ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံရှိ COVID-19 ပိုးတွေ့လူနာနှင့် လေယာဉ် အတူစီးခဲ့သူများထဲက ၁၀ ဦးကျော် အား အဆက်အသွယ်ရရှိပြီး နေအိမ်တွင် သီးခြား နေထိုင် စောင့်ကြည့်စေရန် ကွင်းဆင်း ကြည့်ရှုခြင်းနှင့် ညွှန်ကြားချက် များ ပေးထားကြောင်း ကလေးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ စိုးမိုးထွေးက ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပြောသည်။
ကူးစက်ခံရသူ စီးနင်းခဲ့သည့် လေယာဉ်ပေါ်တွင် ခရီးသည် ၅၀ ဦးခန့် လိုက်ပါခဲ့ပြီး ၎င်းတို့ထဲက အဆက်အသွယ် ရရှိသူများ ထဲတွင် ဖျားနာ၊ ချောင်းဆိုး စသည့် လက္ခဏာများ ရှိပါက ဆေးရုံတွင် ချက်ချင်းခေါ်ကာ သီးခြားစောင့်ကြည့်မည်ဖြစ်ပြီး သာမန်လူများအား နေအိမ်တွင်း သီးခြား စောင့်ကြည့်စေရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဒေါက်တာ စိုးမိုးထွေးက “တဦးဆိုရင် ကျမတို့က ဆက်သွယ်ဖို့ မထုတ်ပြန်ခင်ထဲက သူ့ဟာသူ ဆက်သွယ်လာတာပါ။ ညွှန်ကြားချက်တွေ လိုက်နာ လုပ်ဆောင်နေပါပြီ။ ကျမတို့ဆီ ဆက်သွယ်လာတဲ့ သူတွေကိုတော့ နေအိမ်မှာ သီးခြား စောင့်ကြည့်မှု (Home Quarantine)လုပ်ဖို့ လိုအပ်တဲ့ လမ်းညွှန်မှုတွေ ပေးပါတယ်” ဟု ပြောသည်။
လတ်တလော အဆက်အသွယ် ရရှိထားသူ အများစုမှာ ကလေးမြို့တွင် နေထိုင်သူများ ဖြစ်ကြောင်းသိရပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နေအိမ်များအထိ ကွင်းဆင်းကာ ပညာပေး ညွှန်ကြားမှုများ ပြုလုပ်လျက် ရှိကြောင်းလည်း ပြည်သူ့ ကျန်းမာရေး ခရိုင် ဒု ဦးစီမှူး ဒေါက်တာ စန်းမောင်က ဆိုသည်။
၎င်းသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ မတ်လ ၁၃ ရက်က လေယာဉ်ဖြင့် ရောက်ရှိလာကာ မတ် ၁၅ ရက်တွင် ရန် ကုန်လေဆိပ်မှ ကလေးမြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး၊ ကလေးမြို့တွင် ခေတ္တ နေထိုင်ခဲ့ပြီးနောက် တီးတိန်မြို့သို့ ထပ်မံ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းနေထိုင်သည့် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာကိုလည်း Lockdown သတ်မှတ်ကာ အဝင်အထွက်များ ပိတ်ပင်ထားသည့်အပြင် တီးတိန်မှ ကလေးမြို့သို့ လာရောက်သူများကိုလည်း ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်လျက် ရှိ သည်။
၎င်း စီးနင်းခဲ့သည့် မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်ကိုလည်း ပိုးသတ်မှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ် အမှုထမ်း ၅ ဦးနှင့် လေဆိပ်တွင် ကြိုဆိုခဲ့သည့် အစိုးရဌာန အမျိုးသမီး ဝန်ထမ်းတဦးကိုလည်း နေအိမ်တွင် သီးခြား စောင့် ကြည့်ခြင်း(Home Quarantine) ပြုလုပ်ထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အသိပေး ရှင်းလင်း ထားသည်။
လတ်တလောတွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၂ ဦးအား တွေ့ရှိထားပြီး ကူးစက်ခံထားရသည့် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသား တဦးကိုလည်း ဝေဘာဂီ ဆေးရုံ၌ တင်ပို့ ကုသလျက်ရှိကာ ၎င်းနှင့် အတူ ရှိခဲ့သူများကိုလည်း မှော်ဘီမြို့ နယ်ရှိ ဆရာတော် အရှင် ဆေကိန္ဒရှိ သီးခြားဆောင်တွင် စောင့်ကြည့်မှုများ ပြုလုပ်ထားသည်။
ဒေါက်တာ စိုးမိုးကြည်က “ထိတွေ့ခဲ့သူတွေ မြန်မြန် ဆက်သွယ်ကြဖို့ ဆိုတာက သူတို့ ကိုယ်တိုင်အတွက်၊ နောက်ပြီး သူတို့ မိသားစုတွေ အတွက်က အဓိကပါ၊ တာဝန်ရှိသူတွေဆီကို မြန်မြန် ဆက်သွယ်ကြစေချင်ပါတယ်” ဟု တိုက်တွန်းခဲ့သည်။
ရောဂါပိုး ကူးစက်ခံထားရသူများနှင့် ထိတွေ့ ဆက်ဆံခဲ့သူများအနေဖြင့် နီးစပ်ရာ ကျန်းမားရေးဌာနနှင့် တာဝန်ရှိသူများထံ အမြန်ဆုံး ဆက်သွယ်ကာ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပြီး ပြည်သူများ အနေဖြင့်လည်း စိုးရိမ်လွန်ကဲကာ ပစ္စည်းများ အား လုယက်ဝယ်ယူခြင်းများ မပြုလုပ်ကြရန် တာဝန်ရှိသူများက တိုက်တွန်းလျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ကာကွယ်ကုသရန် စေတနာ့ဝန်ထမ်း ဆရာဝန်များ အသင့်ရှိ
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးကို Home Quarantine လုပ်ရန် ကျန်းမာရေးဌာန ညွှန်ကြား
ကပ်တဲလ် ချင်းရွာ၊ တီးတိန်နဲ့ ကလေးမြို့ အဝင်အထွက် ပိတ်
ပိုးတွေ့ လူနာ၂ ဦး စိုးရိမ်စရာမရှိ၊ သတင်းမှားများကို မယုံကြရန် သတိပေး