ကမ္ဘာတဝန်း ဆေးကုမ္ပဏီများနှင့် သုတေသန ဓာတ်ခွဲခန်းများက နည်းပညာအမျိုးမျိုးအသုံးပြုကာ Covid-19 အတွက် ကာကွယ်ဆေးနှင့် ကုသဆေးများရှာတွေ့ရေး အလုအယက်ကြိုးပမ်းနေကြသည်။
ထိုအချိန်တွင် ကိုရိုနာဗိုင်းရပ်ကို ကုသရန် Fujifilm ၏ ဆေးဝါးကို တရုတ်က ထောက်ခံလိုက်ပြီးနောက် Fujifilm ၏ ရှယ်ယာဈေးများ တဟုန်ထိုးဈေးတက်သွားခဲ့သည်။ ထိုစဉ် အခြားကုမ္ပဏီများကလည်း ၎င်းတို့၏ ဆေးဝါးများကို မွမ်းမံရန် အပြေးအလွှား လုပ်ဆောင်လျှက်ရှိသည်။
ဂျပန်ကုမ္ပဏီ Fujifilm Holdings တွင် ရှယ်ယာများမှာ ၎င်းကုမ္ပဏီကထုတ်လုပ်သည့် ဆေးဝါးတမျိုးက ကိုရိုနာဗိုင်းရပ်လူနာများကို ကုသရာတွင် ထိရောက်မှုရှိနိုင်သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားပြီးနောက် ဗုဒ္ဓဟူးနေ့က တဟုန်ထိုး မြင့်တက်ခဲ့ခြင်းဖြစ်သည်။
Fujifilm Holdings စတော့ကို ဝယ်ယူလိုသည့်အမှာများ အလျှံပယ်ဖြစ်နေမှုကြောင့် အရောင်းအဝယ်မရှိဘဲ စဖွင့်ခဲ့သည်။ ထို့နောက် ရှယ်ယာဈေးမှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်း၊ ၅၂၃၈ ယန်းသို့ခုန်တက်ခဲ့ပြီး ထိုနေ့က အရောင်းအဝယ်ကာလအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
Fujifilm က ဈေးကွက်တင်နေသည့် တုပ်ကွေးဆေး Aviggan တွင် အဓိကပါဝင်သည့်အရာ Favipiravir အား ကုခန်းဆိုင်ရာ စမ်းသပ်မှုတချို့ ပြုလုပ်ပြီးဖြစ်သည်ဟု တရုတ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။ Covid-19 အတွက် ကုသမှုတခုအဖြစ် ယင်းဆေးဝါးကို အသုံးပြုသည့် စမ်းသပ်မှုများက အလွန်ကောင်းမွန်သည့် ကုခန်းဆိုင်ရာ ရလဒ်များ ပြသခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတခုတွင် အရာရှိတဦးက ပြောကြားခဲ့သည်။
ကူးစက်လူနာ ၈၀ ပါဝင်သည့် စမ်းသပ်မှုတခုကို ရှန်ကျန်းရှိ ဆေးရုံတရုံက ပြုလုပ်ခဲ့ပြီး ကူးစက်လူနာ ၁၂၀ ပါဝင်သည့် လေ့လာမှုတခုကို ဝူဟန်တက္ကသိုလ်၏ ကျုံးနန်ဆေးရုံက ဦးဆောင်ခဲ့ရာ ယင်းစမ်းသပ်မှုနှစ်ခုစလုံးတွင် ၎င်းဆေးဝါးက လူနာများအတွက် ပြန်လည်ကျန်းမာလာချိန်ကို တိုတောင်းစေခဲ့သည်။ ၎င်း၏ကင်မရာများအတွက် လူသိပိုများသော Fujifilm သည် Avigan ဆေးကို ထုတ်လုပ်ခဲ့ပြီး Favipiravir အတွက် မူပိုင်ခွင့်ကို တရုတ်ကုမ္ပဏီ Zhejiang Hisun Pharmaceutical သို့ လိုင်စင်ထုတ်ပေးခဲ့သည်။
