ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ ကောင်းခါးနှင့် လွယ်ခမ် ဒေသတွင် ကျပ်ဘီလီယံ ၃၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးခံရမှု နောက်ဆက်တွဲအဖြစ် ယင်းဒေသမှ ပြည်သူ့စစ် ခေါင်းဆောင်များနှင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များထံမှ လက် နက် တထောင်ကျော်ကို တပ်မတော်က ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။
ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၅ ရက်နေ့အထိ လက်နက်ခဲယမ်းများ၊ ငွေကျပ် ၂၉၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါး များ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများကို တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ဖမ်းဆီးရမိခဲ့ပြီး နယ်မြေ လုံခြုံရေး ဆက်လက် ဆောင်ရွက်နေကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထား သည်။
ရှမ်းမြောက်ပိုင်း လွယ်ခမ်ဒေသအပါအဝင် ယင်းဒေသတွင် ဖြစ်ခဲ့သည့် ကိစ္စများသည် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုများ မရှိဘဲ လုပ်နိုင်စရာ အကြောင်း မရှိသဖြင့် ယခုလို ဆက်စပ် အရေးယူခြင်း ဖြစ်ကြောင်း၊ သို့သော် ၎င်း အနေဖြင့် အသေးစိတ် မသိရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“သူတို့ကတော့ တရားဥပဒေအရပဲ ဖြစ်မှာပေါ့။ ညှိစွန်းတဲ့သူတွေလေ။ မညှိစွန်းရင်လည်း မညှိစွန်းဘူးပေါ့။ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဥပဒေမှာ သူက သတင်းပေးရန် ပျက်ကွက်သူတို့ ဘာတို့လည်း ဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယင်းဒေသတွင် မူးယစ်ဆေးဝါးများ စတင် ဖမ်းဆီးမိစဉ်ကတည်းက တပ်မတော်က ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း၊ မူး ယစ်ဆေးဝါးနှင့် ပါဝင်ပတ်သက်နေသူ အားလုံးကိုလည်း အမှုဖွင့်ထားကြောင်း၊ သိမ်းဆည်းရမိသည့် လက်နက်များလည်း ရှိကြောင်း တပ်မတော်မှ သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“မူးယစ်ဆေးဝါးနဲ့ ပါဝင်ပတ်သက်သူတွေရော အိမ်ပိုင်ရှင်တွေကိုရော အမှုဖွင့်ထားတယ်။ လက်နက်တွေ သိမ်းတာထက် ဖမ်းမိထားတဲ့ လက်နက်တွေလည်း အများကြီး ရှိတယ်။ တချို့ လူတွေပါ ပါလိမ့်မယ်။ စတွေ့တာနဲ့ လုပ်တဲ့ဟာတွေ ရှိတယ်။ အဲဒီကတည်းက ထိန်းချုပ်ထားတယ်”ဟု ပြောသည်။
လက်ရှိတွင် ကောင်းခါး တပ်မဟာ ၁ မှူးအပါအဝင် ၁၀ ဦးကို လားရှိုး အမှတ် ၂ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဃ ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။
