတ်ဂျဲန်ရစ်က ပြောသည်။

ကာကွယ်ဆေးအချို့ပေါ်ထွက်ခဲ့သော်လည်း တမျိုးသာ အမေရိကန်တွင် စတင်စမ်းသပ်နေကြောင်း ရိုင်ယန်က ပြောသည်။ ဗြိတိန်တွင် ကာကွယ်ဆေးရရန် အချိန်မည်မျှကြာမည်လဲဟု မေးမြန်းသောအခါ ပြည်သူများအနေဖြင့် လက်တွေ့ကျဖို့လိုကြောင်းသာ ၎င်းကပြောကြားခဲ့သည်။

“ဒါက လုံးဝအန္တရာယ်ကင်းတယ်ဆိုတာ သေချာဖို့တော့ လိုပါတယ်။ အနည်းဆုံး တနှစ်လို့တော့ ကျနော်တို့ ပြောပါမယ်” ဟု၎င်းကပြောသည်။ ကာကွယ်ဆေးတွေက လာမှာပါ။ ဒါပေမဲ့ ကျနော်တို့ အခုလုပ်ဖို့လိုတာ အခုလုပ်ဖို့လိုပါတယ်” ဟု ၎င်းကပြောသည်။

ကိုးကား။ ။ Reuters

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ လူပေါင်း ၈၀၀ နီးပါး နေ့စဉ် သေဆုံးနေ

ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ဂျာမနီမှာ လူ ၂ ဦးထက် ပိုတဲ့ စုဝေးမှုကို တားမြစ်

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး တပ်မတော်အသင့်ပြင်ထား

Did you find apk for android? You can find new Free Android Games and apps.
Loading