ရက္ခိုင်စစ်တပ် (AA) ကို မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းက ဆွေးနွေးနေဆဲ ပဏာမ အပစ် ရပ်စာချုပ် (Bilateral) ဆွေးနွေးနေမှုများကို အဟန့်အတား ဖြစ်စေနိုင်သည်ဟု မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များက ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့၏ အဖွဲ့ဝင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတာ၊ သတ်မှတ်တာက နိုင်ငံရေး ဆွေးနွေး တဲ့ဘက်က ကြည့်ရင် အနုတ်လက္ခဏာ ဖြစ်တယ်လို့ ကျနော်တို့က ယူဆပါတယ်” ဟု ပြောသည်။
မတ် ၂၃ ရက်တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် AA ကို မတရားအသင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး တပြိုင် တည်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ထုတ် ပြန် ကြေညာထားသည်။
ဗိုလ်မှူးကြီး နော်ဘူက “ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် နိုင်ငံရေး ဆွေးနွေးတဲ့နည်းလမ်းနဲ့ပဲ အဖြေရှာလို့ ရပါ မယ်လို့ ကျနော်တို့က ဆုံးဖြတ်ချက်ရှိပြီးသား ဖြစ်ပါတယ်။ အခုလို မတရားအသင်းတို့၊ အကြမ်းဖက်တို့ ဆိုတာက တော့ နိုင်ငံရေး ဆွေးနွေးတဲ့ဘက်မှာ အခက်အခဲရှိ လာလို့ရှိရင် ကျနော်တိုရဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ ရည်မှန်းချက်တွေက လည်း အလှမ်းဝေးလာနိုင်တဲ့ အနေအထားတော့ ရှိတယ်” ဟု ပြောသည်။
တပ်မတော်နှင့် AA ကြား ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ အပြင် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ စစ်ရေး မပြေလည်မှုများကို ရပ်တန့်ရန် အစိုးရ၊ တပ်မတော်တို့၏ ငြိမ်းချမ်း ရေး ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေဆဲကာလအတွင်း ယခုကဲ့သို့ ထုတ်ပြန်ချက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် မည်သို့ သဘောဆောင်သည်ကိုလည်း မေးခွန်း ထုတ်စရာ ဖြစ်ပါသည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
KIA ၊ AA ၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်ရပ် စာချုပ်တစောင် ချုပ်ဆိုနိုင်ရန်အတွက် Bilateral စာချုပ် တစောင်စီကို အတူတကွ ဆွေးနွေးနေဆဲ ဖြစ်သည်။
စစ်ရေးအရ ပူးတွဲ လှုပ်ရှားမှုများ ရှိသဖြင့် အစိုးရ၊ တပ်မတော်တို့နှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုမည်ဆိုပါက မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့က ၄ ဖွဲ့လုံး ဆွေးနွေးမှု ပြေလည်မှသာ အတူတကွ လက်မှတ် ရေးထိုးကြရန် သဘောတူထားကြ သည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က မြေပြင်တွင် စစ်ရေးပဋိပက္ခများ ပြေလည်စေ လိုပါက တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ရန် လိုအပ်ပါသည်ဟု ပြောသည်။
AA ကို ကြေညာချက် ထုတ်ခြင်းနှင့် ပတ်သက်၍လည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က “အခုလို ကြေညာလိုက်လို့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို ခရီးဆက်နိုင်တဲ့ ပုံစံ မဟုတ်ဘဲနဲ့ တဖက်နဲ့တဖက် ပိုပြီး နားလည်မှု လွဲစေနိုင်တယ်” ဟု ပြော သည်။
ထို့ပြင် ဗိုလ်မှူးကြီး နော်ဘူနှင့် ဗိုလ်မှူး မိုင်းအိုက်ကျော်တို့က ၎င်းတို့ မဟာမိတ်များအနေဖြင့် AA ပါဝင်မှသာ ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ် (Bilateral) ကို ဆွေးနွေး ညှိနှိုင်းပြီး လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး သီးခြားစီ ဆွေးနွေး ရန် မရှိပါဟု ပြောဆိုကြသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကြား ကြားဝင် ညှိနှိုင်းပေးနေ သည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့မှ ဦးဆန်အောင်ကလည်း “ပြဿနာဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းရှာပြီး ဖြေရှင်းသင့်တယ်။ နည်းလမ်းကို အပိတ်လုပ် ထားတာကတော့ မကောင်းဘူး။ အဲဒါကြောင့် အပိတ် လုပ်တာကတော့ အကျိုးတော့ မရှိဘူးလို့ ကျနော်တို့က မြင်ပါတယ်” ဟု မှတ်ချက်ပြုသည်။
