ယနေ့က အတည်ပြုထုတ်ပြန်လိုက်သည့် အင်းစိန်မြို့နယ်နေ COVID-19 လူနာ ဖြစ်သူအား ယနေ့မနက် ၆ နာရီခန့်က ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းပို့ဆောင်လိုက်ပြီး၊ မိသားစုဝင် ၇ ဦးကို နေအိမ်၌ သီးခြားစောင့်ကြည့်မှု(Home Quarantine) အနေဖြင့် လတ်တလော ဆောင်ရွက်ထားသည်ဟု အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
၎င်းသည် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းအား ဆေးရုံတွင် အနီးကပ်ပြုစု ခဲ့သူ ညီဖြစ်သူကိုလည်း ဝေဘာဂီဆေးရုံသို့ ပို့ထားကြောင်း သိရသည်။
ဦးဝေဖြိုးဟန်က “ပြည်သူတွေ အနေနဲ့ အရမ်းကြီးမစိုးရိမ်ကြဖို့နဲ့ ကျန်းမာရေးဌာနတွေရဲ့ ညွန်ကြားချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းပါတယ်၊ ပြည်ပ ပြန်လာသူတွေကလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
အဆိုပါ အသက် ၂၆ နှစ်အရွယ် အမျိုးသားသည် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ မတ်လ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်က တဆင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မတ် ၂၃ ရက်နေ့တွင် ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုး ခြင်းများကြောင့် အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ကုသပြီးနောက် မတ်လ ၂၄ ရက်နေ့တွင် ဆေးစစ်ချက်အဖြေရရှိခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ရောဂါပိုးတွေ့ရှိသူ လူနာသစ်အနေဖြင့် ကျန်းမာရေးအခြေအနေ သက်သာလျှက်ရှိကြောင်းလည်း ယနေ့နံနက် ၁ နာရီခန့်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၃ ဦးရှိလာပြီဖြစ်ပြီး အမေရိကန်နိုင်ငံမှ ပြန်လာသူ လူနာအား ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားကုသလျှက်ရှိကာ အင်္ဂလန်နိုင်ငံမှ ပြန်လာသူ (အသစ်တွေ့ရှိသူ လူနာအပါအဝင်) နှစ်ဦးအား ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံတွင် သီးခြားထားရှိ ကုသလျှက်ရှိသည်။
You may also like these stories:
ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ
အမေရိကန်ကို Covid-19 စမ်းသပ်ကိရိယာနဲ့ Mask တွေ လှူဒါန်းဖို့ ဂျက်မား ကမ်းလှမ်း
အရေးပေါ်အခြေအနေ ဒေါ်နယ်ထရမ့် ကြေညာ