တရုတ်ရှိ ကုခန်းဆိုင်ရာ စမ်းသပ်ချက်များတွင် ၎င်းတို့ပါဝင်မှု မရှိကြောင်း ဂျပန်ကုမ္ပဏီက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ သို့သော်လည်း Avigan ဆေးကို ထပ်မံပေးပို့ရောင်းချရန် တောင်းဆိုချက်များ ရရှိပြီးဖြစ်ပြီး ဂျပန်အစိုးရကလည်း ထုတ်လုပ်မှု မြှင့်တင်နိုင်စွမ်းရှိမရှိ လေ့လာရန် ၎င်းတို့အား တောင်းဆိုထားသည်ဟု ဂျပန်ကုမ္ပဏီကဆိုသည်။
‘ထုတ်လုပ်မှုမြှင့်တင်ဖို့ ရှင်းလင်းရမယ့် အတားအဆီးတွေကို အခု ကျနော်တို့ စစ်ဆေးနေပါတယ်’ ဟု ပြောခွင့်ရသူ တဦးက ပြောသည်။
Fujifilm နှင့် လိုင်စင်ရ တရုတ်ကုမ္ပဏီတို့သည် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံမှုရှိသော်လည်း ဂျပန်ကုမ္ပဏီအနေဖြင့် တရုတ်တွင် အဆိုပါဆေး ထုတ်လုပ်မှုတွင် ၎င်းတို့မပါဝင်ဟု သူက ထပ်မံပြောကြားသည်။ ဗိုင်းရပ်ကုသမှုတခုအဖြစ် Avigan အသုံးပြုသည့် ကုခန်းဆိုင်ရာ စမ်းသပ်မှုများကို ဂျပန်တွင်လည်း စတင်နေပြီဖြစ်သည်။
အမေရိကန်တွင် Texas A&M University-Texarkana မှ ဗိုင်းရပ်ပညာရှင် ဘင်ဂျမင်နယူမဲန်က ပြောသည်မှာ ယေဘုယျအားဖြင့် ရောဂါဖြစ်စေသည့်အရာကို တိုက်ဖျက်သည့် ကာကွယ်ဆေးထိုးနှံရေးမှာ ရှည်ကြာသည့် ကြ်ိုးပမ်းမှု တခုဖြစ်ကာ ကိုရိိုနာဗိုင်းရပ်မိသားစုဝင် မည်သည့်ဗိုင်းရပ်ကိုမျှ အလွန်အောင်မြင်သည့် ကာကွယ်ဆေး မရှိဘူးသေးဟု ဆိုသည်။
ရှာဖွေတွေ့ရှိရန် ခက်ခဲသော်လည်း ဗိုင်းရပ်ကုသဆေးများကို ရှာဖွေရန် အခြားရွေးချယ်စရာများကို စဉ်းစားရာတွင် စမ်းသပ်မှုများစွာ၊ အမှားများစွာရှိမည် ဖြစ်သော်လည်း စမ်းသပ်ရေးအတွက် ရွေးချယ်စရာများစွာ ရှိကြောင်းလည်း နယူမဲန်က ပြောကြားခဲ့သည်။
ကုသမှုက မကြာမီ ရောက်ရှိလာမည်ဖြစ်ကာ အစောပိုင်းက အလားအလာကောင်းများ ပြသခဲ့သည့် ဗိုင်းရပ်တိုက်ဖျက်ဆေး Remdesivir ကို တရားဝင်အတည်ပြုချက်မရမီ ကြုံရာ ကျပမ်းပုံစံဖြင့် အသုံးပြုနေသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ် ကာကွယ်ကုသဆေး ဖော်ထုတ်ရေးလုပ်ငန်းစဉ်အား အရှိန်မြှင့်ရန် ၎င်း၏သိပ္ပံပညာရှင်များနှင့် ဆေးကုမ္ပဏီများကို တိုက်တွန်းထားသည်။ သို့သော်လည်း အခြေခံကျသည့် ထိန်းချုပ်ကန့်သတ်မှုများ ရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။
