ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဖြစ်သူ ဦးနိုင်ငံလင်းကို အသွားအလာ ကန့်သတ်ကာ နေအိမ်တွင်သာ စောင့်ကြည့်အဆင့် အဖြစ်( Home Quarantine ) လုပ်ရန် ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားလိုက်သည်။
၎င်းအနေဖြင့် လက်ရှိအချိန်တွင် ကျန်းမာရေး ကောင်းမွန်လျှက်ရှိသော်လည်း ပြီးခဲ့သည့် ၂ ရက်က အင်္ဂလန်မှ ပြန်လာ သည့် ကျောင်းသားများကို ဓမ္မဒူတ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် Quarantine ထားရှိမှုအား သွားရောက်ကြည့်ရှု့ကာ လိုအပ်သည်များကို တွေ့ဆုံ စိစစ် ညှိနှိုင်းပေးခဲ့ကြောင်း၊ အဆိုပါ ကျောင်းသားများထဲမှ ၁ ဦးသည် ကိုရိုနာဗိုင်းရပ်စ်ပိုး COVID -19 တွေ့ရှိခဲ့သဖြင့် ယခုလို နေအိမ်တွင်သာ စောင့်ကြည့်အဆင့် အဖြစ်သတ်မှတ်ကာ သီးခြား နေထိုင်စေခဲ့ခြင်း ဖြစ်ကြောင်း ဦးနိုင်ငံလင်းကလည်း အတည်ပြုသည်။
ဦးနိုင်ငံလင်းက “တနေ့ကနဲ့ မနေ့က ကျနော်တို့ အင်္ဂလန်က ကျောင်းသားတွေ ပြန်လာတာကို သွားကြည့်ကြတယ်။ အနီးကပ်တော့ မနေပါဘူး။ ဒါပေမယ့် အခု ၁ ယောက်က COVID- 19 တွေ့တယ်ဆိုတော့ ကျနော့်ကိုလည်း အိမ်မှာပဲ နေဖို့ ညွှန်ကြားတာကြောင့် ကျနော့် အိမ်မှာပဲ နေတာပါ။ ၁၄ ရက်ပေါ့။ ကျနော်က အိမ်သားတွေနဲ့ ခွဲနေရမှာပေါ့။ လက်ရှိထိ အကုန်ကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်ရဲ့ အစိုးရတာဝန်တွေကို လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်ကို လွှဲထားတယ်။ အိမ်မှာပဲ နေမယ်။ ဒီလို ထူးခြားလာတဲ့ ဖြစ်စဉ်တွေဆို ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကိုင်တွယ်ဆောင်ရွက်မှာပါ” ဟု ရှင်းပြသည်။
အမေရိကန်နိုင်ငံမှ မတ်လ ၁၃ ရက်နေ့က ပြန်လာသည့် အသက် ၃၆ နှစ်အရွယ် ချင်းတိုင်းရင်းသား ၁ ဦးနှင့် အင်္ဂလန် နိုင်ငံမှ ပြန်လာသော အသက် ၂၆ နှစ်အရွယ် အမျိုးသား ၁ ဦးတို့တွင် COVID-19 ရောဂါပိုး ကူးစက်ခံနေရပြီဖြစ်ကြောင်း မတ်လ ၂၃ ရက်နေ့က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံနေရပြီး ကူးစက်ခံနေရသူ ၃၃၂ ၉၃ဝ ဦးနှင့် သေဆုံးသူ ၁၄၅၁ဝ ဦး ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတင်းထုတ်ပြန်ခဲ့သည်။