ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်း လုပ်သားများသည် မဲဆောက်-မြဝတီ၊ မယ်ဆိုင်-တာချီလိတ် အပါအဝင် နယ်စပ်ဂိတ်ပေါက် အသီးသီးမှ တဆင့် မြန်မာနိုင်ငံ အတွင်းသို့ သောင်းနှင့်ချီ၍ ပြန်ဝင်ရောက်လာမှုများ ရှိနေသည်။
ထိုအရေအတွက်မှာ တပတ်အတွင်းပြန်လည်ဝင်ရောက်လာသည့် လူဦးရေဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားတခုတည်းမှ ဝင်ရောက်လာသည့် ဦးရေပင် ယနေ့ တရက်တည်း ၂၀၀၀ ကျော် ရှိကြောင်း နှစ်နိုင်ငံ နယ်စပ်ဂိတ် မှတ်တမ်းများ အရသိရသည်။
ထိုင်းနိုင်ငံသည် လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသည့် နိုင်ငံများ စာရင်းတွင် ပါဝင်နေသဖြင့် ထိုကဲ့သို့ အစုလိုက် အပြုံလိုက် ဝင်ရောက်လာနေမှုအပေါ် စိုးရိမ်ပူပန်နေမှုများလည်းရှိသည်။
မဲဆောက်မြို့အခြေစိုက် ကျောင်းသားဆေးခန်း ခေါ် မယ်တော် ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင် က “အခုကတော့ ပြန်ကြတဲ့အပိုင်းက လူစုလူဝေးကြီးက အမြဲတမ်းဖြစ်နေကြတာကို၊ တံတားထိပ်မှာလေ။ အဲဒါကြ တော့လဲ ဘယ်သူ့မှာ ပါလာလဲဆိုတာ ပြောရခက်တယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ နိုင်ငံအတွင်း ပြန်သွားသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဖြစ်ပွားနေ သည့် နိုင်ငံမှ ပြန်လာသူများ ဖြစ်သဖြင့် အပြင်မထွက်ဘဲ နေအိမ်တွင် ၁၄ ရက် နေထိုင်ကာ ကိုယ်တိုင် စောင့်ကြည့် မှုများ ပြုလုပ်သင့်ကြောင်း အကြံပြုသည်။
ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား ၉၂ ဦးအား ယနေ့မနက်က မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲ ပြောင်းပေးရာတွင် ကိုယ်ပူချိန်မြင့်တက်သူနှင့် အဖျားရှိသူ သံသယ စောင့်ကြည့် လူနာ ၁၁ ဦးတွေ့ရှိခဲ့ကြောင်း တာချီ လိတ်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။
အဆိုပါ ၉၂ ဦးသည် ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ များဖြစ်ကြောင်း သိရပြီး တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ် ၂ ဂိတ်မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
တာချီလိတ်ထွေအုပ်ရုံး အဖွဲ့ဝင် ၁ ဦးကတော့ ထိုသံသယ စောင့်ကြည့် လူနာများကို ကနဦး စစ်ဆေးချက် အရ ကိုရိုနာဗိုင်းရပ်ပိုး မရှိကြောင်း သို့သော်လည်း ပိုမိုသေချာစေရန် သီးခြားခွဲထား၍ အသေးစိပ် ဆေးစစ်ချက်များ ပြုလုပ်သွားဦးမည် ဖြစ်သည့် အပြင် ပြန်လာသူအားလုံးကိုလည်း ၁၄ ရက် စောင့်ကြည့်သွားရန် ဆောင်ရွက် ထားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်း ပြန်ဝင်သည့် ရွှေ့ပြောင်းလုပ်သားများမှာ ထိုင်းနိုင်ငံတွင် ၎င်းတို့ လုပ်ကိုင်နေကြသော စက်ရုံ အလုပ်ရုံများ ပိတ်သွားခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အပေါ်စိုးရိမ်၍ ပြန်ကြခြင်း၊ လက်ရှိကိုင်ဆောင်ထားသော လက်မှတ် သက်တမ်းကုန်ဆုံး၍ ပြန်ကြခြင်းနှင့် သင်္ကြန်ကာလ နေရပ်ရင်းပြန်ကြသူများ အသီးသီးရှိကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေးဆောင်ရွက်သူများက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် ယာယီ ပိတ်လိုက်ရသည့် မဲဆောက်မြို့က စားသောက်ဆိုင် တဆိုင်တွင် အကြော် ဆရာ အဖြစ်လုပ်ကိုင်ခဲ့သော ကိုဆက် က “ဝူဟန်ကြောင့် လကုန်အထိ ဆိုင်ပိတ်တယ်။ ဒါတောင် ပြန်ဖွင့်ဖို့ မသေ ချာသေးဘူး။ အလုပ်ပြောင်းဖို့လည်း ဆိုင်တော်တော်များများ လူမခေါ်တော့ဘူး” ဟု ပြောသည်။
