ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ နေအိမ် ၂ အိမ်တွင် တရားမဝင် နေထိုင်နေကြသော တရုတ်နိုင်ငံ သား တချို့ကို ယနေ့မှ စတင်ကာ ပြည်နှင်ဒဏ်ပေး၍ ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးရံုံးမှ တာဝန်ရှိသူက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ယနေ့နေ့လည်ပိုင်းတွင် ပထမ အသုတ်အနေဖြင့် အဆိုပါ တရုတ်နိုင်ငံသား ၁၈ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် ၎င်းတို့နိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်ကာ ကျန်ရှိနေသူများကိုလည်း လေယာဉ်အခြေအနေပေါ် မူတည်ပြီး ဆက်လက် ပြန်ပို့သွားမည်ဟု ၎င်းက ဆက်ပြောသည်။
သုဝဏ္ဏရှိ နေအိမ် ၂ အိမ်တွင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသား ၁၂၀ ဦးအနက် ၈၈ ဦးသည် နိုင်ငံခြားသား မှတ်ပုံတင် ရေး နည်းဥပဒေအရ သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ တရားဝင် နေထိုင် ခွင့်ပြုစေရန် ဖောင် C (ပုံစံ ဂ) အား တိုင်ကြားမှု မပြုလုပ်ခဲ့သည်ကို စိစစ်တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။
အဆိုပါ တာဝန်ရှိသူက “ပုံစံ ဂ မတိုင်ခဲ့သူ အားလုံး အကုန်ပြန်ရမယ်။ လေကြောင်းအခြေအနေအရ သူတို့ကို ပြန်ပို့မယ်။ ၃၂ ဦးကတော့ တိုင်ထားပေမယ့် ဒါကို သူတို့ ဘယ်အချိန်က ဝင်ရောက်လာသလဲဆိုတာ လေဆိပ်၊ ကားဂိတ်၊ အိမ်ရှင်နဲ့ သူတို့တွေ ပြောဆို ထွက်ချက်ပေးတဲ့ အပေါ် မူတည်ပြီးတော့ သူတို့အိမ်ရှင်ကိုလည်း အရေးယူရမယ်။ အိမ်ရှင်မှာလည်း တာဝန်ရှိတယ်။ သူက နိုင်ငံခြားသားကို ငှားစားထားတယ်ဆို စဉ်ဆက်မပြတ် ကြည့်နေရမှာ။ အခု တရုတ်တွေက ကွန်ပျူ တာ ပရိုဂရမ် ကုမ္ပဏီ ဝန်ထမ်းတွေလို့ ဆိုတယ်။ အဲဒီ ကုမ္ပဏီကိုလည်း မြန်မာ့ရင်းနှီးမြုပ်နှံမှု ကော်မရှင်အဖွဲ့မှာ စိစစ်နေ တယ်။ တရားဝင်ကုမ္ပဏီလားဆိုတာ အဖြေထွက်လာရင် သိမှာပါ။ ” ဟု ဆက်ဆိုသည်။
ဖြစ်စဉ်မှာ မတ်လ ၂၁ ရက်ညက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဍ၊ ပန်းဝါလမ်းနှင့် နှင်းဆီနီလမ်းရှိ နေအိမ် ၂ အိမ်တွင် ဌာနဆိုင်ရာသို့ အသိပေးအကြောင်းကြားထားသည့် လူဦးရေထက် ပိုမို နေထိုင်နေသည်ဟုဆိုကာ ရပ်ကွက်နေသူများက သက်ဆိုင်ရာသို့ တိုင်ကြားသဖြင့် ဝင်ရောက် စစ်ဆေးရာမှ တရုတ်နိုင်ငံသား ၁၂၀ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်သည် သင်္ဃန်းကျွန်းမြို့နယ်တွင် ပထမဦးဆုံး တရားမဝင် တရုတ်နိုင်ငံသားများ ဝင်ရောက်နေထိုင်မှု ဖြစ်သော် လည်း ထိုသို့နေထိုင်သူများ နောက်ထပ် မရှိတော့ကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများဖြင့် မြို့နယ်တခွင် စိစစ်နေပြီး ကမ္ဘာ့ ကပ်ရောဂါ ဖြစ်နေချိန် ထိုကဲ့သို့ ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးကို ဆောင်ရွက်လျက်ရှိသည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း က ပြောသည်။