“ကာကွယ်ဆေးတခုဆိုတာ အခြေခံကျတဲ့ သိပ္ပံပညာအခြေပြုတဲ့ အရာတခု ရှိနေဖို့လိုတယ်။ ထုတ်လုပ်နိုင်ရမယ်၊ အန္တရာယ်ကင်းရမယ်။ ဒီလိုဖြစ်ဖို့က တနှစ်ခွဲလောက်ကြာနိုင်တယ်။ ဒီထက်လည်းပိုကြာနိုင်တယ်” ဟု သမ္မတ၏ တောင်းဆိုမှုများကို တုန့်ပြန်သည့်အနေဖြင့် Science ဂျာနယ်၏ အယ်ဒီတာချုပ် အိတ်ချ်ဟိုးလ်ဒင်းသော့ပ်က ရေးသားခဲ့သည်။
“ဆေးထုတ်လုပ်ရေး အမှုဆောင်တွေမှာ အဲဒီကိုအမြန်ရောက်ဖို့ (ကာကွယ်ကုသဆေးဖော်ထုတ်နိုင်ဖို့) အတွက် မက်လုံးတွေရှိပါတယ်။ နောက်ဆုံးတော့ သူတို့က ကာကွယ်ဆေး ရောင်းမှာပါ။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ သဘာဝရဲ့ ဥပဒေတွေကိုတော့ သူတို့လည်း ချိုးဖောက်လို့မရပါဘူး”ဟု ၎င်းက ဆိုသည်။ အမေရိကန်သည် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဋ္ဌာနနှင့် အမျိုးသားကျန်းမာရေးသိပ္ပံ (NIH) တို့မှတဆင့် ကုမ္ပဏီအချို့ကို ငွေကြေးထောက်ပံ့လျှက်ရှိသည်။
အော်စလိုမြို့တွင် အခြေစိုက်သည့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတခု ဖြစ်သော ကူးစက်ရောဂါ ကြိုတင်ပြင်ဆင်တီထွင်မှု ညွန့်ပေါင်း (CEPI) ကလည်း များပြားသည့်ကုမ္ပဏီများကို ငွေကြေးပံ့ပိုးရန် ကူညီနေပြီး အများအားဖြင့် အမြောက်အမြား ထုတ်လုပ်နိုင်စွမ်းမရှိသည့် သေးငယ်သော ပါတနာများကို ကူညီနေသည်။ ယင်းညွန့်ပေါင်းက ယခုအချိန်အထိ ဒေါ်လာ ၂၄ သန်းအထိ ပေးအပ်ပြီးဖြစ်သည်။
Covid-19 ကို ဖြစ်စေသည့် ဗိုင်းရပ်နှင့် ပတ်သက်သော ဆေးဝါးများအားလုံးထဲမှ Gilead Sciences Remdesivir က ဈေးကွက်ထဲ စတင်ဝင်ရောက်ရန် အနီးစပ်ဆုံးဖြစ်နိုင်သည်။ အမှန်မှာ ယင်းက ပင်ကိုယ်အားဖြင့် အသစ်အဆန်းမဟုတ်ပေ။ သို့သော် အခြားဗိုင်းရပ်များကို တိုက်ဖျက်ရန် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအထိ မည်သည့်ဆေးကိုမျှ အတည်မပြုသေးပေ။
ယခုအထိ တရုတ်ရှိ ကိုရိုနာဗိုင်းရပ်လူနာအချို့ကို ကုသရာတွင် အစောပိုင်း ကောင်းမွန်သည့် အလားအလာရှိနေသည်ဟု ဆရာဝန်များက ပြောသည်။