မူးယစ်ဆေးများ ဖမ်းဆီးရမိသည်ကို အကြောင်းပြုပြီး ပြည်သူ့စစ်ခေါင်းဆောင်များကို မတ်လ ၂၄ ရက်နေ့က အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (လားရှိုး)သို့ အစည်းအဝေး ခေါ်ယူခဲ့ကြောင်း၊ ယင်းအစည်းအဝေးသို့ တက်ရောက်လာသူထဲမှ ပြည်သူ့စစ်ခေါင်းဆောင် အနည်းဆုံး ၁၀ ဦးခန့် ထိန်းသိမ်းခံလိုက်ရကြောင်း အမည်မဖော်လိုသော ကောင်းခါး ပြည်သူ့စစ် အဖွဲ့မှ တာဝန်ရှိသူ ၁ ဦးက ပြောသည်။
“အခု လက်နက်က အကုန်လုံး အပ်ခိုင်းတယ်။ ကျနော်တို့ နောက်တန်းမှာ နေတဲ့လူတွေကလည်း မအပ်လို့ မရဘူးလေ။ သူတို့က တိုင်းကို အစည်းအဝေး ခေါ်တယ် ဆိုပြီးတော့မှ ကျနော်တို့ ခေါင်းဆောင်တွေကို ထိန်းထားလိုက်တော့ သူတို့ မ ထွက်လာဘဲနဲ့တော့ ကျနော်တို့က ဘာမှ လုပ်လို့ မရဘူး။ အဲဒါကြောင့် လက်နက်တွေက အပ်ပေးလိုက်တယ်”ဟု ယင်း ပြည်သူ့စစ် အဖွဲ့ဝင်က ပြောသည်။
၎င်းက ဆက်၍ “ကျနော်တို့ လူကြီး စုစုပေါင်း ကောင်းခါးက ၁၀ ယောက် ဝန်းကျင်လောက် ရှိဦးမယ်။ မူးယစ်ဆေးဝါးနဲ့ ဖမ်းထားတယ်လို့ ကျနော် ဆိုလိုတာ မဟုတ်ဘူး။ အစည်းအဝေး ခေါ်ပြီးမှ မလွှတ်သေးတာက အနည်းဆုံးက ၈ ယောက် လောက် ရှိသေးတယ်။ သတင်းအဆက်အသွယ်လည်း မရတော့ဘူး”ဟု ပြောသည်။
ပြည်သူ့စစ်စခန်း ဌာနချုပ်ကို မသိမ်းသော်လည်း လက်နက်များ အကုန်ပြန်အပ်ခိုင်းကြောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း ယင်းဒေသတွင် ပြည်သူ့စစ် အဖွဲ့ ၁၀ ဖွဲ့ ခန့် ရှိရာ အစိုးရထံတွင် မှတ်ပုံတင်ထားသည့် လူအင်အား ၈၅၀ နှင့် အရန် အင်အား ၂၀၀၀ ခန့်ရှိကြောင်း စုံစမ်း သိရှိရသည်။
“အနည်းဆုံး မရှိဘူးဆိုရင် လက်နက် ၁၀၀၀ ကျော်ကျော် ရှိတယ်။ အဲဒါတွေ အကုန်လုံး ပေးလိုက်ပြီ။ တချို့ တွေကို ကျတော့ လွှတ်လိုက်တယ်။ ဒါပေမယ့် လွယ်တောင် ဒေသက လူတွေက မလွတ်သေးဘူး။ အဲဒီထဲမှာ ကျနော်တို့ လူကြီးတွေ ၂ ယောက်၊ ၃ ယောက် ကျန်သေးတယ်။ ဒါက ဘာမှ မူးယစ်ဆေးဝါး နဲ့ မပတ်သက်တဲ့သူတွေနော်”ဟု ပြည်သူ့စစ် အဖွဲ့ဝင် ၁ ဦးက ပြောသည်။
လက်နက် မအပ်ချင်သော်လည်း ပြည်သူ့စစ် ခေါင်းဆောင်များ၏ ညွှန်ကြားချက်ကြောင့် အပ်ပေးလိုက်ရကြောင်း၊ သို့သော် အစိုးရအနေဖြင့် မူးယစ်ဆေးကိစ္စကို သေချာစွာ ဖြေရှင်း၍ သက်ဆိုင်သူများကို အရေးယူပြီးပါက မသက်ဆိုင်သူများ အရေးကိုလည်း စဉ်းစားပေးစေလိုကြောင်း ပြည်သူ့စစ် အဖွဲ့ဝင်တချို့က တောင်းဆိုသည်။
“အဖွဲ့အစည်း တခုလုံးကို အခွင့်အရေး ယူလိုက်တယ်။ အဲဒါဟာနဲ့ နိုင်ငံရေး အမြတ်ထုတ်လိုက်တယ် ဆိုတာမျိုးကတော့ သိပ်ပြီးတော့ အဆင်မပြေဘူး။ ဒါတွေကို ကျနော်တို့ ကြည့်နေတယ်။ ကျနော်တို့ကို တစုံတရာ ဘယ်လိုပြန်ပြီးတော့ စဉ်းစားပေးမလဲ”ဟု ပြည်သူ့စစ် တပ်ဖွဲ့ဝင်တဦးက မေးခွန်းထုတ်သည်။