လတ်တလောတွင် သုဝဏ္ဏ နယ်မြေရဲစခန်း၌ ထိုကိစ္စအတွက် အမှုဖွင့် တိုင်ကြားထားခြင်း မရှိသေးကြောင်း၊ မဖြစ်မနေ တရားဝင် နေထိုင်ခွင့် သတင်းမပို့ခဲ့သူများကို ၎င်းတို့နိုင်ငံသို့ ပြန်ပို့ရေးကိုသာ ဆောင်ရွက်လျက်ရှိကြောင်း သုဝဏ္ဏ နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် အုန်းကျော်မြင့်က ပြောသည်။
ထို့အပြင် တရားဝင်နေထိုင်ခွင့် သတင်းပို့ခဲ့သူ ၃၂ ဦးကိုလည်း ၎င်းတို့၏ သဘောဆန္ဒအတိုင်း ၎င်းတို့နိုင်ငံသို့ ပြန်ချင်လျှင် ပြန်ခွင့်ပြုသွားမည်ဟု သူက ဆက်ပြောသည်။
ရဲအုပ် အုန်းကျော်မြင့်က “အမှုဖွင့်မယ်ဆို ဘယ်သူက တရားလိုလုပ်မယ်၊ ဘယ်အမှုနဲ့ ဖွင့်မယ်ဆိုတာ ကျနော်တို့ဆီ တရား ဝင် ညွှန်ကြားချက် ဘာတခုမှ မရောက်သေးပါဘူး။ အခုက တရားမဝင်နေထိုင်သူတွေကို အရင်ဆုံး ပြန်ပို့မယ်။ နောက်ပြီး တရားဝင် တိုင်ကြားထားသူတွေကို မေးကြည့်တော့ သူတို့လည်း ပြန်ချင်တဲ့ဆန္ဒရှိကြတာကို တွေ့ရတယ်။ သူတို့ ပြန်ချင် လည်း ပြန်ပေါ့။ ကျနော်တို့ကတော့ အိမ်ရှင်ကို အမှုဖွင့်မယ်လို့ ဆိုပေမယ့် အခုထိတော့ ဘာမှရောက်မလာသေးတော့ ပြောလို့မရသေးဘူး” ဟု ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်(COVID-19)သည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီးနောက် တရုတ် ၁ နိုင်ငံလုံးရှိ ပြည်နယ် အများအပြားကို ပျံ့နှံ့ကာ ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး ကူးစက်မှုခံရပြီး သေဆုံးသူဦးရေ အများအပြား ဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ ၈၁၄၉၈ ဦးရှိရာတွင် ၃၂၆၇ ဦး သေဆုံးခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံမှတဆင့် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ပါ ထပ်မံကူးစက် ပြန့်ပွားခဲ့ရာ ယနေ့အချိန်တွင် တကမ္ဘာလုံးတွင် ကူးစက်ခံရသူ ၂၉၂၁၄၂ ဦးရှိပြီး သေဆုံးသူ ၁၂ ၇၈၄ ဦးရှိကြောင်း မတ်လ ၂၂ ရက်နေ့ညပိုင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံပြီးလျှင် ဥရောပရှိ အီတလီနိုင်ငံက ကူးစက်မှုနှုန်း အမြင့်ဆုံး ဖြစ်နေပြီး ၅၃၅၇၈ ဦး ကူးစက်ခံရကာ ၄၈၂၇ ဦး သေဆုံးခဲ့ပြီး စပိန်နိုင်ငံက ဒုတိယ အမြင့်ဆုံး ဖြစ်ကာ ၂၄၉၂၆ ဦး ကူးစက်ခံရပြီး ၁၃၂၆ ဦး သေဆုံးခဲ့ပြီဖြစ်သည်။
You may also like these stories:
လပွတ္တာ၌ ပထွေးဖြစ်သူ ရိုက်နှက်၍ ၂ နှစ်အရွယ် ကလေးငယ် သေဆုံး
မကွေးလေတပ်စခန်းမှ လက်နက် အစိတ်အပိုင်းတခု ထိမှန်၍ တဦး ဒဏ်ရာရ
ဧရာဝတီနှင့် ရိုက်တာ သတင်းဌာနအား တရားစွဲထားမှု တပ်မတော် ရုပ်သိမ်း