ထိုင်းနှင့် မလေးရှားမှ မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသူများကို အစိုးရက အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပေးမည်ဖြစ်ပြီး နေအိမ်များတွင် ၁၄ ရက်တိတိ စောင့်ကြည့်ခံရမည် ဖြစ်သည်။
လက်ရှိတွင် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ နယ်စပ်ကို ဖြတ်ပြီး ပြန်လည် ဝင်ရောက်လာသူများကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ များနှင့် ပူးပေါင်းပြီး ၎င်းတို့ကို စောင့်ကြည့်မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
ဒေါက်တာ ခင်ခင်ကြီးက “မြဝတီဂိတ်ကနေ ဝင်လာတာ ရှိတယ်။ ထိုင်းတို့ မလေးရှားတို့ အောက်လမ်းကနေ ဝင်လာတာ ရှိတယ်။ ဝင်လာတဲ့သူတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးက အစိုးရအဖွဲ့ တွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ သွားမယ့် နေရာတွေကို သီးခြား ကားတွေနဲ့ ပို့ဆောင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “ဥပမာ မုံရွာသွားမယ့်သူကို မုံရွာပို့မယ်။ မန္တလေး သွားမယ့်သူကို မန္တလေးပို့မယ်။ ပြီးရင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီးတော့ ၁၄ ရက် အိမ်မှာပဲ လုံးဝ မထွက်ဘဲနဲ့ နေရမှာ ဖြစ်ပါတယ်။ ခုနက ပြောသလို တားမြစ်ချက်တွေ ဖောက်ဖျက်ရင်တော့ ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
၎င်းတို့အတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းများက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
“သူတို့တွေ သီးခြားနေရမယ်။ မိသားစုနဲ့ နီးနီးကပ်ကပ်နေလို့ မရဘူး။ ကိုယ်စားတဲ့ အစားအသောက်၊ အသုံးအဆောင်တွေ ကို သီးခြားထားရမယ်။ နောက်တခုက အိမ်သွားလည်တာတွေ ဧည့်လက်ခံတွေတာတွေ မလုပ်ရဘူး။ စားတာသောက်တာက အစ သီးခြားစားရမယ်။ ဒီကြားထဲမှာ ဖျားတာနာတာ လက္ခဏာ တွေ့ ပြီဆိုရင် သူတို့ကို ဖုန်းနံပါတ်တွေ ပေးထားမယ်။ အဲဒီဖုန်းနံပါတ်ကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ ခင်ခင်ကြီးက ရှင်းပြသည်။
အလုပ်သမားများ နေရပ်ပြန်ရေးတွင် အားလုံး၏ ပါဝင်ဆောင်ရွက်မှု လိုအပ်ပြီး မွန်၊ တနသာင်္ရီတို့တွင် အများဆုံး ပြန်လာနိုင်သဖြင့် ယင်းဒေသများတွင် ပြန်လာသောသူနှင့် ၎င်းတို့၏ မိသားစုများကို ဂရုတစိုက် စောင့်ကြည်ခြင်း၊ မသကာင်္စရာများ ရှိပါက ကျန်းမာရေး အခြေအနေကို အကြောင်းကြားခြင်းတို့ ပြုလုပ်ပါက ရောဂါ ပျံ့ နှံ့မှုကို ထိန်းချုပ်နိုင်မည်ဟု ထင်ကြောင်း အမျိုးသား လွှတ်တော် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဌ ဦးကျော်ထွေးက ပြောသည်။
“ဥပမာ ယိုးဒယားပဲဖြစ်ဖြစ် မလေးပဲဖြစ်ဖြစ် ၂ နိုင်ငံလုံး ကူးလူးဆက်ဆံတဲ့အခါမှာ ၂ နိုင်ငံလုံး ညွှန်ကြားချက်တွေကို အလုပ်သမားတွေ သေချာ နားလည်ဖို့ လိုတယ်။ အစိုးရိမ်လွန်ပြီး ပြန်လာတာမျိုးလည်း မဖြစ်စေရဘူး။ နားရက် မဟုတ်ဘဲ ပြန်လာတာမျိုးလည်း မဖြစ်သင့်ဘူး။ ကိုယ်ပြန်ချင်လို့ ပြန်လာတယ်။ ပြန်သင့်လို့ ပြန်လာတယ်ဆိုရင်တော့ ၂ ဘက် အမိန့် ညွှန်ကြားချက်တွေကို လိုက်နာမယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ကိုရိုနာ ဗိုင်းရပ်စ် သံသယလူနာ ၂၀၆ ဦးတွင် ၁၉၇ ဦးမှာ ပိုးမတွေ့ ကြောင်း၊ ၉ ဦး၏ အဖြေကို ဆက်လက် စောင့်နေဆဲ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးကမူ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ များနှင့် အောက်ခြေ အဆင့်ဆင့်ကို ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကိုမူ လော်စပီ ကာဖြင့် အော်ခိုင်းထားပြီ ဖြစ်ကြောင်း ပြောသည်။
“အိမ်တိုင်းကို ရောက်နိုင်အောင်လို့ ကျန်းမာရေးဆိုင်ရာ လက်ကမ်းစာစောင်တွေ ဝေခိုင်းထားပြီ။ အဓိက တဦးချင်း သိအောင် လုပ်တာ။ ဒီဟာက ကူးစက်နှုန်းမြန်တယ်။ ရောဂါ သဘာဝကို ဘယ်လိုသိအောင် လုပ်မလဲဆိုတာတွေ ပါမယ်။ အောက်ခြေ ကိုတော့ မရောက်သေးဘူး။ နောက် ၂၄ နာရီအတွင်း အဲဒါတွေ ရောက်လာလိမ့်မယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပြဿနာ တက်နေသည်မှာ ရှင်ပြု၊ နားသ မင်္ဂလာ ကိစ္စများအတွက် ပွဲမိန့်များ တောင်းလာခြင်း ဖြစ်ကြောင်း၊ ယင်းပွဲများကို မပြုလုပ်ရဟု အမိန့်မထုတ်ထားသော်လည်း လက်ရှိအခြေအနေအရ တဦးချင်း လိုက်နာရမည့် ကိစ္စ ဖြစ်နေကြောင်း ယင်းတာဝန်ရှိသူက ရှင်းပြသည်။
တကမာ္ဘလုံးတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သိန်း ၃ သောင်းကျော် ရှိပြီး သေဆုံးသူ ၁၅၀၀၀ နီးပါး ရှိလာပြီ ဖြစ်ကြောင်းလည်း သိရသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်ကို အနိုင်ယူရန် ဝင်ထွက်ပိတ်ရုံ မလုံလောက်ဟု WHO ပြော
ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး တပ်မတော်အသင့်ပြင်ထား
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနှင့် ကိုရိုနာအန္တရာယ်