COVID-19 ရောဂါစတင်ပြန့်ပွားရာ ဝူဟန်မြို့ကို ပိတ်ဆို့ထားခြင်းအား ၂ ပတ်အတွင်း ပြန်ဖွင့်မည်ဟု ဟူဘေးပြည်နယ်အစိုးရက ကြေညာသည်။
အကြမ်းအားဖြင့် အီတလီနိုင်ငံ လူဦးရေမျှရှိသော ဟူဘေးပြည်နယ်၏ ကျန်နေရာများတွင် ယာဉ်ကြောထိန်းချုပ်မှု နည်းလမ်းများကို ဗုဒ္ဓဟူးနေ့တွင် ဖြေလျှော့မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်သော ကြေညာချက်များအရ သိရသည်။
ထိုမော်တော်ယာဉ် ထိန်းချုပ်မှု အစီအမံများကို ရုပ်သိမ်းပြီးနောက် ထွက်ခွာသော မည်သူမဆိုသည် ကျန်းမာကြောင်း ပြသည့် ပြည်နယ်အစိုးရက ထုတ်ပေးသော QR အမှတ်အသား လိုမည်ဖြစ်သည်။
ရှန်ဟိုင်းနှင့် ရှန်ကျွန် အပါအဝင် မြို့ကြီးတချို့သည်လည်း QR အမှတ်အသားဖြင့် ဟူဘေးပြည်နယ်မှလာသူ မည်သူမဆို ၁၄ ရက်သီးခြားခွဲထားခံရန်မလိုဘဲ ချက်ခြင်း အလုပ်ဝင်နိုင်ကြောင်း ယခင်ကပင် ကြေညာထားသည်။
တရုတ်အစိုးရသည် ဗိုင်းရပ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဟူဘေးပြည်နယ်တခုလုံးတွင် နှစ်လကျော်ခန့် တင်းကျပ်သော အစီအမံများ ချမှတ်ပိတ်ဆို့ပြီးနောက် အင်္ဂါနေ့တွင် ထိုကြေညာချက် ထွက်လာခြင်းဖြစ်သည်။
ကမ္ဘာတဝှမ်းကူးစက်သော ထိုရောဂါသည် အရှိန်ရလာပြီးနောက် ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကယ်က ထိုအကျပ်အတည်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံး အကျပ်အတည်းဖြစ်ကြောင်း ပြောသည်။ တရုတ်နိုင်ငံကမူ ထိုရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ကြေညာသည်။
အင်္ဂါနေ့က ကြေညာချက်မထုတ်ပြန်မီ ဝူဟန်ပြည်နယ်တွင် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန် အစီအမံများ ချမှတ်လုပ်ဆောင်နေပြီဖြစ်သည်။ ဝူဟန်ရှိ အဓိက ကားထုတ်လုပ်ရေး စက်ရုံနှစ်ခုဖြစ်သော ဒေါင်ဖန်း တိုယိုတာနှင့် ဒေါင်ဖန်း မော်တာ တို့သည် တနင်္လာနေ့တွင် ထုတ်လုပ်မှုများ ပြန်လည်စတင်ခဲ့ကြသည်။
ကွက်ကျား ကွက်ကျား ရောဂါဖြစ်ပွားမှု အန္တရာယ်ရှိနိုင်သေးသော်လည်း ပြည်တွင်း၌ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် လီခါချောင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ထိုကမ္ဘာလုံးကူးစက်ရောဂါဆိုင်ရာ အဆင့်မြင့် အဖွဲ့က တနင်္လာနေ့တွင် ကြေညာသည်။
လွန်ခဲ့သောတပတ်က နိုင်ငံရေး ဦးဆောင် အမြဲတမ်းကော်မတီအစည်းအဝေးတွင် ဝူဟန်အနေဖြင့် စီးပွားရေးလုပ်ငန်းများ အဆင့်လိုက် ပြန်လည်လုပ်ဆောင်ရန် တောင်းဆိုပြီး ဟူဘေးပြည်နယ် ကျန်ဒေသများတွင် ပိတ်ဆို့မှုများကို စနစ်တကျရုပ်သိမ်းကြောင်း ကြေညာသည်။
နိုင်ငံတဝှမ်းရောဂါကူးစက်မှုသစ်များ ဆက်လက်ကျဆင်းနေပြီး တနိုင်ငံလုံးမှ ဟူဘေးပြည်နယ်သို့ စေလွှတ်ထားသော ဆရာဝန်များသည် လွန်ခဲ့သောတပတ်က နေရပ်ပြန်ကြသည်။
တရုတ်နိုင်ငံ၏ အစီအစဉ်များတွင် ထိပ်ဆုံးမှရှိနေသည်မှာ စီးပွားရေး ပြန်လည်နာလန်ထရေး ဖြစ်သည်။ ဗဟိုအစိုးရသည် အခွန်များနှင့် အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် အခကြေးငွေများလျှော့ချပြီး အလုပ်ထုတ်ခြင်းနှင့် ဒေဝါလီခံခြင်း ကျယ်ကျယ်ပြန့်ပြန့် မဖြစ်စေရန် ဆောင်ရွက်နေသည်။
ဟူဘေးပြည်နယ်တွင် သီးခြားခွဲထားသည့် အစီအမံများ ရုပ်သိမ်းရန် အရေးကြီးကြောင်း ဝူဟန်တက္ကသိုလ် ဥပဒေပါမောက္ခ ချင်ချန်ဟုန်က ပြောသည်။
“အီတလီကလွဲပြီး ဘယ်နိုင်ငံမှ ဒီလိုပိတ်ဆို့မှုတွေ မလုပ်ဘူး။ လူပေါင်းများစွာဟာ ရက်ပေါင်း ၆၀ ကျော်ကြာ ကိုယ့်အိမ်မှာ ကိုယ်နေကြရပြီး ဆိုးရွားတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရနိုင်တယ်” ဟု သူက ပြောသည်။
အစုလိုက်အပြုံလိုက် ပိတ်ဆို့ထားခြင်းကြောင့် လူအများအပြားသည် နိုင်ငံတဝှမ်းရှိ အလုပ်များသို့ မပြန်နိုင်လျှင် အသုံးစရိတ် မရှိတော့လောက်အောင် ဖြစ်နိုင်ကြောင်းလည်း သူက ပြောသည်။
သို့သော် မြို့ကြီးများနှင့် ပြည်နယ်များပွင့်လာသောကြောင့် ပြည်တွင်းသွားလာမှု မြင့်လာပြီး ရောဂါကူးစက်မှုသစ်များ ဖြစ်လာနိုင်ကြောင်းလည်း သူက မှတ်ချက်ချသည်။
ရောဂါဖြစ်ပွားမှုအသစ်မရှိဘဲ ရက်အနည်းငယ်ကြာပြီးနောက် ဝူဟန်တွင် ရောဂါဖြစ်ပွားမှုတခုဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာသည်။ ထိုလူနာသည် ရန်မင်ဆေးရုံမှဖြစ်ပြီး ထိုဆေးရုံတွင် ယခင်က မသိလိုက်သော ရောဂါကူးစက်မှုရှိမည်ကို စိုးရိမ်နေကြသည်။
ကိုးကား။ ။ South China Morning Post
You may also like these stories:
ကပ်တဲလ် ချင်းရွာ၊ တီးတိန်နဲ့ ကလေးမြို့ အဝင်အထွက် ပိတ်
မဲဆောက်-မြဝတီနယ်စပ်ပေါက် အဝင်အထွက် ပိတ်ရန် မရှိသေး
ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်လာကြတဲ့အခါ