ပြည်ပမှ မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ပြီးနောက် မတ် လ ၂၅ ရက်က စတင်ကာ ထပ်မံ တင်းကြပ်သည့် ကန့်သတ်ချက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသားများ အနေဖြင့် လေယာဉ်ပေါ် မတက်မီ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း) မရှိကြောင်း ကျန်းမာရေး ထောက်ခံစာ ပြသရန် လိုအပ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင်လည်း ၁၄ ရက်ကြာ Facility Quarantine ပြုလုပ်မှုကို ခံယူရမည် ဖြစ်သည်။
နိုင်ငံခြားသားများ အနေဖြင့် ၇၂ နာရီအတွင်း ရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံ စာနှင့် ဓာတ်ခွဲခန်း စမ်းသပ်ချက် ရလဒ် ပါရှိရန် လိုအပ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ၁၄ ရက်ကြာ Facility Quarantine ပြုလုပ်မှုကို ခံယူရမည် ဖြစ်သည်။
သံတမန်များနှင့် ကုလသမဂ္ဂ အရာရှိများ အနေဖြင့် ၇၂ နာရီအတွင်း ရရှိထားသည့် COVID-19 ရောဂါကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံစာနှင့် ဓာတ်ခွဲခန်း စမ်းသပ်ချက် ရလဒ် ပါရှိရန်လိုအပ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ၁၄ ရက် ကြာ Home Quarantine ပြုလုပ်မှုကို ခံယူရမည် ဖြစ်သည်။
၎င်းတို့အနေဖြင့် အထက်ပါ အထောက်အထားများ မပါရှိပါက မြန်မာနိုင်ငံသို့ သွားရောက်မည့် Boarding Pass ထုတ်ပေး မည် မဟုတ်ကြောင်း ကြေညာထားသည်။
လက်ရှိတွင် ရောဂါပိုးတွေ့ရှိထားသူ တဦးမှာ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ မတ် ၁၃ ရက်တွင် လေကြောင်းခရီးဖြင့် ဝင် ရောက်လာသူဖြစ်ပြီး ချင်းပြည်နယ် တီးတိန် ပြည်သူ့ ဆေးရုံတွင် တက်ရောက် ကုသလျက်ရှိကာ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ပြင်းထန် လက္ခဏာ မရှိဘဲ အဖျားသက်သာလျက် ရှိကြောင်း သိရသည်။
အခြားသူတဦးမှာ အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်တွင် လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူဖြစ်ကာ လက်ရှိတွင် ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံ၌ သီးခြားထားရှိ ကုသလျက်ရှိပြီး ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မရှိသည့် အပြင် ဖျားနာခြင်းလည်း မရှိသေးကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး လူမှုကွန်ရက်က တဆင့် ရှင်းလင်းထားသည်။
အစိုးရအနေဖြင့် လတ်တလော ရောဂါပိုးတွေ့ရှိထားသူ နှစ်ဦးနှင့် ဆက်စပ်သည့် လူပုဂ္ဂိုလ်၊ ပတ်ဝန်ကျင်းများအား ရှာဖွေ ကာ ထိန်းချုပ် ကန့်သတ်မှုများ ပြုလုပ်လျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်-
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်
ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့
နယ်စပ်ဖြတ် ပြန်လာသူများ အိမ်ပြန်ပို့ပြီး ၁၄ ရက် စောင့်ကြည့်မည်