မူးယစ်ဆေးဝါးများ တွေ့ရှိထားသည့် လွယ်ခမ်နှင့် ကောင်းခါး ကျေးရွာများသည် တရား ဥပဒေ စိုးမိုးမှု လုံးဝ ရှိသည့် နေရာ၊ မူးယစ်ရဲများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်လှမ်းမီပြီး အချိန်မရွေး စစ်၍ ရသည်ကို ယခုလို အခြေအနေ ရောက်မှ ဖမ်းဆီးထိန်းသိမ်းခြင်းကိုလည်း မေးခွန်းထုတ်မှုများ ရှိသည်။
“အဲဒါလည်း စဉ်းစားစရာ ရှိတယ်နော်။ ဒီဒေသက ကျနော်တို့ လုံးဝ စိုးမိုးတဲ့ နေရာဆိုပေမယ့် အစိုးရ လုံးဝ ဝင်လို့ မ ရအောင် ပိတ်ပင်တားမြစ်ထားတာ မရှိဘူး။ အကူအညီတောင်းရင် ကျနော်တို့က အမြဲတန်း ကူညီပြီး လုပ်ပေးနေတာပဲ။ တချို့ တပ်ဖွဲ့ဝင် ခေါင်းဆောင်ပိုင်းတွေက ဒီဟာနဲ့ ပတ်သက်မှု ရှိတာ မှန်လိမ့်မယ်။ ဖော်ထုတ်နိုင်တာလည်း ရှိပြီးပြီလေ”ဟု ပြည်သူ့စစ် တပ်ဖွဲ့ဝင် တဦးက ပြောသည်။
ယခုအခါ တပ်မတော်က ယင်းဒေသတွင် တပ်မတခုလုံး လာရောက် အခြေစိုက်ထားပြီး အင်အား ၅၀၀၀ ကျော် အထိ ရှိနေကြောင်း၊ အထဲ၊ အတွင်းစည်းနှင့် အပြင်စည်းဟူ၍ ၃ ပိုင်းခွဲ ထိန်းချုပ်ထားပြီး ရဲတပ်ရင်း ၅ ရင်းခန့် လည်း ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ မတ်လ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ကွတ်ခိုင်မြို့နယ်တွင် ယင်းနေရာများ၌ ၂၀၁၅ ခုနှစ်မှ စတင်ကာ နေအိမ်များ၊ အဆောက်အဦများ အခြေပြုလာခဲ့ကြောင်း၊ တရုတ်လူမျိုးများက မူးယစ်ဆေးဝါး စက်ရုံ တည်ဆောက်ရာတွင် ပါဝင်ခဲ့ပြီး စက်ရုံ ၃ ရုံတွင် တရုတ်လူမျိုး ၁၅၀ ခန့်အထိ ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဖမ်းမိသည့် ပစ္စည်းများထဲတွင် ယာယီ အဆောက်အအုံများ၊ အခိုင်အမာ အဆောက်အဦများ၊ မော်တော်ယာဉ်များ၊ ဂိုဒေါင်များ၊ မီးစက်ကြီးများ၊ FREEZER အလုံးပေါင်းများစွာ၊ အက်ဆစ်ပီပါများ၊ ဒီဇယ်ပီပါများ၊ ဓာတ်ဆီပီပါများ၊ ပေါင်းအိုး များ၊ အက်ဆစ်ပုလင်း အလုံးရည် ရာပေါင်းများစွာ၊ ၂ လီတာဆံ့ အက်ဆစ်ဘူးများ၊ ကော့စတစ် ဆိုဒါအိတ်များ၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ပုံးများ ပါဝင်သည်။
ထို့ပြင် စိတ်ကြွရူးသွပ် ဆေးပြားသိန်းချီ၍ ဖမ်းမိပြီး စိတ်ကြွ ရူးသွပ်ဆေးမှုန့်၊ ဘိန်းညို၊ ကဖင်း အဖက်ဒရင်း / ဆူဒို အဖက်ဒရင်း ၊ ICE ၊ ဘိန်းဖြူ ကီလိုဂရမ်များစွာ အပြင် လက်နက်များလည်း ပါဝင်သေးသည်။
ဆက်စပ်ဖတ်ရှုရန်
ကွတ်ခိုင်က မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီးရမိမှု အဓိကတရားခံများ ဖမ်းမိရေး အရေးကြီးဟုဆို
ကွတ်ခိုင်တွင် ကျပ် ၉၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း
၀ ဒေသက မူးယစ်ရာဇာ ဝေရှောက်ခန်း၏ သြဇာ