အမေရိကန်မှ ချင်းပြည်နယ် တီးတိန်မြို့သို့ ပြန်လည် ရောက်ရှိလာပြီးမှ COVID-19 ရောဂါပိုး တွေ့သူနှင့် လေယာဉ် အတူ စီးခဲ့သည့် အမျိုးသမီးသည် မန္တလေးမြို့ နဒီမြန်မာ ဟိုတယ်တွင် အသွားအလာ ကန့်သတ်မှု (Facility Quarantine) နှင့် ကျန်းမာရေး စစ်ဆေးမှု လာရောက် ခံယူလျက် ရှိကြောင်း သိရသည်။
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ဒု ဆေးရုံအုပ် ဒေါက်တာ ခင်ကျော်က“သူ့ကို ကျနော် တို့က Home Quarantine နေနိုင်ရင် နေပါလို့ ပေးတယ်၊ သို့သော် သူသည် သူ့ကိုယ်သူ လုံခြုံမှုမရှိဘူးလို့ သူခံစားရတယ်ပေါ့လေ၊ အဲဒါဆိုလည်း ကျနော်တို့က နဒီမြန်မာမှာ Facility Quarantine လာလုပ်လို့ရတယ် ဆိုပြီး ထည့်ပေးခဲ့ပါတယ်”ဟု ပြောသည်။
အဆိုပါ အမျိုးသမီးသည် မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တီးတိန် မြို့ဆေးရုံ၌ ထားရှိကာ စောင့်ကြည့် ကုသပေးနေသည့် COVID-19 ရောဂါပိုး တွေ့သူနှင့်အတူ ရန်ကုန်-ကလေး လေယာဉ်ကို အတူစီးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
“သူက ပိုးတွေ့လူနာနဲ့ လေယာဉ် အတူတူစီးခဲ့တာက Yangon to Kalay ပေါ့နော်၊ အဲဒါသည် တပတ်ကျော်ကြာခဲ့ပြီ၊ ကျနော်တို့က Alarm လုပ်လိုက်တော့ သူကိုယ်တိုင်က လာပြီး အကြောင်း ကြားခဲ့တာပါ၊ သူက အနီးဆုံး စီးလာခဲ့သူ ဖြစ်တယ်”ဟု ဒေါက်တာ ခင်ကျော်က ပြောသည်။
ယခုအခါ အသက် ၃၀ ကျော် အရွယ်ရှိ အဆိုပါ အမျိုးသမီးသည် ကျန်းမာရေး ကောင်းမွန်စွာ ရှိနေပြီး COVID-19 ဗိုင်းရပ်စ် ရှိ၊ မရှိ သိနိုင်ရန် အတွက် ဓာတ်ခွဲနမူနာ ပေးပို့၍ စစ်ဆေးထား သည်ဟုလည်း ဆိုသည်။
“အဲဒီလို ထည့်ပေးခဲ့တာကို ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေက မြင့်တက်လာတာကြောင့် မန္တလေး တိုင်း SRT ဥက္ကဌ မြို့တော်ဝန် ဆရာကြီး ဒေါက်တာ ရဲလွင်က ဒါလေးတော့ ယူလိုက်တာ ကောင်း တယ်ဆိုပြီး ဓာတ်ခွဲနမူနာကို လေယာဉ် နဲ့ ဓာတ်ခွဲဖို့ ပို့ထားတယ်၊ အခုထိ နေကောင်းတယ်၊ စောင့်ကြည့်ကာလ သတ်မှတ်ပြီး စောင့်ကြည့်နေပါတယ်”ဟု ဒေါက်တာ ခင်ကျော်က ပြောပြသည်။
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါပိုးရှိသူ စတင်တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့ ဝင်ရောက် လာသူ အားလုံးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများ အနေဖြင့် နေအိမ် သို့မဟုတ် သတ် မှတ်နေရာတွင် ၁၄ ရက်ကြာ သီးခြားနေထိုင်ကာ စစ်ဆေးမှု ခံယူ ကြရန် နိုင်ငံခြားရေး ဝန်ကြီး ဌာနနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က အသိပေး ထုတ်ပြန်ထား သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ကလည်း Covid-19 ကြိုတင် ကာကွယ်ရေး အတွက် ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေး ဌာနတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူရန်နှင့် သတ်မှတ် နေရာတွင် ၁၄ ရက် စောင့်ကြည့်ခံ နေထိုင်ကြရန် မတ်လ ၂၁ ရက်နေ့က ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင်မောင် လက်မှတ်ရေးထိုး၍ ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။