ယနေ့နောက်ဆုံးရ သတင်းများ အရ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကူးစက်သူ ၇၂၁ ဦးရှိကြောင်း ထိုအထဲမှ ပျောက်ကင်းသွားသူ ၅၂ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိကြောင်းသိရသည်။
ထိုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေသည့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သား များ နေရပ်ရင်း ပြန်သည့်အခါ ရပ်ရွာအတွင်း ဗိုင်းရပ်စ် ပါလာမလား ဆိုသည့် သံသယ ဖြင့် စောင့်ကြည့်ခံရမှုများ ရှိနေကြောင်း မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောသည်။
ဦးမိုးကြိုး က “ထိုင်းနိုင်ငံကနေ ကျနော်တို့ ရွှေ့ပြောင်းလုပ်သားတွေပြန်လာရင် သံသယမျက်လုံးတွေနဲ့ ကြည့်ခံနေရတဲ့ အနေအထားတွေ။ သူတို့မှာ ကူးစက်ရောဂါတွေများ ပါလာမလားဆိုပြီး အဲလို သံသယမျက်လုံးတွေ မျက်လုံးစိမ်းတွေနဲ့ အကြည့်ခံရတာ၊ စောင့်ကြည့်ခံရတာ” ဟု ပြောသည်။
မဲဆောက်-မြဝတီ နယ်စပ်မှ ယခုလ ၂၁ ရက်နေ့ကဝင်ရောက်လာသည့် မြန်မာနိုင်ငံသား လုပ်သားများထဲတွင် ယနေ့ ညနေပိုင်းထိ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ တဦးမှ မရှိသေးကြောင်း ပြန်လာသူမျာကိုလည်း ကိုယ်အပူချိန် တိုင်းသည့် စက်များဖြင့် စစ်ဆေးပြီးမှ ဝင်ခွင့်ပြုသလို နေရပ်ရင်းနှင့် အနီးဆုံးနေရာအထိ သီးသန့် ကားများဖြင့် လိုက်ပို့ကြောင်း မြဝတီ အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က ပြောသည်။
ဦးသန့်ဇင်အောင် က “အခုလို ကရင်ပြည်နယ် အစိုးရကနေ ဦးဆောင်ပြီးတော့ အခမဲ့ ကြိုပို့ပေးတယ် ဆိုတာကလည်း သွားရေးလာရေး အဆင်ပြေအောင်ရယ်၊ နောက်တခုက ဒီအခမဲ့ ပို့ဆောင်ပေးတဲ့ ခရီးသည်တွေကို သက်ဆိုင်ရာ တိုင်း ဒေသကြီး ပြည်နယ် အစိုးရတွေကို အပ်မှာ အဲဒီကတဆင့် ရပ်ကွက် ကျေးရွာတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စောင့်ကြည့်သွားနိုင်အောင်ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နယ်စပ်မှ နေရပ်ရင်းသို့ ပြန်သွားသည့် အလုပ်သမားများကို ၁၄ ရက် အပြင်မထွက်ဘဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်း ရန်မှာကြားသလို သက်ဆိုင်ရာ တိုင်း၊ မြို့နယ်နှင့် ရပ်ကွက် အလိုက်မှလည်း စောင့်ကြည့်သွားမည်ဟုလည်း ဆိုသည်။
Marie Stopes International ဒါရိုက်တာ ဒေါက်တာစစ်နိုင် က “နည်းပညာ အရတော့ ၁၄ ရက် Quarantine ကတော့ ရာနှုန်းပြည့် မဟုတ်တောင် ရာနှုန်းတော်တော်များများ ထိရောက်တာပေါ့။ ဒါပေမယ့် အဲဒါကို ဘယ်လောက် လိုက်နာမလဲ ဆိုတာကတော့ လူတဦးချင်း၊ မိသားတစုချင်း Community တခုချင်းအပေါ်မှာ သွားမူတည်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့
ရပ်ရွာတွေမှာ လူထုအားကိုယူပြီး စောင့်ကြည့် သတင်းပေးတဲ့စနစ် လုပ်နေတယ်
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် တရုတ်များ ပေးမဝင်ဖို့ ကချင်အမတ်တချို့ သမ္မတထံ စာပို့