Gilead သည် အာရှတွင် Phase-3 ဟု ခေါ်ဆိုသည့် နောက်ဆုံးအဆင့် ကုခန်းဆိုင်ရာ စမ်းသပ်မှုများတွင် တိုးတက်မှုများ ရှိနေသည်။ ၎င်းဆေးက ယခုအချိန်အထိ အနည်းဆုံး အမေရိကန်လူနာတဦးကို ကုသရန် အသုံးပြုထားသည်။
ယင်းဆေးကို လာမည့်လအနည်းငယ်အတွင်း ရရှိနိုင်သည်ဟု ကိုရိုနာဗိုင်းရပ်တုန့်ပြန်မှုကို ကြီးကြပ်သော အစိုးရ၏ ထိပ်တန်းသိပ္ပံပညာရှင်များထဲက တဦးဖြစ်သူ NIH ၏ အန်ထော်နီဖောချိက ပြောကြားထားသည်။
“အခုလောလောဆယ် အာနိသင်ထက်မြက်တဲ့ဆေး တခုတည်းရှိတယ်။ အဲဒါကတော ရမ်ဒီဆီဗာ (Remdesivir) ပဲ” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အရာရှိတဦးဖြစ်သူ ဘရုစ် အေးလ်ဝပ်က မကြာသေးမီက တရုတ်နိုင်ငံတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ရမ်ဒီဆီဗာသည် ခန္ဓာကိုယ်အတွင်းသို့ ရောက်သောအခါ မျိုးဗီဇ ဖွဲ့စည်းပုံ လေးခုအနက်တခုဖြစ်သော နျူကလီယိုတိုက်နှင့် အလားတူသည့်အရာအဖြစ် ပြောင်းလဲသွားသည်။
ဗိုင်းရပ်စ်များသည် ပွားများလာသောအခါ အလျှင်အမြန်နှင့် ပေါ့ပေါ့ဆဆ ပွားများကြသောကြောင့် ၎င်းတို့သည် ရမ်ဒီဆီဗာကို ၎င်းတို့၏ ဖွဲ့စည်းပုံအတွင်း ထည့်သွင်းမိကြသည်။
ဗိုင်းရပ်တို့သည် ရမ်ဒီဆီဗာကို ၎င်းတို့အတွင်းသို့ ထည့်သွင်းမိလျှင် ထိုဆေးသည် ဗိုင်းရပ်ကို ဖျက်ဆီးနိုင်သော မလိုအပ်သည့် မျိုးဗီဇပြောင်းလဲမှုကို ဖြစ်စေသည်။
ရက်သတ္တပတ်အနည်းငယ်အတွင်း တရုတ်သုတေသီများသည် ထိုဗိုင်းရပ်၏ မျိုးဗီဇ အပြည့်အစုံကို လူအများသိအောင် လုပ်ပေးနိုင်ခဲ့ပြီး အော်စတင်ရှိ တက္ကဆက် တက္ကသိုလ်မှ အဖွဲ့တဖွဲ့သည် ထိုဗိုင်းရပ်စ်၏ လူသားဆဲလ်တွင် ကပ်တွယ်ကူးစက်သည့် စပိုက် ပရိုတိန်းကို ပုံတူထုတ်လုပ်နိုင်ခဲ့ကာ Cryogenic (Cooled) Electron အဏုကြည့်မှန်ပြောင်းဖြင့် ပုံဖော်နိုင်ခဲ့သည်။
ထိုပုံတူထုတ်ထားသော ပရိုတိန်းသည် လူသားကိုယ်ခန္ဓာကို အန္တရာယ်မပေးဘဲ၊ ခုခံအား စနစ်ကို နှိုးဆွပေးသောကြောင့် ကာကွယ်ဆေးထုတ်ရန် အခြေခံ ဖြစ်လာသည်။ ထိုသို့ခုခံအားကို နှိုးဆွပေးသော နည်းလမ်းသည် ၁၇၉၆ ခုနှစ် ကျောက်ရောဂါ ကာကွယ်ဆေးသုံးသည့်အချိန်မှ စတင်သော သဘောတရားကို အခြေခံ ကာကွယ်ဆေးထုတ်လုပ်သည့် ဂန္ထဝင်မြောက် နည်းလမ်းဖြစ်သည်။