မန္တလေးမြို့ခံ စာရေးဆရာ သိုက်ထွန်းသက်က“ပြည်ပကနေ ပြန်လာတဲ့သူတွေအနေနဲ့ ကိုယ့် ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုသလို လိုအပ်လာမယ်ဆိုရင် သက်ဆိုင်ရာ ကျန်းမာရေး ဌာနတွေနဲ့ ဆက်သွယ်ပြီး စစ်ဆေးမှုခံယူသင့်တယ်၊ ဒါက တဦးတယောက်တည်းကောင်းဖို့ လုပ်ဆောင်တာမျိုး မဟုတ်ဘဲ အမျိုးသားရေးအသိနဲ့ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်၊ အခုလို ကိုယ့်သဘောနဲ့ကိုယ် လာရောက် စစ်ဆေးမှု ခံယူတဲ့သူမျိုးတွေ များများရှိလာဖို့ လိုပါတယ်”ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း၌ ဇန်နဝါရီလကုန်ပိုင်းမှ မတ်လ ၂၄ ရက်နေ့အထိ ပြည်ပမှ ပြန်လည် ရောက်ရှိလာသူ ၅၀၀၀ ခန့်ရှိနေပြီး တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၂၄၀၀ ကျော်ပါဝင်ကာ ထိုပြန်လာသူများကို ကျန်းမာရေး ဌာနနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက စောင့်ကြပ်ကြည့်ရှုနေကြောင်း တိုင်းအစိုရအဖွဲ့ ထုတ်ပြန်ချက်များအရ သိရ သည်။
ထိုသို့ ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများ အနေဖြင့် သတ်မှတ်နေရာတွင် ၁၄ ရက်ကြာ သီးခြားနေထိုင်ခြင်း ရှိ၊မရှိ စောင့်ကြည့် ကူညီရန်နှင့် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး လိုအပ်ပါက ကူညီနိုင်ရန်အတွက် မန္တလေး တိုင်း ဒေသကြီး အတွင်း ကျေးရွာများအလိုက် စေတနာ့ဝန်ထမ်း အဖွဲ့များ ဖွဲ့စည်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း၌ မတ်လ၂၅ ရက်နေ့ထိ COVID-19 စောင့်ကြည့်လူနာ ၄၀ ကျော်ရှိပြီး စောင့်ကြည့် လူနာများ အနက် အသက် ၆၀ ကျော်နှင့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးခဲ့သော်လည်း ဓာတ်ခွဲ စစ်ဆေးမှုများအရ သေဆုံးသူ ၂ ဦးအပါအဝင် စောင့်ကြည့်လူနာများမှာ COVID 19 ရောဂါပိုး မတွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ မတ်လ ၂၅ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားသူ ၃ ဦးရှိပြီး ရောဂါဖြစ်ပွားသူများမှာ အမေရိကန်နှင့် အင်္ဂလန်နိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားများဖြစ်ကာ ရန်ကုန်မြို့ ဝေဘာဂီ ဆေးရုံတွင် ၂ ဦး၊ ချင်းပြည်နယ် တီးတိန်ဆေးရုံတွင် ၁ ဦး ထားရှိကာ စောင့်ကြည့် ကုသပေးလျက် ရှိကြောင်း သိရသည်။
You may also like these stories:
COVID-19 ကာကွယ်ကုသရန် စေတနာ့ဝန်ထမ်း ဆရာဝန်များ အသင့်ရှိ
လာအိုမှာလည်း COVID-19 ရောဂါ ကူးစက်ခံရသူ ၂ ဦး တွေ့ရှိ