အင်္ဂါနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဒေသခံ ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက အတည်ပြုပြောကြားလိုက်သည်။
ကော့ဗဇား ဆေးရုံသည် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသည့် ဒုက္ခသည် တသန်းခန့်နေထိုင်ရာ စခန်းများမှ တနာရီ ခရီးသာဝေးသည်။
ထိုဒုက္ခသည်များအနက် အများစုသည် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့သူများဖြစ်သည်။ ယခုအချိန်အထိ ဒုက္ခသည်များအကြားတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဆက်သွယ်ရေးအရာရှိ လိုစီ ဒိုနိုဗန်က ပြောသည်။
“ဒုက္ခသည်တွေ ကျန်းမာအဆင်ပြေရေးက ကျနော်တို့ရဲ့ ဦးစားပေးဖြစ်ပါတယ်” ဟု သူက ပြောသည်။
“စခန်းတွေမှာ အခုလောလောဆယ် Covid-19 ကူးစက်မှု သံသယမရှိသေးပေမယ့် UNHCR က အခြေအနေကို အလေးအနက်ထားပြီး အနီးကပ်စောင့်ကြည့်နေတယ်” ဟု သူက ဆိုသည်။ ထိုဗိုင်းရပ်ပိုးပျံ့နှံ့မှုကို တားဆီးရန်အတွက် ဒုက္ခသည် စခန်းများအတွက် ဝန်ဆောင်မှုများ အားလုံး ရပ်ဆိုင်းမည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ဘင်္ဂလားဒေ့ရှ် အစိုးရက အတည်ပြုသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဆောင်ရွက်နေသည့် ပညာရေးနှင့် အခြားလုပ်ငန်းများအပါအဝင် အရေးမကြီးသော လုပ်ဆောင်မှုအားလုံးကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာမင်းကြီး မာဘတ် အလမ် တလပ်ဒါက ပြောသည်။
သို့သော် အရေးပေါ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။ ဥရောပအခြေစိုက်လှုပ်ရှားသူ နေဆန်းလွင်က စခန်းရှိဈေးများ ပိတ်ထားကြောင်းနှင့် မိသားစုများ ရိက္ခာရရန် ခက်ခဲနေကြောင်းပြောသည်။
“ဈေးတွေပိတ်ဖို့ အမိန့်ထုတ်ထားတော့ ဈေးနှုန်းတွေတက်နေတယ်။ ဒုက္ခသည်တွေက စိတ်ပူပြီး အကူအညီမဲ့နေတယ်” ဟု သူက ပြောသည်။
စခန်းများသို့ ဝင်ထွက်သူများကို တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်း တလပ်ဒါက ပြောသည်။
ကိုရိုနာဗိုင်းရပ် ကူးစက်ခံရနိုင်ခြေ ရှိသူများအတွက် ကုတင် ၄၇ လုံး အသင့်ရှိပြီး ၃၄၂ လုံးကို အရန်ထားရှိကြောင်း သိရသည်။
ဒုက္ခသည် စခန်းရှိ ဆွေမျိုးများထံ လာရောက်လည်ပတ်သော သြစတေးလျမှ လူလေးဦးပါသော မိသားစုတစုကို UNHCR ၏ ကြီးကြပ်မှုအောက်တွင် သီးခြားခွဲထားကြောင်း သိရသည်။
စခန်းများအတွင် တကိုယ်ရေ ကျန်းမာရေး အစီအမံများ၊ ဆက်သွယ်ရေး၊ ဝန်ထမ်းလေ့ကျင့်ပေးရေး အရာရာကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ဒိုနိုဗန်က ပြောသည်။ နောက်ထပ် ဆေးဖက်ဆိုင်ရာ လုပ်ငန်းသုံး ကိရိယာနှင့် အဆောက်အအုံများ ကိုလည်း စီစဉ်နေကြောင်း သိရသည်။
“Covid-19 အပါအဝင် ဘာရောဂါအတွက်မဆို အထူးကြပ်မတ်ကုသပေးဖို့ ကော့ဗဇားခရိုင်မှာ စွမ်းရည် အကန့်အသတ်ရှိတယ်” ဟုလည်း သူက ပြောသည်။
စခန်းများအတွင် အဆင့်မြင့်ကုသခြင်းအပါအဝင် လက်ရှိကုသမှု စွမ်းရည်ကို မြှင့်တင်ရန် လုပ်ဆောင်နေကြောင်း သူက ပြောသည်။
လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှု ၃၉ ခုရှိပြီး ၄ ဦး သေဆုံးကြောင်း ဂျွန်ဟုပ်ကင်း တက္ကသိုလ်မှ စာရင်းများအရ သိရသည်။
ကိုးကား။ ။ CNN ၏ First coronavirus case confirmed in Cox’s Bazar, near world’s largest refugee camp
COVID-19 ကာကွယ်ရန် “ဝ” နယ်စပ်ဂိတ်အားလုံး ယာယီ ပိတ်မည်
လူစုလူဝေးဖြစ်နေသည့် အကျဉ်းထောင်များ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ဖွယ်ရာ ဖြစ်နေ
ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ဂိတ်ပေါက်မှ ခိုးဝင်သူတွေရှိနေ