ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုများ မရှိစေရန် မန္တလေးကျောက်ဝိုင်းနှင့် လက်ဖက်ရည်ဆိုင်များ အပါအဝင် စားသောက်ဆိုင်များ ယာယီပိတ်ရန် ညွှန်ကြားကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
“ကျောက်ဝိုင်းပိတ်ဖို့ ညွှန်ကြားပြီး ဖြစ်သလို လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် အပါအဝင် စားသောက်ဆိုင်တွေလည်း ပါဆယ်စနစ်နဲ့ ရောင်းဖို့ ညွှန်ကြားပြီး ဖြစ်ပါတယ်။ ခုကတော့ အတည်ပြုလူနာ ၂ ဦးတွေ့တာ ဆိုပေမယ့် Local Transmission (ဒေသတွင်း ကူးစက်မှု) အဆင့် မရောက်သေးဘူးပေါ့။ ဒါကြောင့် ဈေးတွေ၊ ခရီးသွားလာမှု ကန့်သတ် တာ တွေကိုတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အလိုက် ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။
နေ့စဉ် ပျမ်းမျှ လူ ၁ သိန်းဝန်းကျင် အဝင်အထွက်ရှိသော မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းအား မတ်လ ၂၆ မှ ဧပြီ ၃၀ အထိ ယာယီပိတ်ရန်နှင့် မန္တလေးတိုင်း အတွင်းရှိ လက်ဖက်ရည်၊ ဘီယာနှင့် စားသောက်ဆိုင်များအား ဆိုင်တွင် ထိုင်စားရောင်းချခြင်း မပြုလုပ်ဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရန် တိုင်းအစိုးရက ညွှန်ကြားထားပြီး ဖြစ်သည်ဟု သိရသည်။
“အစိုးရအဖွဲ့ကတော့ ၂၆ ရက်မှ ပိတ်ဖို့ ညွှန်ကြားပေမယ့် မနေ့ညက ပိုးရှိတဲ့သူ တွေ့ပြီလို့ သိရကတည်းက ဒီနေ့ စပိတ်လိုက်ပြီ။” ဟု မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၂ ဦးကို ရန်ကုန်နှင့် ချင်းပြည်နယ်တို့တွင် တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့ညက ကြေညာပြီးနောက် ဒေသတွင်း ရောဂါပိုးကူးစက်မှု မရှိအောင် မန္တလေးတိုင်း အနေဖြင့် လိုအပ်သော အစီအမံများအား အဆင့်လိုက် ဆောင်ရွက်နေပြီဟု ဆိုသည်။
ထို့အပြင် မန္တလေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာများ ထားရှိရန်အတွက် ယာယီ ကျန်းမာ ရေး စောင့်ရှောက်မှုနေရာအဖြစ် ကန်တော်နဒီဆေးရုံနှင့် နဒီမြန်မာ ဟိုတယ်တို့အား သတ်မှတ်ထားသော်လည်း ထပ်မံတိုးချဲ့ရန် လိုအပ်လာပါက အသုံးပြုနိုင်ရန်အတွက် တရားစခန်းများ၊ ပညာရေးဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် များရှိ အဆောက်အဦများအား စတင်ပြင်ဆင်နေပြီဟု သိရသည်။
ဘုရားများ၊ ပန်းခြံနှင့် အများပြည်သူ အပန်းဖြေနေရာများအား ပိတ်ရန် အစီအစဉ်ရှိ၊ မရှိအပေါ် “အခုအခြေအနေက Lock Down အဆင့် မဟုတ်သေးတော့ အဲဒီနေရာတွေကို ပိတ်တော့ မပိတ်သေးပါဘူး။ ဒါပေမယ့် လိုအပ်လာရင်တော့ အဆင့်လိုက် လုပ်သွားမှာပါ” ဟု တိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ ၂၃ ရက် သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၂ ဦး၊ စောင့်ကြည့်လူနာ ၂၁၂ ဦး ရှိသည့်အနက် မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ၆၇ ဦးရှိကြောင်း သိရသည်။
ကမ္ဘာကပ်ရောဂါ ၁ ခုဖြစ်သော COVID-19 ရောဂါသည် မြန်မာအပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၁၉၀ နီးပါးတွင် ကူးစက် ဖြစ်ပွားလျက်ရှိပြီး အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၃၀၀၀ နီးပါးရှိ၍ ကူးစက်ခံ လူနာပေါင်း ၃ သိန်းကျော် ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ပိုးတွေ့ လူနာ၂ ဦး စိုးရိမ်စရာမရှိ၊ သတင်းမှားများကို မယုံကြရန် သတိပေး
တနိုင်ငံလုံးရှိ တက္ကသိုလ် စာမေးပွဲများ ယာယီရပ်ဆိုင်းမည်
ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့