သတင်း

ဧရာဝတီတိုင်းရှိ ကမ်းခြေနှင့်တန်ခိုးကြီးဘုရားများသို့ လည်ပတ်ခွင့်ပိတ်မည်

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အပန်းဖြေကမ်းခြေများ အားလုံးနှင့် တန်ခိုးကြီးဘုရားများ အားလုံး ပိတ်သိမ်းရန် ယနေ့ ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကူးစက်မြန်အဆုတ်ရောင်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ပြည်တွင်းပြည်ပ ခရီးသွား ဝင်ရောက်မှု များပြားသည့် ကမ်းခြေများနှင့် တန်ခိုးကြီးဘုရားများသို့ ဝင်ရောက်ခွင့် ပိတ်ရန် ဒေးဒရဲမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ၂၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အရေးကြီးအဆို အဖြစ် တင်သွင်းခဲ့သည်။

“ကျနော်တို့ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ COVID-19 ရောဂါ ဝင်ရောက်လာနိုင်တဲ့ အခြေအနေတွေ တားဆီးနိုင်ဖို့နဲ့ ရောဂါ ကာကွယ် တားဆီးရေးမှာ ပြည်သူ ပူးပေါင်း ပါဝင်လာအောင် အစိုးရ အနေနဲ့ ပိုပြီး ကြိုးစား ဆောင်ရွက်ဖို့ ဒီအဆိုကို တင်သွင်း ဆွေးနွေးကြခြင်း ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီအဆို အတိုင်း မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လွှတ်တော်က တိုက်တွန်း ဆုံးဖြတ်ခဲ့ပါတယ်”ဟု အရေးကြီးအဆိုကို ဆွေးနွေးခဲ့သူ ကြံခင်းမြို့နယ်၊ အမှတ် ၁ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ဧရာဝတီကို ပြောသည်။

ယင်းအဆိုကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦးက ထောက်ခံခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှလည်း သဘောတူသည့် အတွက် ကမ်းခြေများနှင့် တန်ခိုးကြီးဘုရားများကို မတ်လ ၂၅ ရက်နေ့မှ စတင်၍ ဝင်ရောက်ခွင့် ပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ကာလ အပိုင်းအခြားကို မသိရှိရသေးပါ။

ဧရာဝတီတိုင်းအစိုးရက လာရောက် လည်ပတ်ခွင့် ပိတ်ပင်လိုက်သည့် ကမ်းခြေများမှာ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဂေါ်ရန်ဂျီနှင့် မော်တင်စွန်း ကမ်းခြေများ ပါဝင်ပြီး ဟိုတယ်၊ တည်းခိုခန်း သာမက နေအိမ်များတွင် တည်းခိုနေထိုင် လည်ပတ်ခြင်းနှင့် နေ့ချင်းပြန် လည်ပတ်ခြင်းများကိုပါ မတ်လ ၂၅ ရက်နေ့မှ စတင်ကာ ရက်အကန့် အသတ်မရှိ ပိတ်သိမ်းမည်ဖြစ်သည်။

ကမ်းခြေများအပြင် ဧရာဝတီတိုင်း၏ တန်ခိုးကြီးဘုရားများ ဖြစ်သော ငပုတောမြို့နယ်ရှိ မော်တင်စွန်းဘုရား၊ ဇလွန်မြို့ နယ်ရှိ ဇလွန်ပြည်တော်ပြန် ဘုရားနှင့် ကြံခင်းမြို့နယ်ရှိ အကောက်တောင် ဘုရားများကိုလည်း ဝင်ရောက်ဖူးမျှော်ခွင့် ပိတ်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

“ပြည်တွင်းပြည်ပက လာရောက် လည်ပတ်တဲ့ခရီးသည်တွေကို ဟိုတယ်၊ တည်းခိုခန်းတွေ၊ Home Stay (ဒေသခံနေအိမ်) တွေက လက်မခံဖို့ ညွှန်ကြားသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဧရာဝတီတိုင်းအတွင်းက ကမ်းခြေအားလုံး ပိတ်သိမ်းမှာဖြစ်လို့ နေ့ချင်းပြန် လာရောက် လည်ပတ်မှုတွေပါ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ တန်ခိုးကြီးဘုရားတွေလည်း ဝင်ရောက်ဖူးမျှော်ခွင့် ပိတ်သိမ်းမယ့် အထဲမှာ ပါဝင်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိသူ ၂ ဦး မြန်မာနိုင်ငံတွင် တွေ့ရှိလာခဲ့ပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ ကမ်းခြေများနှင့် ဘုရားဖူး ဝင်ရောက်မှု အများဆုံးဖြစ်သည့် မော်တင်စွန်းဘုရား၊ ဇလွန်ပြည်တော်ပြန် ဘုရားနှင့် အကောက်တောင် ဘုရားတို့အား ခရီးသွား ဝင်ရောက်ခွင့် ပိတ်လိုက်သည်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ဧရာဝတီတိုင်းအတွင်းရှိ ခရီးသွား ဝင်ရောက်မှု အများဆုံးဖြစ်သည့် ချောင်းသာကမ်းခြေတွင် ဟိုတယ် ၃၉ လုံး၊ တည်းခိုခန်း ၅၉ လုံးနှင့် ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၃ လုံး၊ တည်းခိုခန်း ၄၆ လုံးရှိပြီး ၁ နှစ်လျှင် ပြည်တွင်းပြည်ပခရီးသွား သိန်းနှင့်ချီ၍ ဝင်ရောက် လည်ပတ်လေ့ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင် ကူးစက် ပျံ့နှံ့ခဲ့သည့် ကူးစက်မြန်အဆုတ်ရောင်ရောဂါ COVID-19 မှာ မတ်လ ၂၄ ရက်နေ့အထိ စာရင်းအရ ကမ္ဘာ့နိုင်ငံပေါင်း နိုင်ငံရှိ လူပေါင်း ၃ သိန်း ၈ သောင်းကျော်သို့ ကူးစက်ဖြစ်ပွားနေပြီး ယင်းရောဂါကြောင့် လူပေါင်းသောင်းနှင့်ချီ သေဆုံးခဲ့ပြီး ဖြစ်သည်။

You may also like these stories:

COVID-19 ကာကွယ်ကုသရန် စေတနာ့ဝန်ထမ်း ဆရာဝန်များ အသင့်ရှိ

ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်လာကြတဲ့အခါ

ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးကို Home Quarantine လုပ်ရန် ကျန်းမာရေးဌာန ညွှန်ကြား

Did you find apk for android? You can find new Free Android Games and apps.
Loading