ကိုရိုနာဗိုင်းရပ်စ်(COVIC-19) မြန်မာနိုင်ငံတွင် တွေ့ရှိပြီးနောက် တနိုင်ငံလုံးရှိ တက္ကသိုလ် စာမေးပွဲ ဖြေဆိုနေမှုများကို ယာယီ ရပ်ဆိုင်းထားရန် စီစဉ်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အတည် ပြုသည်။
လက်ရှိအချိန်တွင် တက္ကသိုလ်များကို ကိုယ်ပိုင်လွတ်လပ်ခွင့် သဘောမျိုး ပေးထားပြီး ဖြစ်သည့်အတွက် တချို့ တက္ကသိုလ် များက ရပ်ဆိုင်းကြောင်း စာထုတ်ထားသော်လည်း တချို့တက္ကသိုလ်များက ကြေညာချက် မထုတ်သေးသော်လည်း တက္က သိုလ် တခုချင်းစီမှ အသီးသီး အခြေအနေကို ထိန်းချုပ်ရန် ပြင်ဆင်နေကြောင်း သူက ပြောသည်။
ယနေ့တွင် တနိုင်ငံလုံးရှိ တက္ကသိုလ်များ ရပ်ဆိုင်းကြောင်း အသိပေးစာကို နိုင်ငံတော်သမ္မတရုံး၏ ကြေညာချက်နှင့် ညွှန်ကြားချက်များကို စောင့်ဆိုင်းနေရသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များ စာမေးပွဲ ရပ်ဆိုင်းရန် သီးခြား ကြေညာချက် မထုတ်ပြန်ရသေးကြောင်း သိရသည်။
ဦးကိုလေးဝင်းက “တွေ့ပြီဆိုကတည်းက ဘယ်တက္ကသိုလ်ကမှ အမိုက်ခံပြီး မလုပ်ပါဘူး။ သေချာပေါက်ကတော့ အကုန် နားဖို့များပါတယ်။ ရွှေ့ဆိုင်းမှာပေါ့။ ပညာရေးဝန်ကြီးဌာနအနေနဲ့ တရားဝင်စာ မထုတ်ရသေးပေမယ့် သမ္မတရုံးရဲ့ အတည် ပြု အမိန့်ကို စောင့်နေတာ။ အခုလည်း တက္ကသိုလ် တခုချင်းဆီက သူတို့တခုချင်းအလိုက် သီးခြား ရပ်ဆိုင်းကြောင်း စာထုတ် လာနေပါပြီ။ တနိုင်ငံလုံး ရပ်ဆိုင်းဖို့ အစီအစဉ် ရှိပါတယ်” ဟု ဆိုသည်။
ထို့အပြင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွှာ စစ်ဆေးနေမှုများကိုလည်း စတင်ရပ်ဆိုင်းလိုက်ပြီး အစိုးရစစ် စာမေးပွဲများ ဖြစ်သည့် ၄ တန်းနှင့် ၈ တန်း စာစစ်များကိုပါ ရပ်ဆိုင်းလိုက်ပြီဟု ၎င်းက ပြောပြသည်။
ယနေ့မနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ဒီကရီကောလိပ် စသဖြင့် ရန်ကုန်ရှိ တက္ကသိုလ်အချို့က စာမေးပွဲ ရပ်ဆိုင်းကာ ရွှေ့ဆိုင်းလိုက်ကြောင်း အသီးသီး ကြေညာချက်များ ထုတ်ပြန် ခဲ့ကြသည်။
အမေရိကန်နိုင်ငံမှ မတ်လ ၁၃ ရက်နေ့က ပြန်လာသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နေ အသက် ၃၆ နှစ်အရွယ် ချင်းတိုင်းရင်းသား ၁ ဦးနှင့် အင်္ဂလန်နိုင်ငံမှ ပြန်လာကာ
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် Quarantine ပြုလုပ်နေသော အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦးတို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရပြီဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့ညက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ၃၃၂၉၃ဝ ဦးနှင့် သေဆုံးသူ ၁၄၅၁ဝ ဦး ရှိနေပြီ ဖြစ်ကြောင်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့ WHO က သတင်းထုတ်ပြန်ခဲ့သည်။
ဆက်စပ်လင့်
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်
ထိုင်းမှပြန်လာသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတဦး ထွက်ပြေး