အမျိုးသားကျန်းမာရေး သိပ္ပံသည် ထိုပရိုတိန်း၏ မျိုးဗီဇအချက်အလက်များကိုသုံးပြီး ကာကွယ်ဆေးထုတ်ရန်နှင့် ကာကွယ်ဆေးကို မထိုးဘဲ လူသားကြွက်သား တစ်ရှူးအတွင်း ကြီးထွားစေရန် ၂၀၁၀ ပြည့်နှစ်ကမှ တည်ထောင်ထားသည့် လုပ်ငန်းသစ်ဖြစ်သော Moderna Therapeutics နှင့် ပူးပေါင်းဆောင်ရွက်နေသည်။
ထိုကာကွယ်ဆေးသည် ကြွက်များတွင် အောင်မြင်ကြောင်း စမ်းသပ်တွေ့ရှိရသောကြောင့် လူသားတွင် စမ်းသပ်မှုကို မတ်လ ၁၆ ရက်နေ့က စတင်လုပ်ဆောင်သည်။
အစီအစဉ်အတိုင်း အောင်မြင်ပါက ထိုဆေးကို ဈေးကွက်အတွင်း တနှစ်ခွဲအကြာတွင် ရနိုင်ပြီး ကိုရိုနာဗိုင်းရပ်ကူးစက်မှုသည် နောက်ထပ်တုပ်ကွေးရာသီအထိ ဆက်နေပါက အဆင်သင့်ဖြစ်မည်ဟု သိရသည်။
ဆေးဝါးလုပ်ငန်းသည် မိုနိုကလုန်နယ် ကိုယ်ခံအား (Monoclonal antibodies) ကို အသုံးပြုပြီး အီဘိုလာရောဂါသည်များ အသက်ဆက်လက်ရှင်သန်မှုနှုန်းကို သိသိသာသာ မြှင့်တင်ပေးသည့် သွေးကြောတွင်း ထိုးသွင်းသည့် ဆေးတခုကို လွန်ခဲ့သောနှစ်က ဖော်ထုတ်ခဲ့သည်။
ထိုသို့လုပ်ဆောင်ရန်အတွက် ထိုဆေးဝါးလုပ်ငန်းသည် ကြွက်ကို လူသားကိုယ်ခံစွမ်းအားစနစ်များ ပေးရန် မျိုးဗီဇအရ ပြုပြင်ခဲ့သည်။ ထိုကြွက်များကို လူသားကိုယ်ခံစွမ်းအား ထုတ်ပေးရန် ဗိုင်းရပ်များ သို့မဟုတ် ပိုမိုအားပျော့သော ဗိုင်းရပ်များ ကူးစက်စေသည်ဟု ထိုလုပ်ငန်း၏ သုတေသန ဒုတိယဥက္ကဋ္ဌ ခရစ်စတို့စ်ကြာရက်ဆိုရပ်စ်က ပြောသည်။
ထို့နောက် ထိုရောဂါတိုက်ဖျက်သည့် ကိုယ်ခံစွမ်းအားများကို သီးခြားထားပြီး အစွမ်းအထက်ဆုံးကို တွေ့ရရန် စစ်ဆေးပြီး ဓာတ်ခွဲခန်းတွင် မွေးမြူသန့်စင်ကာ လူသားသွေးကြောအတွင်း ထိုးသွင်းခြင်းဖြစ်သည်။
“စီစဉ်ထားတဲ့အတိုင်း အောင်မြင်ရင် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါ တိုက်ဖျက်မယ့် ဘယ်ကိုယ်ခံစွမ်းအားက အကောင်းဆုံးဖြစ်တယ်ဆိုတာကို ကျနော်တို့သိရမယ်။ နွေရာသီရောက်ရင် လူသားမှာ စစ်ဆေးနိုင်မယ်” ဟုလည်း သူက ပြောသည်။
ထိုဆေးကို ကုသရာတွင်သာမက၊ ကာကွယ်ဆေးအဖြစ်လည်း သုံးနိုင်ပြီး ဆေး၏အာနိသင်သက်ရောက်မှုမှာ ယာယီသာဖြစ်သော်လည်း မကူးစက်မီ လူသားများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
