COVID-19 ကြောင့် ပိတ်သိမ်းလိုက်သည့် စက်ရုံ၊ အလုပ်ရုံများမှ အာမခံ အလုပ်သမားများ အတွက် လူမှုဖူလုံရေး ခံစားခွင့်များကို အလုပ်လက်မဲ့ ဖြစ်သည့် ကာလအတွင်း ထည့်ဝင်ကြေး ပေးစရာလိုဘဲ တိုးမြှင့်ပေးလိုက်ကြောင်း သိရ သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက“သူတို့ရဲ့ ထည့်ဝင်ကြေး ရပ်တဲ့အချိန်ကနေ ၁ နှစ်အထိ ဆေးကုသခံယူခွင့်ရော ဆေးဖိုး၊ ခရီးစရိတ်တွေရောကို သူတို့ကို ထည့်ဝင် ကြေး မရှိသော်လည်း ကျမတို့က ထည့်ဝင်ကြေး ပေးသွင်းပြီး သကဲ့သို့ သတ်မှတ်ပြီးတော့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ အလုပ်ရှင်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ စာရင်းတွေကို ကျမတို့ ကောက်ယူထားပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။
ကမ္ဘာတဝန်းတွင် ဖြစ်ပွားနေသော COVID-19 နောက်ဆက်တွဲ စီးပွားရေး ဂယက်များကြောင့် ပြည်တွင်းရှိ ကုန်ကြမ်း ပေး ကုန်ချောယူ လက်ခစားစနစ် (CMP) လုပ်ငန်း လုပ်ကိုင်နေသော စက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အပါအဝင် လုပ်ငန်းများအနေဖြင့် လုပ်ငန်းလည်ပတ် ရန် ခက်ခဲခြင်းတို့ကြောင့် ယာယီ ပိတ်သိမ်းခြင်း၊ အမြဲတမ်း ပိတ်သိမ်းခြင်းနှင့် အလုပ်သမား လျှော့ချခြင်းများ ဖြစ်ပေါ် လျက် ရှိသည်။
ထိုသို့ အကြပ်အတည်း အခက်အခဲ ကြုံတွေ့နေရသည့် လုပ်ငန်းများမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ မှတ်ပုံ တင်ထားသော လုပ်ငန်းများတွင် အလုပ်ရှင်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အာမခံ အလုပ်သမားများ အတွက် စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ ပုဒ်မ ၁၀ဝ ကို ကျင့်သုံး၍ လုပ်ငန်းများ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ပြောင်းလဲ လာသည့် လူမှုရေး လိုအပ်ချက်များကို ထောက်ရှု၍ ဥပဒေနှင့်အညီ ခံစားခွင့်တချို့ကို ဖြေလျှော့ ကင်းလွတ်ခွင့် ပြုလိုက် ကြောင်း ဝန်ကြီးဌာနက မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက“အာမခံ လုပ်သားအနေနဲ့ သူ့ရဲ့ နာမည်၊ ဘယ်စက်ရုံက ဖြစ်တယ်နဲ့ ဖူလုံရေး ယာယီ ကတ် ယူလာဖို့ လိုတယ်။ ကျမတို့က ကြည့်လိုက်တဲ့အခါ ဘယ်စက်ရုံက အလုပ်လက်မဲ့ ဘယ်တုန်းကမှ ဖြစ်သွား တာပဲ ဆိုပြီး ထည့်ဝင်ကြေး မရှိပေမယ့် ၁ နှစ်အထိ ဆေးကုသမှု ပေးသွားမှာ ဖြစ်ပါတယ်။ မီးဖွားခွင့် ဆိုလည်း ထည့်ဝင် ကြေး ၄ လ ရှိတယ်ဆိုရင် သူ့ကို ငွေကြေး အကျိုးခံစားခွင့်ပါ ကျမတို့က ပေးမှာဖြစ်တယ်”ဟု ရှင်းပြသည်။
ထို့ပြင် အာမခံထားသည့် အလုပ်လက်မဲ့ အလုပ်သမားသည် ယခင်အလုပ်ရှိစဉ်က ထည့်ဝင်ကြေး ၆ လ သွင်းထားခြင်း ရှိလျှင် မီးဖွားစရိတ် အပါအဝင် အကျိုးခံစားခွင့် ၇ မျိုးနှင့် နာရေးစရိတ်တို့ကိုပါ အကျိုးခံစားခွင့်ရရှိမည် ဖြစ်ကြောင်း သိရ သည်။
လူမှုဖူလုံရေး အာမခံထားသည့် လုပ်ငန်းပေါင်း ၁၇၇ ခုရှိပြီး ယင်းအနက် COVID-19 ကြောင့် ပိတ်သိမ်းသွားသည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်သားလျှော့ချလိုက်သည့် စက်ရုံ၊ အလုပ်ရုံများမှာ မတ်လ ၂၀ ရက်အထိ ၃၀ ရှိ၍ အလုပ်သမား လျှော့ချသည့် လုပ်ငန်း ၁၅ ခု ရှိကြောင်း ဒေါ်သန်းသန်းနုက ပြောသည်။
“CMP လုပ်ငန်းဖြစ်တဲ့ အထည်ချုပ်၊ အိတ်ချုပ် လုပ်ငန်းတွေ အီလက်ထရွန်နစ် လုပ်ငန်းတွေ ဟိုတယ်လေးတွေရယ်။ လျှပ်စစ်ပစ္စည်း အသေးစား ထုတ်လုပ်တဲ့ လုပ်ငန်းလေးတွေ ပါတယ်။ အလုပ်လက်မဲ့ဖြစ်တဲ့ အလုပ်သမားက ၁ သောင်း ၉ ထောင်ကျော် ရှိနေပါပြီ”ဟုလည်း ၎င်းက ပြောပြသည်။
အဆိုပါ အကျိုးခံစားခွင့်များကို အလုပ်လက်မဲ့ဖြစ်သော အလုပ်သမားအနေနှင့် အလုပ်သမား ဆေးရုံကြီး ၃ ရုံ၊ လူမှု ဖူလုံရေး ဆေးခန်း ၉၆ ခု၊ ဌာနကြီး ဆေးခန်း ၅၈ ခုနှင့် Care Well ဆေးခန်း ၅ ခန်း Provider Purchaser Split (PPS) နှင့် လုပ်ဆောင်နေသော ဆေးခန်း ၇ ခု၊ တိုင်းရင်းဆေးခန်း ၁ ခု အစရှိသည်တို့တွင် ရယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ် (CTUM) လက်ထောက် အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက “ဖြေလျှော့ခွင့်တွေ ပေးတာတော့ ကျေးဇူးတင်ပါတယ်။ အလုပ်သမား အဖွဲ့အစည်းတွေ အနေနဲ့ကတော့ အိမ်မှာ နေထိုင် ခွင့် ခွင့်ရက်ပေါ့နော်။ ဒါက ဥပဒေထဲမှာတော့ မပါသေးဘူး။ COVID-19 ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ကိစ္စရပ် တွေ အတွက်တော့ လူမှုဖူလုံရေး အကျိုးခံစားခွင့်နဲ့ ပတ်သက်ရင် ဖြေလျှော့ပေးဖို့ တောင်းဆိုသွားဖို့ ရှိပါ တယ်”ဟု ဧရာဝတီ သို့ ပြောသည်။
မတ်လ ၂၅ ရက်တွင် ပြုလုပ်မည့် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင် သုံးပွင့်ဆိုင် အစည်းအဝေးတွင် အလုပ်သမား သမဂ္ဂများက အိမ်တွင် နေထိုင်ခွင့် ခွင့်ရက်နှင့်ပတ်သက်ပြီး ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ထို့ပြင် လက်ရှိ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို အစိုးရက ဖြေလျှော့ပေးလိုက်သည်များ ရှိသော်လည်း အလုပ် သမားများ အနေနှင့် မိမိတို့ အခွင့်အရေးကို သိရှိခြင်းမရှိ မဖြစ်ရအောင်လည်း တတ်နိုင်သလောက် အလုပ်သမားများ ထံသို့ ပေးပို့ခြင်း၊ စက်ရုံများတွင် စာကပ်ခြင်းများကို ပြုလုပ်မည်ဖြစ်ကြောင်း CTUM မှ သိရသည်။
လက်ရှိ အချိန်ထိ ယာယီ ပိတ်သိမ်းသည့် စက်ရုံ၊ အလုပ်ရုံများမှာ ရန်ကုန်တိုင်း တတိုင်းလုံးတွင် စက်ရုံ ၃၈ ရုံ ရှိကြောင်း CTUM က ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။
အဆိုပါ ပိတ်သိမ်းလိုက်သည့် စက်ရုံ အချို့မှာ လက်ဝါး ၂ အထည်ချုပ်စက်ရုံ၊ Sinopound (Myanmar) Garment အထည်ချုပ်စက်ရုံ၊ ကျင်ကျန် အထည်ချုပ် စက်ရုံ၊ KGG ကုမ္ပဏီ အထည်ချုပ်စက်ရုံ၊ Well Green Out Door (Myanmar) အိတ်ချုပ်စက်ရုံ၊ Lucky Sky Bags Myanmar အိတ်ချုပ်စက်ရုံ၊ မိုးဟိန်းစက္ကူစက်ရုံ၊ Designtime Myanmar လက်ပတ်နာရီ အစိတ်အပိုင်း စက်ရုံ၊ Myitmakha International Trading သစ်အချောထည်စက်ရုံ၊ Mingalar Sky ကုမ္ပဏီ အစားအသောက် ပို့ဆောင်ရေးလုပ်ငန်း အစရှိသည့် လုပ်ငန်းများ ဖြစ်သည်။
ထိုပိတ်သိမ်းမှုများ၏ အကျိုးဆက်ကြောင့် အလုပ်သမား ၂ သောင်းနီးပါး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပြီး လုပ်သားအင်အား လျှော့ချခံရသူ အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း CTUM မှ အချက်အလက်များ အရ သိရသည်။
You may also like these stories:
ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်