ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချဲ့တောင် ချင်းတိုင်းရင်းသား ကျေးရွာတွင် မတ်လ၂၃ ရက် ညနေ ၄ နာရီ အချိန်ခန့်က ဗုံးဆန်ထိမှန်သောကြောင့် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး၊ ၁၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
မင်းပြားမြို့နယ်အတွင်းက တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်းကို မတ်လ ၂၃ ရက်က ရက္ခိုင်စစ်တပ် (AA) အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်က လေကြောင်းဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာတွင် ကျေးရွာ အတွင်းသို့ ကျရောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။
ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သူ ဦးဇနီအောင်၏ အစ်ကို ဦးအင်္ဂါဦးက “ကျနော့်ညီ ဦးဇနီအောင်မှာ ရတဲ့ ဒဏ်ရာက တော် တော်ပြင်းတယ်။ အရေပြားတွေ မီးလောင်သွားတယ်။ သူ့သားလေး ဘီတန်းကတော့ အဲဒီမှာပဲ သေဆုံးသွားတယ်။ နောက်ထပ် သားတယောက်လည်း ဒဏ်ရာရတာ ရှိတယ်။ လေယာဉ်နဲ့ ပစ်တဲ့အခါ သူတို့အိမ်ကို လာမှန်တာလို့ ပြော တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့် ဦးဇနီအောင်နှင့် သားဖြစ်သူ အသက် ၁၃ နှစ် အရွယ် မောင်ထွန်း နေလင်းတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက စစ်တွေဆေးရုံသို့ ပို့ဆောင်ကာ ကုသနေရပြီး ကျန်သည့် ရွာသားများမှာ မင်းပြားမြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက် ကုသနေရကြောင်း သိရသည်။
တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ မတ်လ ၂၃ ရက် မင်းပြားမြို့နယ် ကမ်းနီ ကျေးရွာအနီးရှိ တပ်မတော် တန်းမြင့် လေ့ကျောင်းရေးကျောင်းကို AA အဖွဲ့မှ နေရာ ၅ ခု ကနေ အင်အားအလုံးအရင်း ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် တပ်မတော်အနေဖြင့် ရဟတ်ယာဉ်ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ခြင်းသာ ရှိပြီး ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ သတင်းထုတ်ပြန်ပြီး ဖြစ်တယ်။ တိုက်ပွဲ မဖြစ်ပွားဘဲ ပစ်ခတ်စရာအကြောင်း မရှိဘူး။ ရွာထဲလည်း ပစ်ခတ်စရာ အကြောင်း မရှိဘူး။ သူတို့ ပြောတာက တိုက်ပွဲ ဖြစ်ပြီးမှာ ရဟတ်ယာဉ်ပေါ်က ဗုံးသီး ကျတယ်လို့ ပြောတယ်။ အဲဒီ ရဟတ်ယာဉ်က ဗုံးကြဲလို့ ရတဲ့ ရဟတ်ယာဉ် မဟုတ်ဘူး။ ဒါသည် လုပ်ကြံပြီး ဝါဒဖြန့် တာသာ ဖြစ်တယ်။ အဲဒီနေ့က AA က နေရာ ၅ နေရာလောက်ကနေ ဝိုင်းတိုက်တာ ဖြစ်တယ်။ သေကုန်တဲ့အချိန်မှ ရွာ သားဆိုတာ ထွက်လာတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တွေ ပြည်သူ့ဆေးရုံ၌ အရေပြား လောင်ကျွမ်းသွားသည့် ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေသော ဦးဇနီအောင်နှင့် သားဖြစ်သူ မောင်ထွန်းနေလင်းတို့ကို ဧရာဝတီသတင်းဌာနက မတ်လ ၂၄ ရက် ညနေပိုင်းက သွားရောက် ကြည့်ရှုခဲ့ ရာတွင် ဖခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်သည့်အတွက် လူးလွန့်နေပြီး၊ သားဖြစ်သူမှာ အနည်းငယ် စကားပြောနိုင် သည်ကို တွေ့ရှိခဲ့ရသည်။
အဆိုပါ မင်းပြားမြို့နယ်အတွင်းရှိ တိုင်းဗဟို (၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး ကျောင်းအား AA အဖွဲ့က ဝင် ရောက် တိုက်ခိုက်သည့် ဖြစ်စဉ်တွင် နှစ်ဖက် ထိခိုက် ကျဆုံးမှုများ ရှိပြီး တပ်မတော်က AA အဖွဲ့၏ အလောင်းနှင့် လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်း ကတည်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာမှုနှင့် စစ်ဘေးရှောင်အရေအတွက်မှာ လည်း သိန်းနှင့်ချီ ရှိလာပြီဖြစ်ကာ၊ ဒေသခံပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သား ပြည်သူ နေ့စဉ်နှင့်မျှ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့်အတူ အရပ် သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများလည်း များပြားလာနေသည့်အတွက် အရပ်သား အစိုးရ လက် ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
မင်းပြား တပ်မတော် လေ့ကျင့်ရေးကျောင်း AA ဝင်တိုက်
ကျောက်တော်တွင် လက်နက်ကြီးကျ၍ ၅ ဦးဒဏ်ရာရ