မလေးရှားနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးမှုအများစုမှာ အချိန်နှောင်းမှ ကုသမှုခံယူသောကြောင့်ဖြစ်ကြောင်း ကျန်းမာရေးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နောဟစ်ဟန် အဗ္ဗဒူလာက ပြောကြားလိုက်သည်။
COVID-19 ကူးစက်မှုတွင် အဆင့် ၅ ဆင့်ရှိပြီး လူနာအများစုသည် အဆင့် ၃ ရောက်မှာသာ ဆေးရုံသို့ရောက်လာကြောင်း သူက ပြောသည်။
“အဆင့် ၁ မှာ လူတိုင်းမှာ လက္ခဏာမပြပေမယ့် ကူးစက်ခံရနိုင်တယ်။ အဆင့် ၂ မှာ ကူးစက်ခံပြီး လက္ခဏာ နည်းနည်းပဲပြတယ်။ အဆင့် ၃ မှာ လူနာက နမိုးနီးယားဖြစ်နေပေမယ့် အောက်ဆီဂျင်တော့ မလိုသေးဘူး” ဟု သူက ရှင်းပြသည်။
အဆင့် ၄ တွင်လူနာသည် အောက်ဆီဂျင်ကုထုံးလိုလာပြီး နောက်ဆုံအဆင့် ၅ တွင် လူနာသည် အသက်ကောင်းကောင်း မရှူနိုင်တော့ဘဲ၊ ပိုက်သွင်းပြီး အောက်ဆီဂျင်စက် တပ်ဆင်ထားရန်လိုကြောင်း အင်္ဂါနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သူက ပြောသည်။
အဆင့် ၄ လူနာအများစုသည် အဆင့် ၅ သို့ အလျှင်အမြန် ရောက်သွားလောက်အောင် ကျန်းမာရေးယိုယွင်းလာကြောင်းလည်း သူက ပြောသည်။
“ဥပမာပြောရရင် အခု နောက်ဆုံး သေတဲ့သူက အသက်ရှူကျပ်နေတာ ၃ ရက်ရှိပြီ” ဟု သူက ပြောသည်။
ကုသမှု ခံယူခြင်း နောက်ကျမှုအပြင် အသက်အရွယ်နှင့် ရောဂါအခံရှိခြင်းများသည် COVID-19 ကြောင့် သေဆုံးမှုများကိုဖြစ်စေသော အကြောင်းများဖြစ်ကြောင်းလည်း သူက ပြောသည်။
“တချို့လူနာတွေက ရောဂါအခံရှိပြီး သေဆုံးသူအများစုက အသက် ၇၀ ကျော်တွေဖြစ်တယ်” ဟုလည်း သူက ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ရောဂါဖြစ်ပွားမှု ထောက်လှမ်းခြင်းကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်းလည်း သူက ပြောသည်။
“ရောဂါဖြစ်ပွားမှုကို ရှာဖွေဖော်ထုတ်မယ်၊ စစ်ဆေးမယ်။ အတည်ပြုနိုင်ရင် သီးခြားခွဲထားကုသပေးမယ်” ဟု သူက ပြောသည်။
“အဓိကအုပ်စုတွေကို စောင့်ကြည့်ဖို့ အကောင်းဆုံးလုပ်မယ်။ ရောဂါဖြစ်ပွားမှုရဲ့ ၆၀ ရာခိုင်နှုန်းက Tabligh ဘာသာရေးအုပ်စုတွေကပဲ။ ကျနော်တို့ သူတို့တွေကို ရှာမယ်၊ စစ်ဆေးမယ်” ဟု သူပြောပြီး ထိုအုပ်စုတွင် ပါဝင်သူများမှတဆင့် တခြားလူများကိုမကူးအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။
မလေးရှားတွင် မတ်လ ၂၅ ရက် နောက်ဆုံးရရှိသော သတင်းများအရ သေဆုံးသူ ၁၉ ရှိပြီး ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၁၇၉၆ ဦး ရှိသည်။
ရောဂါပိုးရှိသူ ၁၇၂ ဦး အသစ်တွေ့ရှိရာ ထိုအထဲမှ ၇၁ ဦးသည် Tabligh ဘာသာရေးအုပ်စု၏ ဗလီစုရုံးပွဲကို တက်ရောက်ခဲ့သူများဖြစ်သည်။
You may also like these stories:
မတ်လ ၂၆ ရက်နေ့မှ စပြီး ထိုင်းတွင် အရေးပေါ်အခြေအနေ သတ်မှတ်မည်
ဝူဟန် Lockdown နှစ်ပတ်အတွင်း ပြန်ဖွင့်မည်
ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်လာကြတဲ့အခါ