COVID-19 ကာကွယ်ကုသရန် စေတနာ့ဝန်ထမ်း ဆရာဝန်များ အသင့်ရှိ
COVID-19 ကာကွယ်ကုသရေး လုပ်ငန်းများအတွက် စေတနာ့ ဝန်ထမ်းဆရာဝန်များ အသင့်ရှိနေပြီဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆရာဝန်အသင်း (ရန်ကုန်) က သိရသည်။
မတ်လ ၁၉ ရက်က စေတနာ့ဝန်ထမ်းများ ဆရာဝန်များ ဖိတ်ခေါ်ခဲ့ရာတွင် ၁၂၀ ခန့် စာရင်းပေးထားပြီး ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆရာဝန်အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဝင်းဇော်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ နိုင်ငံပြင်ပမှ ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြု လုပ်ရာတွင် အဆိုပါ စေတနာ့ ဝန်ထမ်း ဆရာဝန်များအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆာင်ရွက်ရန် အတွက်လည်း စီစဉ်နေကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာ ဝင်းဇော်က “ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ အသွားအလာ ကန့်သတ်ခြင်း (Quarantine) လုပ်မယ့် ကိစ္စ တွေ ရှိလာတယ်လေ။ အဲဒီမှာ ကူညီဆောင်ရွက်မယ်လို့ စကားပြောထားတာ ရှိတယ်။ ဝန်ကြီးဌာနက အတည်မပြုထားဘူး။ စကားပြောထားတာပဲ ရှိသေးတယ်။ တရားဝင်စာနဲ့တော့ ထွက်မလာသေးဘူး” ဟု ၎င်းက ဆိုသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး က “ဆရာဝန်အသင်းကတော့ လိုအပ်ရင် ကူညီလို့ရအောင် လိုအပ်တဲ့ နေရာတွေမှာ ဖြည့်ဆည်းဖို့အတွက် ဆောင်ရွက်ထား တာ ဖြစ်ပါတယ်။ လိုအပ်လာရင်တော့ ဒီအင်အားတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
COVID -19 ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် ပတ်သက်ပြီး ပြည်သူလူထု ပိုမိုသိရှိစေရန်အတွက် ပညာပေး လုပ်ငန်းများကိုလည်း စေတနာ့ ဝန်ထမ်းများဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းက သိရ သည်။
ဆရာဝန် အသင်း အနေဖြင့် စေတနာ့ဝန်ထမ်း ဆရာဝန်များ လိုအပ်သည့် Mask များ ၊ PPE ဝတ်စုံများအား အလှူရှင်များ ရှာဖွေကာ ဝယ်ယူမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ နိုင်ငံ ပြင်ပမှ ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်ခြင်း (Quarantine) လုပ်မည့် နေရာများအဖြစ် ဝေဘာဂီဆေးရုံ ၊ တောင်ဥက္ကလာပ အမျိုးသမီးဆေးရုံ၊ မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီ သင် တန်းကျောင်း၊ AYA Bank Training Center ၊ Yangon Airport Hotel ၊ ၇ မိုင် ဟိုတယ်၊ လှည်းကူးရှိ ခွဲစိတ် သင်တန်း ကျောင်း၊ လှိုင်တက္ကသိုလ်ဝင်းတွင်း ပညာရေး ဝန်ထမ်းများ အိမ်ယာနှင့် မှော်ဘီရှိ ဆရာတော် အရှင်ဆေကိန္ဒ၏ ကျောင်း တိုက် အစရှိသည်တို့တွင် စီစဉ်ထားကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 သံသယလူနာ၂ ဦးနှင့် စောင့်ကြည့်လူနာ၂၁၃ ဦး ရှိသည့်အနက် ပိုးတွေ့လူနာ၂ ဦး၊ ပိုးမတွေ့ လူနာ၂၁၀ ဦး၊ ဓာတ်ခွဲ စောင့်ဆိုင်းဆဲ ၃ ဦး ရှိကြောင်း မတ်လ ၂၃ ရက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန် သည့် အချက်အလက်အရ သိရသည်
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် ယနေ့ မတ် ၂၄ ရက်အထိ ကမ္ဘာ့နိုင်ငံ ၁၈၉ နိုင်ငံအထိ ပျံ့နှံ့လျက်ရှိပြီး သေဆုံးသူ ၁၄၆၅၂ ဦး ရှိနေပြီ ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
ပိုးတွေ့ လူနာ၂ ဦး စိုးရိမ်စရာမရှိ၊ သတင်းမှားများကို မယုံကြရန် သတိပေး
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်