၎င်းတို့ သိထားသည့် နောက်ဆုံးအခြေအနေမှာ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကြား ထပ်မံတွေ့ဆုံရန် နေရာညှိနှိုင်းကြမည် ဖြစ်ပြီး လတ်တလောတွင် COVID-19 ဗိုင်းရပ်စ်ကြောင့် တွေ့ဆုံမည့် နေရာရွေးချယ်မှုကို ဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု ဦးဆန်အောင်က ဆိုသည်။
AA ကို မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အစိုးရ၊ တပ်မတော်တို့မှ ငြိမ်းချမ်း ရေး ဆက်ဆွေးနွေးခြင်း အပေါ် အကျိုးသက်ရောက်မှု မည်သို့ ရှိမည်ကို အတိအလင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေး ပါ။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာ ၎င်းက AA ကို ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း စာရင်းတွင် ထည့်သွင်းထားသော်လည်း အကြမ်းဖက်မှု လုပ်ရပ်များကို ဆက်လက် လုပ်နေသဖြင့် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရခြင်း ဖြစ်သည်ဟု ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒါ လုပ်သင့်တဲ့ အလုပ်ပါပဲ။ ကျနော်တို့က ဒီအချိန်မှာ ပြောရမယ်ဆိုရင်တော့ ခွဲခြားဖို့ တော့ လိုလာပြီ။ ငြိမ်းချမ်းရေးကို မလိုလားတဲ့ အဖွဲ့တွေ့ကိုတော့ ဥပဒေအရရော စစ်ရေးစစ်ရာ အရရော ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ လိုလာပြီလို့ ပြောချင်ပါတယ်” ဟုလည်း ပြောသည်။
တပ်မတော်နှင့် AA တို့၏ စစ်ရေး ပဋိပက္ခများကို စောင့်ကြည့်လေ့လာနေသည့် Myanmar Institute For Peace and Security မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက “တပ်မတော်သားတွေ ပြောတဲ့ပုံကတော့ သူတို့ မဆွေး နွေးတော့ဘူး ဆိုတာမျိုး ပြောတယ်။ အစိုးရ ဘက်ကတော့ ဘယ်လို ချဉ်းကပ်မလဲပေါ့။ ၄ ဖွဲ့နဲ့ ဆက်သွယ်တာမှာ AA ပါလား မပါလား ကျနော်တို့ ရှင်းရှင်းလင်းလင်း မသိဘူး” ဟု ပြောသည်။
သို့သော် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ခြင်းက AA နှင့် ပတ်သက်၍ အစိုးရဘက်မှ အရေးယူ ဆောင်ရွက် မှုများကို ဥပဒေအရ အရှိန်အဟုန်မြှင့်ဆောင်ရွက်၍ ရပြီဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
မြန်မာနိုင်ငံ အစိုးရမှ အကြမ်းဖက်အဖွဲ့ဟု တရားဝင် ကြေညာချက်ထုတ် သတ်မှတ်လိုက်သဖြင့် AA နှင့် ပတ်သက် ဆက်နွယ်နေသူများ၊ AA ကို ကူညီနေသူများ၊ အဖွဲ့ဝင်များမှာ နိုင်ငံတကာတွင် နေထိုင်နေပါကလည်း နိုင်ငံတကာ ရဲ တပ်ဖွဲ့များ၊ အာဏာပိုင်များနှင့် ချိတ်ဆက်ကာ အရေးယူနိုင်မှုများ၊ နိုင်ငံတကာ အာဏာပိုင်များမှ ၎င်းတို့ သက်ဆိုင်ရာ နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများအရ အရေးယူမှုများ၊ အခွင့်အရေး ရုပ်သိမ်းမှုများ လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ဒေါက်တာ မင်းဇော်ဦးက သုံးသပ်သည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ အခန်း(၃) ပုဒ်မ ၆ ၊ ပုဒ်မခွဲ (ဆ)တွင် အကြမ်းဖက်မှုများကို တားဆီးနှိမ်နင်းရေး နှင့် တိုက်ဖျက်ရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် လည်းကောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း နိုင်ငံများနှင့်လည်းကောင်း ညှိနှိုင်းပူး ပေါင်း ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဥပဒေပါ ပြဋ္ဌာန်းချက်များအရ အကြမ်းဖက် အဖွဲ့ဟု သတ်မှတ်ခံထားရသည့် အဖွဲ့နှင့် အဖွဲ့ဝင်များသည် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းခံရပါက ပြစ်မှု၊ ပြစ်ဒဏ်များမှာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက် အထိ ဖြစ်စေ၊ သေဒဏ် ဖြစ်စေ ချမှတ်ရမည် ဟုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
မင်းပြား တပ်မတော် လေ့ကျင့်ရေးကျောင်း AA ဝင်တိုက်
ကုလားတန် စီမံကိန်းမှ ကျပ်သိန်း ၅၀ AA လုယူဟု ချင်းပြည်နယ် အစိုးရ စွပ်စွဲ
လက်နက်စက်ရုံ တည်ဆောက်ဖို့ ရည်မှန်းချက် အခိုင်အမာ ရှိပါတယ်