မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) တွေ့ပြီးနောက် လူစုလူဝေးများကို ကန့်သတ်ခြင်း၊ တားဆီးခြင်းများ ပြုလုပ် နေသော်လည်း အကျဉ်းထောင်များသည် လူစုလူဝေးများ ဖြစ်နေသည့် အတွက် စိုးရိမ်စရာ အကောင်းဆုံးနေရာ ဖြစ်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ပြောသည်။
လက်ရှိ အကျဉ်းထောင်များတွင် ဝင်ဆံ့နိုင်သည့် လူဦးရေထက် အဆမတန်များပြားနေသလို နေ့စဉ်အချုပ် အကျဉ်းသား များ ရုံးထုတ်ခြင်း၊ ရုံးပြန်ထွက်ခြင်း၊ အချုပ်အကျဉ်းသားများ နေ့စဉ် ရောက်ရှိလာနေခြင်းများကြောင့် COVID-19 သာ အကျဉ်းထောင် အတွင်းသို့ ကူးစက်လာမည်ဆိုလျှင် အစုလိုက် အပြုံလိုက် ကျရောက်လာမည့်နေရာ ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ထောက်ပြသည်။
ထု့ိပြင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄ဝ ကျော်မှ ရဲဘက်စခန်းများ၊ အထူးသဖြင့် ကျောက်ထုတ်စခန်းများသည် ကျန်း မာရေး စောင့်ရှောက်မှု အားအနည်းဆုံးနေရာနှင့် အကျဉ်းသားများ၏ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် နေရာများဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဦးထွန်းကြည်က “ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က ကျနော် အင်းစိန်ထောင်ထဲကို ထောင်ဝင်စာ သွားတွေ့တယ်။ အဲဒီမှာ လက် ဆေးတာ၊ ကိုယ်အပူချိန်တိုင်းတာ ဘာတခုမှ မလုပ်ဘူး၊ အလွန်အန္တရာယ်ကြီးတယ်။ စိုးရိမ်စရာ အကောင်းဆုံးနေရာက အကျဉ်းထောင်တွေပဲ။ ဖြစ်လာရင်တော့ အစုလိုက် အပြုံလိုက်ကို ဖြစ်မှာ။ လူတွေက အခန်းထဲမှာ အပေါ့အလေးတောင် သွားတာနဲ့ ကိုယ့်နေရာ ပျောက်သွားနိုင်လောက်အောင် လူတွေက ကျပ်ညပ်နေတာ” ဟု ပြောသည်။
၎င်းက “အကျဉ်းထောင်ထဲမှာ မူးယစ်ဆေးအမှုက ၆ဝ ရာခိုင်နှုန်းလောက် ရှိတယ်။ တပြား၊ နှစ်ပြားနဲ့ ထောင်ထဲရောက်သူ၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေ အများကြီး။ အဲဒီလူတွေကို အခုချိန်မှာ အချိန်မဆိုင်းဘဲ လွတ်ငြိမ်း ချမ်းသာပေးသင့်ပြီ။ လူ့အသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ အမှုမျိုးက လွဲလို့။ မူးယစ်ဆေး ကြီးကြီးမားမား ရောင်းတာ၊ သယ်တာက လွဲလို့ပေါ့။ ရှိသင့် ရှိအပ်တဲ့သူတွေကို ထားပေမယ့် လွှတ်ပေးသင့်သူတွေကို လွှတ်သင့်ပြီ” ဟု ပြောပြသည်။
အင်းစိန်ထောင်မှူးကြီးဟောင်းဖြစ်သူ နေပြည်တော်ရှိ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကမူ အကျဉ်းထောင် များတွင် ထောင်ဝင်စာတွေ့သူ၊ ထောင်ထဲသို့ နေ့စဉ် အဝင်အထွက်ရှိသည့် အကျဉ်းသား၊ အချုပ်သားများ အားလုံးကို လက်ဆေးပြီးမှ ထောင်ထဲသို့ ဝင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းတို့ကို ပြုလုပ်နေကြောင်း၊ လူသစ် ရောက်ရှိသူများ ကိုလည်း တခြား အကျဉ်းသားများနှင့် သီးခြား ခွဲထားခြင်းများ ပြုလုပ်နေကြောင်း ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ အကျဉ်းထောင်များကို ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်နေကြောင်း၊ ထောင်များ အတွင်း COVID-19 မဖြစ်သေးသော်လည်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။
ဦးဇော်ဇော်က “ကျနော်တို့တွေက ပို စိုးရိမ်ရပါတယ်။ လူတွေက အများကြီးရှိနေတာ။ အခု မြန်မာနိုင်ငံမှာ စတွေ့ပြီဆိုတော့ ပိုပြီး ထပ်လုပ်ရမှာပေါ့။ လူစုလူဝေး ဖြစ်နေတဲ့နေရာလေ။ အလုံပိတ် နေနေကြရတဲ့ နေရာဖြစ်တော့ ဖြစ်လာရင် အကုန်လုံး ကုန်မှာပဲ။ တယောက်နဲ့ တယောက်က ၃ ပေ အကွာမှာ ဘယ်လိုမှ နေလို့ရတဲ့နေရာ မဟုတ်ဘူး။ အကုန်လုံး ပူးပြီး အိပ်ကြ ရတာ။ အဲဒါကြောင့် လက်ဆေးဆပ်ပြာနဲ့ရေကို ဝန်ထမ်းတွေရော အကျဉ်းသားတွေရော အကုန်လုံး ဆေးခိုင်းတယ်။ ကိုယ်အပူချိန်လည်း တိုင်းပါတယ်” ဟု ရှင်းပြသည်။
ထို့အပြင် ရဲစခန်းများ၊ တရားရုံးများ အတွင်းရှိ အချုပ်ခန်းများနှင့် ပတ်သက်ပြီး မြို့နယ်အလိုက်၊ ခရိုင်အလိုက် စီမံချက်များ စတင် ရေးဆွဲနေပြီ ဖြစ်ကြောင်း၊ ပိုးသတ်ဆေး ဖြန်းခြင်း ကိစ္စက ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ဆောင်ပေးမှ ရမည်ဖြစ် ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးသိန်းလွင်က ပြောသည်။
လတ်တလောတွင် အချုပ်သားများအားလုံးကို COVID-19 နှင့်ပတ်သက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ဆေးရန် ရေနှင့်ဆပ်ပြာများ စီစဉ်ပေးခြင်းတို့ကို ပြုလုပ်ပေးနေပြီဟု သိရသည်။
ဒုရဲမှူးကြီးသိန်းလွင်က “နေ့စဉ် အချုပ်သားတွေ ဘယ်နှကြိမ် ဆေးရမယ် ဆိုတာကတော့ အခုမှ စီမံချက် ဆွဲနေတုန်းပါ။ ပုံသေ ပြောလို့တော့ မရသေးဘူး။ ဒီစီမံချက်က ဘယ်နေ့ ထွက်လာမလဲ ဆိုတာလည်း ပြောလို့တော့ မရသေးဘူး။ ကျနော် ပြောလို့ ရတာကတော့ အခု ကျနော်တို့ လက်ဆေးဖို့နဲ့ COVID-19 အသိပညာပေးမှုတွေ လုပ်ပေးနေတာပဲ” ဟု ရှင်းပြ သည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံနေရသူ လူနာ ၃ ဦးရှိပြီး အခြေအနေမှာ ကောင်းမွန်ကြောင်း သိရသည်။
ဆက်စပ်လင့်
အကျဉ်းထောင်များတွင် ကိုရိုနာဗိုင်းရပ်စ် ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေဟုဆို