သတင်း

YBS များ မှန်တံခါးဖွင့် မောင်းရန် ညွှန်ကြား

ရန်ကုန်မြို့၌ ပြေးဆွဲလျက်ရှိသော YBS ယာဉ်အားလုံး ပြတင်းပေါက် မှန်တံခါးများ ဖွင့်၍ မောင်းနှင်ကြရန် ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ (YRTA)က ညွှန်ကြားထားကြောင်း သိရသည်။

YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က “ပိတ်ထားတာက ရောဂါပြန့်ပွားမှု ဖြစ်စေတော့ မမောင်းရဘူးတော့ ပြောတာ မဟုတ်ဘူး။ လေဝင်လေထွက် ကောင်းအောင် လုပ်ရမယ် ပြောတာ။ အလုံပိတ်ကားတွေကို မှန်တံခါးတွေ ဖွင့်မောင်းဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ဒါက ကားအပေါ် မူတည်တယ်။ တချို့ကားတွေကျတော့ ဘေးမှန် ဖွင့်လို့ရတယ်။ ကားအရှည်ကြီးတွေ ကျတော့ ဖွင့်လို့ မရဘူး။ ဒါကျတော့ ကားပေါ် တက်/ဆင်းတဲ့ Main တံခါးတွေကို ဖွင့်မောင်းလို့ ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ကားပေါ်တွင် သံသယ လူနာပါလာပါက ချက်ချင်းအကြောင်းကြားရန် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပိုးတွေ့လူနာ ရှိကြောင်း ကြေညာလိုက်သည့် မတ်လ ၂၄ ရက် နောက်ပိုင်း ထိုသို့ ထပ်မံ ညွှန်ကြားလိုက်ခြင်း ဖြစ်ကာ ယင်းရောဂါပိုး မတွေ့ခင် အချိန်ကလည်း YRTA မှ ညွှန်ကြားထားမှုများ ရှိ ကြောင်း ဒေါက်တာ မောင်အောင်က ပြောဆိုသည်။

Power Eleven Public ကုမ္ပဏီ ဒါရိုက်တာ ကိုတရုတ်လေးက “ကျနော်တို့ကားတွေက မှန်အလုံပိတ်လည်း ဖြစ်တယ်။ အကယ်၍ ဗိုင်းရပ်စ်ပါလာတဲ့ လူတယောက် ကားပေါ် ပါလာရင် ကူးစက်လွယ်တဲ့အတွက် ကားတွေကို မှန်တံခါးဖွင့်ပြီး မောင်းနေတယ်။ အဓိကတော့ ရောဂါကို ကာကွယ်တဲ့ သဘောပါ။ မတ်၂၄ ရက် နေ့လယ်လောက်က မှန်ဖွင့်ပြီး စ မောင်း ပါတယ်။ YRTA က မနေ့က မနက် ၉ နာရီလောက်မှာ ညွှန်ကြားချက်လာပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “တချို့ကားတွေက မှန်ဖွင့်လို့ မရတာတွေ ရှိတယ်။ အဲဒါတွေကျတော့ အတက်၊ အဆင်း တံခါးပေါက် တွေ ဖွင့်မောင်းလို့ ရတယ်။ အမိုးပေါ်မှာ ပါတဲ့ လေဝင်ပေါက်လေးတွေ ရှိတယ်။ အဲဒါတွေ ဖွင့်မောင်းလို့လည်း ရတယ်”ဟု ဆိုသည်။

ထိုသို့ ကားမှန်တံခါးများ ဖွင့်မောင်းခြင်းဖြင့် COVID-19 ပိုး ယာဉ်ပေါ်တွင် ကူးစက်ပြန့်ပွားခြင်း မဖြစ်စေရန် အတိုင်းအတာ တခုအထိ ကာကွယ်မှု ပြုလုပ်နိုင်မည် ဟု ထင်မြင်ကြောင်း ကိုတရုတ်လေးက ပြောဆိုသည်။

တာမွေမြို့နယ်မှ ရုံးဝန်ထမ်း တဦးက “ဒီမနက် စီးလာတဲ့ YBS က မှန်ပြတင်းပေါက်တွေ အကုန် ဖွင့်ထားတယ်။ အခုလို လေဝင်လေထွက် ကောင်းအောင် ဖွင့်ပေးတာက ကောင်းပါတယ်။ အဲကွန်းနဲ့ဆိုရင် လေလုံပြီးတော့ အထဲမှာ လူကြပ်လာ တာနဲ့အမျှ လှောင်ပိတ်လာတာ။ ဒီလို လှောင်ပိတ်နေတဲ့အချိန် ချောင်းဟန့်သံကြားရင်တောင် စိတ်က မလုံခြုံသလို ခံစားရ တယ်” ဟု ပြောသည်။

You may also like these stories:

အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနှင့် ကိုရိုနာအန္တရာယ်

Loading