ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့သည့် လူနာ နေထိုင်ခဲ့ရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ကပ်တဲလ်ရွာကို ယနေ့ မနက်မှ စတင်ကာ Lockdown အဝင်အထွက် ပိတ်လိုက်ကြောင်း တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဂိုဆွမ်ခိုင်က ဧရာဝတီသို့ အတည်ပြုသည်။
ဦးဂိုဆွမ်ခိုင်က”ရောဂါပိုးတွေ့တဲ့ ကပ်တဲလ်ရွာကို Lock down လုပ်လိုက်ပါပြီ။ သူ အခု တီးတိန်ဆေးရုံမှာ ၈ ခန်းတွဲ ဝန်ထမ်းအိမ်ရာ အသစ်မှာ ရှိတယ်။ ဘယ်သူမှ မနေသေးတော့ ၁ ခန်းကိုတော့ သူ့အတွက် သီးသန့်ထားတယ်။ ကျနော့်ကို ပြည်နယ်အစိုးရက တာဝန်ပေးတယ်။ ရွာကို လုပ်မယ်ဆိုရင်တော့ စားနပ်ရိက္ခာအတွက် ကော်မတီ ဖွဲ့စည်းပြီး အစား အသောက်နဲ့ လိုအပ်တာ ပံ့ပိုးပေးဖို့ စီစဉ်နေပါတယ်”ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကလေးခရိုင်အုပ်ချုပ်ရေးမှူးကိုလည်း သူတည်းခဲ့တဲ့ လိပ်စာနဲ့ လူနာမည်နဲ့ သတင်းပေး ထားပါတယ်။ တီးတိန်မှာလည်း သူတည်းခဲ့တဲ့ အိမ်ကိုလည်း home quarantine လုပ်ထားပါတယ်”ဟု ပြောသည်။
အဆိုပါ ကပ်တဲလ်ရွာတွင် အိမ်ခြေ ၆၉၂ အိမ်ရှိပြီး လူဦးရေ ၃၆၆၀ ရှိကြောင်း၊ ပိုးရှိသူ သွားလာခဲ့သည့် ကလေးမြို့ကိုလည်း ခရီးသည် ဝင်ထွက်သွားလာခွင့် ကန့်သတ်လိုက်ကြောင်း၊ ၎င်း နှင့် တွေ့ဆုံခဲ့သူများ၊ သတို့သမီး အပါအဝင် မိသားစုဝင်များ ကိုလည်း home quarantine လုပ်မည်ဖြစ်ကြောင်း သိရသည်။
ကလေးမြို့ ဒေသခံ မဂျူးဂျူးက”တောင်ပေါ်သွားမယ့် ကားတွေ အကုန် မသွားခိုင်းတော့ဘူး။ ဝင်လာမယ့်သူတွေကိုလည်း အဝင်မခံတော့ဘူး။ လောလောဆယ်တော့ ဒီကနေ သွားမယ့်သူတွေကလည်း မသွားသေးဘဲ ကိုယ် နေတဲ့နေရာကို ပြန်ရမှာပဲ။ မြို့မဈေးနဲ့ တာဟန်ဈေးကတော့ မပိတ်သေးဘူး။ ဒါပေမယ့် ကလေးမြို့ပေါ် မှာရှိတဲ့ တချို့ဆေးဆိုင် တော်တော်များများ ပိတ်ကုန်ပြီ”ဟု ပြောသည်။
အမေရိကန်နိုင်ငံမှ မတ် ၁၃ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် Green card ကိုင်ဆောင်ထားသူ ၃၆ နှစ် အရွယ် အမျိုးသားသည် မင်္ဂလာဆောင်ရန် အတွက် တီးတိန်မြို့နယ် ကပ်တယ်လ် (Kaptel) ရွာသို့ ရောက်ရှိလာပြီးနောက် ဖျားနာခဲ့ရာမှ တီးတိန်ဆေးရုံသို့ ရောက်ရှိလာကြောင်း၊ မတ် ၂၃ ရက်နေ့ ဓာတ်ခွဲစမ်းသပ် အဖြေအရ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသဖြင့် မတ် ၂၃ မှစ၍ ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ပြည်သူ့ဆေးရုံတွင် သီးသန့်ခန်း အတွင်း၌ စောင့်ကြည့် ကုသနေကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း သူ၏ လူမူကွန်ရက်တွင် ချင်းအမျိုးသား ဧည့်ခံပွဲ လုပ်ခဲ့ သည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ရွာကြီးကို Lockdown (သို့မဟုတ်) Community Quarantine စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၎င်း ထိတွေ့ခဲ့သူအားလုံးကို သီးသန့်ခွဲခြားပြီး Quarantine စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနှင့် ကလေးမြို့ဘက် အလန့်တကြားနှင့် စစ်ကိုင်းဘက် ဆင်းသွားသူများကိုလည်း ကန့်သတ်ထားလိုက်ပြီး ပြည်တော်ပြန်များကို Home Quarantine ၁၄ ရက် ထားမည်ဟု ရေးသားထားသည်။
ထို့ပြင် ကလေး-တီးတိန် အဝင်အထွက်များ ကန့်သတ်မည် ဖြစ်ပြီး စစ်ကိုင်းတိုင်း အဝင် တံတားကြီး များတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ကြောင်း၊ ပြည်တော်ပြန်များကို Home Quarantine ၁၄ ရက် ထားမည်ဖြစ်ကာ ရောဂါပိုးရှိသူ ဓာတ်ပုံရိုက်သွားခဲ့သည့် ဓာတ်ပုံဆိုင် အပါအဝင် သွားခဲ့တဲ့ နေရာများနှင့် မိသားစုဝင်များကို Home Quarantine လုပ်ဆောင်နေပြီဖြစ်သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။
၎င်းကို ရန်ကုန်လေဆိပ်တွင် ကြိုခဲ့သည့် အစိုးရဌာနတခုမှ အမျိုးသမီးကို Home Quarantine ၁၄ ရက် ထားထားကြောင်း၊ ရန်ကုန်-ကလေး တိုက်ရိုက် MNA လေကြောင်းခရီးစဉ်တွင် အတူတကွ စီးနင်းလိုက်ပါခဲ့တဲ့ အခြားခရီးသည်များကိုလည်း စာရင်းတိုက်ဆိုင်ပြီး Home Quarantine ၁၄ ရက် ထားရန် ဆောင်ရွက်နေကြောင်း သိရသည်။
ထို့အပြင် အဆိုပါ MNA လေယာဉ်ကို ပိုးသတ်မှုအား စနစ်တကျ ဆောင်ရွက်နေကြောင်း၊ လိုက်ပါခဲ့သည့် လေယာဉ် Crew ၅ ဉီးကိုလည်း Home Quarantine ၁၄ ရက် လုပ်ထားကြောင်း ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၂ ဦး၊ စောင့်ကြည့်လူနာ စုစုပေါင်း ၂၁၂ဦး ရှိပြီး ၎င်းတို့အနက် ဓာတ်ခွဲခန်းအဖြေအရ COVID-19 ရောဂါပိုးမရှိသူ ၂၁၀ ဦး ရှိကာ ရောဂါပိုးတွေ့သူ ၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်ရောဂါပျံ့နှံ့နေချိန် ဘယ်လိုသတင်းယူကြမလဲ
ပိုးတွေ့ လူနာ၂ ဦး စိုးရိမ်စရာမရှိ၊ သတင်းမှားများကို မယုံကြရန် သတိပေး