ရန်ကုန်မြို့တွင်းရှိ ဈေးများ ပိတ်သိမ်းရန် အစီအစဉ် မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (စည်ပင်) ဈေးများ ဌာနမှ ဒုတိယ ဌာနမှူး ဦးသောင်းတင်က ဧရာဝတီသို့ ပြောသည်။
“ဈေးတွေက ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ အာမခံပါတယ်။ မပိတ်ပါဘူး။ အခုလည်း မပိတ်ဘူး၊ နောင်လည်း မပိတ်ဘူး၊ ဘယ်တော့မှလည်း မပိတ်ပါဘူး။ ဈေးတွေဆိုတာ ပိတ်လို့လည်း ရတဲ့ အမျိုးအစား မဟုတ်ဘူး။ ဈေးတွေပိတ်လိုက်ရင် ကုန်ဈေးနှုန်းတွေ တက်သွားမယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ကော်မတီဝင် ဦးမင်းဟန်ကလည်း“ဈေးတွေမပိတ်ဘူး။ လူတွေက ဒီအစား အသောက် ကိုပဲ မှီခိုပြီးတော့ စားသောက်နေတာလေ။ ဒါသွားပိတ်တော့ ဘယ်လို သွားဝယ် စားသောက်ကြမလဲ။ ဒါကြောင့်မို့လို့ ဈေးတွေ မပိတ်ပါဘူး”ဟု ပြောသည်။
COVID-19 ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ဈေးတချို့အား ပိတ်ကာ ပိုးသတ်ဆေး ဖြန်းခြင်းများ ပြုလုပ် သွားမည် ဆိုသည့် ကောလာဟလ သတင်းများမှာ ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာတွင် ကျယ်ပြန့် စွာ ထွက်ပေါ်လျက်ရှိသည်။
ထိုသတင်းများနှင့် ပတ်သက်၍ ဦးသောင်းတင်က“ကုန်ဈေးနှုန်းတက်ချင်တာမို့ လှုံ့ဆော်နေတာတွေ အများကြီးကြားရ တယ်။ ဒါမျိုးတွေကို မဖြစ်စေချင်ဘူး။ သီရိမင်္ဂလာဈေးကြီးက ပိတ်ပြီ၊ မနက်ဖြန်ဆို ကုန်ကြမ်းတွေ မလာတော့ဘူး ဆိုတော့ ကုန်ပစ္စည်းတွေက ဈေးတက်တာပေါ့၊ ဒါတွေက ဘယ်ကောင်းမလဲ”ဟု ပြောသည်။
ထိုသို့သော ကောလာဟလ သတင်းများကြောင့် ပြည်သူများကြား စိုးရိမ်ပူပန်မှု ရှိသူများက ကုန်ပစ္စည်းများ ကြိုတင် ဝယ်ယူ စုဆောင်းမှုများလည်း ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့ တာမွေမြို့နယ်နေ ဒေါ်သူဇာဝင်းက“ဈေးထဲမှာ ကြားနေရတယ် ပိုးသတ်ဆေးဖြန်းဖို့ ဈေးတွေ ၃၊ ၄ ရက် လောက် ပိတ်မယ် ဆိုပြီးလေ။ ပစ္စည်းတွေ ကြိုဝယ်တဲ့ သူတွေကလည်း ကြိုဝယ်စုနေကြတာပဲ”ဟု ပြောပြသည်။
ပြီးခဲ့သည့် တပတ်က ဈေးဝယ်စင်တာများ ပိတ်သိမ်းမည်ဆိုသည့် သတင်းများ လူမှုကွန်ရက် စာမျက်နှာတွင် ထွက်ပေါ် ခဲ့သေးသည်။
အဆိုပါ သတင်းများနှင့် ပတ်သက်၍ ဧရာဝတီက City Mart ၊ မြန်မာပလာဇာ နှင့် Junction City စသည့် ဈေးဝယ် စင်တာများမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် အစိုးရ အနေဖြင့် ဈေးဝယ်စင်တာများကို ပိတ်သိမ်းရန် တစုံတရာ ညွှန်ကြားထားခြင်း မရှိသေးကြောင်း အတည်ပြုပြောသည်။
ဈေးများဌာန လက်အောက်ရှိ သားငါးဈေးများတွင်လည်း ပုံမှန်သန့်ရှင်းရေး လုပ်ငန်းစဉ်ဖြစ်သည့် အနံ့ပျောက် ဆေး ရည် ဖြန်းခြင်းကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ဦးသောင်းတင်က“COVID-19 ကြောင့် ဆေးဖြန်းတာ မဟုတ်ပါဘူး။ ဈေးတွေမှာ ပုံမှန်လုပ်နေတဲ့ အလုပ်တွေပဲ လုပ်တာ။ ဟိုးဈေးတွေ စဖွင့်ကတည်းက ဈေးတွေမှာ အနံ့မနံရအောင် ရွှေတောင်ကြီး အနံ့ပျောက်ဆေးတွေပဲ ဖြန်းပါ တယ်။ ဒါတွေပဲ လုပ်တယ်။ ပိုးသတ်ဆေးဆိုပြီး ထူးထူးခြားခြား ဖြန်းတာ မရှိပါဘူး။ COVID-19 ကြောင့် ဒီ ပိုးသတ် ဆေးကို ဖြန်းရမယ် ဆိုပြီးလည်း လမ်းညွှန်ချက် မရှိပါဘူး”ဟု ရှင်းပြသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန လက်အောက်တွင် ဈေးပေါင်း ၁၈၄ ဈေး ရှိကြောင်း သိရသည်။
COVID-19 ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်ပြီး အဆိုပါ ဈေးများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လုပ်ငန်းစဉ်များ အတိုင်းသာ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
ဈေးအတွင်း လာရောက်သူများကို လက်သန့်ဆေးများနှင့် လက်ဆေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာခြင်း၊ သတိထားရမည့် အချက်အလက်မျာအား ဗီနိုင်းများဖြင့် မြင်သာရန် ကြေညာခြင်းများနှင့် ပညာပေး လုပ်ငန်းများပါ လုပ်ဆောင်နေ ကြောင်း ဈေးများဌာနက ပြောသည်။
အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကြောင့် လူစုလူဝေး ဖြစ်ပေါ်စေသည့် သင်္ကြန်ပွဲတော် အပါအဝင် အခမ်းအနား၊ ပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားရန် မတ်လ ၁၃ ရက်နေ့ တွင် သမ္မတရုံးက ထုတ်ပြန် ကြေညာထားသည်။
မြန်မာနိုင်ငံတွင် COVID-19 သံသယလူနာ ၂ ဦးနှင့် စောင့်ကြည့်လူနာ ၂၁၃ ဦး ရှိသည့်အနက် ပိုးတွေ့လူနာ ၂ ဦး၊ ပိုးမတွေ့လူနာ ၂၁၀ ဦး၊ ဓာတ်ခွဲစောင့်ဆိုင်းဆဲ ၃ ဦး ရှိကြောင်း မတ်လ ၂၃ ရက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက် ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် ယနေ့အထိ ကမ္ဘာ့နိုင်ငံ ၁၈၆ နိုင်ငံအထိ ပျံ့နှံ့လျက်ရှိပြီး သေဆုံးသူ ၁၂၉၄၄ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။