ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု အန္တရာယ် ကာကွယ်ရန် “ဝ” ပြည် သွေးစည်း ညီညွတ် ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဝ ဒေသ နယ်စပ်ဂိတ်များအားလုံး မတ်လ ၂၆ ရက်မှစ၍ ယာယီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
UWSA ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက“ကျနော်တို့ ယာယီကန့်သတ်တဲ့ သဘော ပေါ့နော်။ ရောဂါ အခြေ အနေ ကာကွယ်တဲ့ အနေနဲ့ပါ။ ဂိတ်တွေကတော့ ၁၀ ခုလောက်တော့ ရှိမယ်။ အတိအကျတော့ ကျနော်လည်း မသိဘူး” ဟု ပြောကြားသည်။
ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေကို စောင့်ကြည့်မည် ဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှု အခြေ အနေတည်ငြိမ်မှသာ နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် စဉ်းစားမည် ဖြစ်ကြောင်း၊ နယ်စပ်ဂိတ်များ ပိတ်လိုက်သဖြင့် ဝ ဒေသကို ထိခိုက်မှု တချို့ ရှိလာနိုင်ကြောင်းလည်း ဦးညီရန်းက ဆက်လက် ပြောဆိုသည်။
နယ်စပ်ဂိတ်များ ပိတ်လိုက်သဖြင့် ဝ ဒေသအတွက် မည်သည့် ထိခိုက်မှုများ ရှိလာနိုင်သည်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပေ။
“ထိခိုက်မှုကတော့ အနည်းနဲ့ အများရှိမှာပေါ့။ ဒါကတော့မတတ်နိုင်ဘူး နစ်နာမှုရှိပေမယ့်လည်း လူ့ရဲ့ကျန်းမာရေး သာလျှင် အရေးကြီးဆုံးပဲလေ”ဟု ဦးညီရန်းက ဆိုသည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သည့် ဦးမောင်မောင်စိုးကမူ ဝ ဒေသ၏ နယ်စပ်ဂိတ်များ ပိတ်လိုက်သဖြင့် ဝဒေသ အတွက် ကြီးမားသည့် သက်ရောက်မှု မရှိနိုင်ကြောင်း မှတ်ချက်ပေး သည်။
တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားစဉ်က တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ဝဒေသ၏ နယ်စပ်ဂိတ်များကို UWSA က ပိတ်လိုက်ပြီး မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသူ တွေ့ လာရပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ဝဒေသ၏ နယ်စပ်ဂိတ်များကိုပါ ယာယီ ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဦးမောင်မောင်စိုးက“အခုကျတော့ ကိုရိုနာဗိုင်းရပ်စ် ဗမာပြည်မှာ ရှိပြီဆိုတော့ ဗမာပြည်နဲ့ ကူးလူး ဆက်ဆံတဲ့ နယ်စပ် ဂိတ်တွေ ပိတ်တာပါပဲ။ တကယ်လို့ ကိုရိုနာဗိုင်းရပ်စ် ငြိမ်သွားရင်တော့ ပြန်ဖွင့် မှာပါ။ စိုးရိမ်စရာမရှိပါဘူး”ဟုလည်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦး ရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြေညာ ပြီးနောက် UWSA က မြန်မာနှင့် ထိစပ်သော ဝဒေသ၏ နယ်စပ်ဂိတ် များကို ယာယီပိတ်ရန် စီစဉ်ခြင်းလည်း ဖြစ်သည်။
မတ်လ ၂၅ ရက်အထိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ မတွေ့ရှိသေးကြောင်း UWSA က ဆိုသည်။
UWSA ထိန်းချုပ်ထားသော ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စုစုပေါင်း မြို့နယ် ၆ ခုရှိပြီး ဝ လူမျိုး ၅ သိန်းခန့် နေထိုင်ကြောင်း သိရသည်။
UWSA သည် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ အနက် လူအင်အားနှင့် စစ်လက်နက် အင်အား အတောင့် တင်းဆုံး လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် UWSA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်း ဖြစ် သည်။
UWSA သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၌ စတင် အကောင်အထည်ဖော်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် သတင်းမှားဖြန့်ချိပါက ထိရောက်စွာ အရေးယူမည်
တရုတ်ထောင်၌ ကိုရိုနာ ကူးစက်ခံရသည့် မြန်မာဟုဆိုသူ ၂ ဦး ဆေးရုံမှ ဆင်း
လူစုလူဝေးဖြစ်နေသည့် အကျဉ်းထောင်များ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ဖွယ်ရာ ဖြစ်နေ