ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းရှိ တိုင်းဗဟို (၉) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းကို ယနေ့ မတ်လ ၂၃ ရက် မနက် ၆ နာရီဝန်းကျင်က ရက္ခိုင်စစ်တပ် (AA) အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိသည်။
ယနေ့ မနက် ၆ နာရီအချိန်တွင် မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးရှိ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းကို AA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိကြောင်း တပ်မတော် သတင်း ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကမ်းနီရွာမှာရှိတဲ့ လေ့ကျင့်ရေး ကျောင်း ၁ ကျောင်းကို AA အလစ်အငိုက် ဝင်တိုက်တယ်။ ၁၁ နာရီလောက်မှာတော့ ပြီးဆုံးသွားပြီ။ အခြေအနေ အားလုံး ထိန်းသိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက် ဆုံးရှုံးမှု အနည်းငယ် ရှိတယ်။ AA ဘက်ကလည်း အလောင်း၊ လက်နက်တွေ ရလိုက်တာ ရှိတယ်” ဟု ဧရာဝတီကို ပြောဆို သည်။
အဆိုပါ တိုင်းဗဟို (၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်ကြားရှိ ရန်ကုန်-စစ် တွေ ကားလမ်းပေါ် ကမ်းနီကျေးရွာအနီး၌ တည်ရှိကြောင်း သိရသည်။
မင်းပြားမြို့ခံ ကိုအမ်းသားကြီးက “ဒီနေ့ မနက် ၆ နာရီကျောက်လောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်အသံတွေ တော် တော်ကြားရတယ်။ နေ့လယ်ပိုင်းမှာ တပ်မတော်က တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ပျံဝဲပြီး တိုက်ခိုက်တာတွေကို မြင်ရပါတယ်။ ထိခိုက်တာတွေ၊ ဘာတွေတော့ ကျနော်တို့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
AA သတင်းနှင့် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့ မင်းပြားမြို့နယ် လေ့ကျင့်ရေးကျောင်းအား ဝင် ရောက် တိုက်ခိုက်သည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက် များကို မသိရှိသေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှစ၍ တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး စစ်ဘေးရှောင် အရေအတွက်မှာ သိန်းချီရှိလာကာ ဒေသခံ ပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သား ပြည်သူများမှာလည်း နေ့စဉ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရမှုနှင့်အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်း များပြားလာနေသည့်အတွက် အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံးလည်း ဖြစ်နေကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မင်းပြားတွင် လက်နက်ကြီးကျ၍ ဒေသခံ ၅ ဦး ဒဏ်ရာရ
ရခိုင်ဒေသ တိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် ဦးရေ ပိုများလာ
ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