၎င်းတို့သည် အဆစ်အမြစ်ရောင်ရောဂါကြောင့် ရောင်ရန်းခြင်းကို ကုသရန် ခွင့်ပြုထားသည့် ကက်ဇာရာ အမည်ရှိ ဆေးကိုလည်း ပြောင်းလဲအသုံးပြုရန် စီစဉ်ထားသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် Covid-19 ပြင်းထန်သောအချိန်တွင် ဖြစ်ပွားသည့် အဆုပ်ရောင်ခြင်းကို ကုသနိုင်သည်။ တနည်းအားဖြင့်ဆိုရပါက ဗိုင်းရပ်ကို မတိုက်ခိုက်ဘဲ၊ ရောဂါလက္ခဏာတခုကို ကုသပေးခြင်းဖြစ်သည်။
ပြင်သစ် ဆေးဝါးလုပ်ငန်း Sanofi သည်လည်း အမေရိကန်အစိုးရနှင့်ပူးပေါင်းပြီး Recombinant DNA platform မှတဆင့် ကာကွယ်ဆေးထုတ်လုပ်ရန် လုပ်ဆောင်နေသည်။
တုတ်ကွေးကာကွယ်ဆေး အခြေခံမှ နည်းပညာဖြစ်ပြီး တိရစာ္ဆန်များတွင် တစိတ်တပိုင်းအားဖြင့် အကာအကွယ်ပေးသည့် ၎င်းတို့ဖော်ထုတ်ထားသော SARS ကာကွယ်ဆေးကြောင့် အခြားသူများထက် ပိုမိုလက်ဦးမှုရမည်ဟု ယုံကြည်ရသည်။
Sanofi သည် ၆ လအတွင်း ကာကွယ်ဆေးသုတေသနအတွက် ဆေးကုန်ကြမ်းရမည်ဟု မျှော်လင့်ရပြီး တနှစ်ခွဲအတွင်း ကုသမှု လေ့လာရေး လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ထိုလုပ်ငန်းမှ သုတေသနအကြီးအကဲ ဒေးဗစ်လိုက ပြောသည်ဟု သတင်းဖော်ပြကြသည်။
အခြားအမေရိကန် ဆေးဝါးလုပ်ငန်းဖြစ်သော Inovio သည် ၁၉၈၀ ခုနှစ်များက စတင်ထူထောင်ချိန်မှ စတင်ပြီး ကာကွယ်ဆေးများကို ထုတ်လုပ်နေသည်။ ထိုဆေးများသည် အထက်ဖော်ပြပါ ကာကွယ်ဆေးများနှင့်အလားတူ လုပ်ဆောင်ပြီး ကွင်းဆက်၏ အစောပိုင်းအဆင့်တွင်ပင် စတင်သက်ရောက်သည်။
“လူသားတွေနဲ့ စမ်းသပ်စစ်ဆေးမှုကို အမေရိကန် ပြည်ထောင်စုမှာ ဧပြီလမှာ စလုပ်ပြီးနောက် သိပ်မကြာခင် ရောဂါအဖြစ်များတဲ့ တရုတ်နဲ့ တောင်ကိုရီးယားမှာ လုပ်မယ်” ဟု Inovio ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဂျိုးဆက် ကင်က ကြေညာချက်တစောင်တွင် ပြောသည်။
“အခုလက်ရှိ ရင်းမြစ်တွေကိုသုံးပြီး နှစ်ကုန်လောက်မှာ ဆေး တသန်းလောက် ထုတ်လုပ်ဖို့ ရည်မှန်းထားတယ်” ဟု သူက ဆိုသည်။
အပြင်းအထန်ကြိုးစားနေသည့် အခြားသော လုပ်ငန်းတခုမှာ တရုတ် ဇီဝနည်းပညာလုပ်ငန်းနှင့် ပူးတွဲလုပ်ဆောင်နေသည့် ဗြိတိန် ဆေးဝါးလုပ်ငန်း GlaxoSmithKline ဖြစ်ပြီး ထိုလုပ်ငန်းသည် ကာကွယ်ဆေးနည်းပညာ တခုဖြစ်သော Adjuvant platform technology ကို ပံ့ပိုးပေးထားသည်။
