ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ မောင်တောပြည်သူ့ဆေးရုံ အဆင့်မြှင့်တင်ရန် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၄၇၆,၈၄၀ ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သိရသည်။
ထောက်ပံ့ပေးမှုကို ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မတ်လ၂၄ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက် သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မစ္စတာ မာရုယာမ အီချီရိုသည် ၂၀၁၉ ခုနှစ် သြဂုတ်လတွင် နိုင်ငံတော် အတိုင် ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ဝန်ကြီးက မောင်တော ဆေးရုံကြီး၌ လိုအပ်နေသော အခြေအနေများကို သံအမတ်ကြီးအား ပြောပြခဲ့သည်။
မောင်တောဆေးရုံကြီးတွင် လူနာဆောင်များနှင့် ဆက်စပ်ပစ္စည်းများ မလုံလောက်သဖြင့် ဆေးရုံ၏ လူနာဆောင်များနှင့် ဆက်စပ်ပစ္စည်းများ၏ အရည်အသွေး မြှင့်တင်ခြင်းအတွက် ထောက်ပံ့ပေးပါရန် ဝန်ကြီးဦးကျော်တင့်ဆွေက သံအမတ် ကြီးအား မေတ္တာ ရပ်ခံခဲ့ကြောင်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆေးရုံမြှင့်တင်ရေးနှင့် ထောက်ပံ့မှုများ ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့ပြီး အဆိုပါ ကတိကဝတ်အရ မောင်တော ဆေးရုံကို ထောက်ပံ့ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ထောက်ပံ့ငွေကို မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ၏ ပြင်ပလူနာ၊ အရေးပေါ် လူနာဆောင်နှင့် အထူးကြပ်မတ် ကုသ ဆောင် ဆောက်လုပ်ခြင်း၊ အဆောင်များအတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းတို့အတွက် အသုံးပြု နိုင်ရန် ရည်ရွယ်ကာ လှူဒါန်းမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
မောင်တော ပြည်သူ့ ဆေးရုံအုပ် ဖြစ်သူ ဒေါက်တာ ကျော်မောင်မောင်သိန်းကလည်း ဂျပန်အစိုးရ၏ ထောက်ပံ့ပေးမှုသည် မောင်တောဆေးရုံ၏ ရောဂါကုသမှု ကဏ္ဍများအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောကြားသည်။
လက်ရှိတွင် မောင်တောဆေးရုံသည် ကုတင် ၅၀ ဆန့် ဆေးရုံဖြစ်ပြီး ဆရာဝန် ၇ ဦးဖြင့် လုပ်ငန်း လည်ပတ်နေကြောင်း ၎င်းက ဆိုသည်။
မောင်တောဆေးရုံတွင် ပြင်ပလူနာဆောင်မရှိသဖြင့် အတွင်းလူနာဆောင်၏ ကျဉ်းကျပ်သော နေရာတနေရာတွင်သာ ပြင်ပ လူနာများကို ကုသပေးနေရကြောင်း၊ အရေးပေါ် အထူးကြပ်မတ် ကုသဆောင်လည်း မရှိသဖြင့် အရေးပေါ် လူနာများ သည်လည်း အခြားလူနာများနှင့်အတူ ဆေးကုသမှု ခံယူနေရကြောင်း ဒေါက်တာ ကျော်မောင်မောင်သိန်းက ပြောပြသည်။
“ဆေးရုံသုံး ပစ္စည်းများနဲ့ လူနာဆောင် မရှိတဲ့အတွက် အရေးပေါ် လူနာတွေကို ဆေးကုသတဲ့နေရာမှာ ကန့်သတ်ချက် တွေ ရှိနေပါတယ်။ လှူဒါန်းငွေတွေနဲ့ လူနာဆောင်တွေ ဆောက်ပြီးသွားရင်တော့ အဲဒီ ကန့်သတ်ချက်တွေကို လျှော့ချ နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
လူနာဆောင်များ ဆောက်လုပ်မှုကို လာမည့် ဧပြီလတွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ပြီး လူနာဆောင်များ ဆောက်လုပ်ပြီးစီးပါက မောင်တော ပြည်သူ့ ဆေးရုံသည် ခုတင် ၁၀၀ ဆန့် ဆေးရုံဖြစ်လာမည် ဖြစ်ကြောင်း ဒေါက်တာ ကျော်မောင်မောင်သိန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်မှ လက်ရှိ ကာလအထိ ဂျပန်အစိုးရ၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်ဖြင့် လှူဒါန်းသော ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းပေါင်း၂၀၁ ခုရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အချက် အလက်များအရ သိရသည်။