ကိုယ်ခံစွမ်းအားတုန့်ပြန်မှုကို မြှင့်တင်ရန်အတွက် Adjuvant ကို ကာကွယ်ဆေးများတွင် ထည့်သွင်းပြီး ဗိုင်းရပ်တခုတည်း အသုံးပြုခြင်းထက် ပိုမို စွမ်းအားပြင်းထန်ပြီး ပိုမိုရှည်ကြာသော ကိုယ်ခံစွမ်းအားကို ဖြစ်စေသည်။
Moderna ကဲ့သို့ပင် ဂျာမန် ဇီဝနည်းပညာလုပ်ငန်း CureVac သည် messenger RNA ကာကွယ်ဆေးအတွက် ကွင်းစလန် တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ထရမ့်အစိုးရသည် CureVac ကို သို့မဟုတ် ၎င်းတို့၏ သုတေသနကို ဝယ်ယူရန်ကြိုးစားနေသည် ဟူသော သတင်းများကိုမူ ထိုလုပ်ငန်းက ငြင်းဆိုသည်။ ထိုလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ် ဒန်နီရယ် မန်နီချယ်လာသည် ယခုလ အစောပိုင်းက အိမ်ဖြူတော်နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် လအနည်းငယ်အတွင်း ကာကွယ်ဆေး ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ကြေညာခဲ့သည်။
အမေရိကန် ဆေးဝါးလုပ်ငန်း Johnson & Johnson သည်လည်း ၎င်းတို့၏ ဆေးဝါးတချို့ကို ကိုရိုနာ ဗိုင်းရပ်အတွက်သုံးပြီး ထိုဗိုင်းရပ် ကူးစက်ခံရသူများ၏ ရောဂါလက္ခဏာများကို မည်သို့ကုသနိုင်မည်ကို စဉ်းစားနေသည်။ ကာကွယ်ဆေး ထုတ်လုပ်ရန်လည်း ကြိုးစားနေသည်။
ကယ်လီဖိုးနီးယား အခြေစိုက် Vir ဇီဝနည်းပညာလုပ်ငန်းသည်လည်း SARS ရောဂါမှ ရှင်ကျန်သူများထံမှ ကိုယ်ခံအားများ ခွဲထုတ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်သစ်ကို ကုသရန် ဖြစ်နိုင် မဖြစ်နိုင်လေ့လာနေသည်။ ထိုအခြေခံဖြင့် အီဘိုလာနှင့် အခြားရောဂါများအတွက် ကုထုံးများ ဖော်ထုတ်ခဲ့သည်။
ငှက်ဖျားကုသရာတွင်သုံးသည့် ကွီနင်းကို ဓာတုနည်းဖြင့်ပြုလုပ်ထားသည့် ကလိုရိုကွင်းကဲ့သို့သော ဆေးများသည် ထိုဗိုင်းရပ်ကို တိုက်ခိုက်နိုင်စွမ်းအချို့ရှိပြီး သုတေသီများက ထိုဆေးကို ပိုမိုလေ့လာရန် တောင်းဆိုနေကြသည်။
ကိုးကား။ ။ Asia Times ပါ Race to find ‘Holy Grail’ of Covid-19 treatments
You may also like these stories:
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုကနေ လူဦးရေ ၁ သိန်းကျော် ပြန်လည်သက်သာ
ချင်းပြည်နယ်ကို ကိုယ့်သဘောဆန္ဒနဲ့ သွားရောက် တာဝန်ထမ်းဆောင်မယ့် မြန်မာဆရာဝန်များ
ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်လာကြတဲ့အခါ