သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် ရခိုင်စစ်ရှောင်စခန်းများ၌ ဆပ်ပြာနှင့်ရေ လိုအပ်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်း အချို့တွင် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရန် ဆပ်ပြာနှင့် ရေ ကောင်းရေသန့် ရရှိရန် လိုအပ်နေသည်ဟု သတင်း ရရှိသည်။

အဆိုပါ သတင်း အချက်အလက်ကို ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် စခန်းတွင် နေထိုင်သည့် စစ်ဘေးရှောင် ဒုက္ခသည် တသိန်းခွဲကို ကြည့်ရှုစောင့်ရှောက် ပေးနေသည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများ အစည်း အရုံး(REC) က ပြောဆိုခြင်း ဖြစ်သည်။

REC မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၁၁၇ ခုမှ စခန်း ၄၀ လောက်က လုံ လောက်တဲ့ရေ မရရှိဘူး။ ရှိတဲ့ ရေကလည်း မသန့်ရှင်းတဲ့ ရေတွေပါ။ အထူးသဖြင့် ရသေ့တောင်မြို့နယ်က အဆိုးဆုံး ပါ။ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် တို့က ဖြစ်ပါတယ်” ဟု ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို စစ်ဘေးရှောင် စခန်းများတွင် ရခိုင်ပြည်နယ် အခြေစိုက် နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တို့မှ လိုက်လံ ပြောပြသည်များ ရှိသော်လည်း ဆပ်ပြာ၊ ရေ မလုံလောက်သည့် စခန်းများအတွက် မည်သည့် အထောက်အပံ့မှ မရရှိသေးပါဟု ဦးဇော်ဇော်ထွန်းက ဆို သည်။

ရေကောင်းရေသန့် ရရှိရန် ခက်ခဲသည့် စခန်းများတွင် လက်သန့်ဆေးရည်များ အခမဲ့ ဝေပေးရန် ရခိုင် အရပ်ဘက် အဖွဲ့ အစည်းများက ဆောင်ရွက်နေသည်များလည်း ရှိသည်ဟု သိရသည်။

ဦးဇော်ဇော်ထွန်းက “စစ်တွေမှာဆိုရင် Mask က ဝယ်လို့ မရတော့ဘူး။ စစ်တွေမြို့မှာ တခုကို ၁၅၀၀ ပေး ဝယ်တာ တောင် မရတော့တဲ့ အခြေအနေ ရှိတယ်။ အထူးသဖြင့် Surgical Mask ပေါ့။ လက်သန့်ဆေးတွေ ဆိုရင်လည်း မရှိ တော့ဘူး” ဟု ပြောသည်။

ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင် ဖေဖော်ဝါရီနှင့် မတ်လအတွင်း တပ်မတော် နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား ပြင်းပြင်းထန်ထန် ဖြစ်ပွားသည့် တိုက်ပွဲဧရိယာအတွင်း ပါဝင်သည့် မြို့နယ်များ ဖြစ် ပြီး အဆိုပါ မြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေများလည်း ပိုတိုးလာသည်။

လက်ရှိတွင် ရခိုင် အရပ်ဘက် အဖွ့ဲအစည်း ၆ ဖွဲ့မှ ပူးပေါင်းထားသည့် Arakan Humanitarian Coordination Team (AHCT) ကလည်း ပြည်ပမှ ပြန်လာသူများကို စောင့်ကြည့်မည့် အဖွဲ့များ ဖွဲ့ရန် ပြင်ဆင်ထားသည်ဟု သိရသည်။

ယနေ့ မနက်ပိုင်းမှ စတင်၍ စစ်တွေမြို့တွင်းနှင့် စစ်တွေမြို့ရှိ စစ်ဘေးရှောင် စခန်းများသို့လည်း AHCT အဖွဲ့ဝင်များက လည်း သွားရောက်ကာ အစိုးရ၏ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ ကို လိုက်လံ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများ အခမဲ့ ပေးခြင်းများလည်း ပြုလုပ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ မြို့နယ် ကျန်းမာရေး ဌာနများက မြို့နယ် အသီးသီးအလိုက် ရပ်ကွက်များနှင့် စစ်ဘေးရှောင် စခန်းများ တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရန်၊ ရှောင်ရန် လက်ကမ်း စာစောင်များ၊ အသိပညာပေး မှုများ လုပ်ဆောင်လျက် ရှိသည် ဟု သိရသည်။

ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ဗိုင်းရပ်စ် အန္တရာယ် စိုးရိမ်နေရသည့် ကာလတွင် စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်ကို အားမရပါ ဟု ပြောသည်။

ဗိုင်းရပ်စ် ကူးခံထားရသည့် လူနာတွေ့ပါက သီးသန့် ခွဲထားရန် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်း နှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးကာ စီစဉ်ထားသော်လည်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ဒုက္ခ သည်များ စုပြုံနေကြသဖြင့် ကူးစက်ရောဂါ ဖြစ်လာပါက စိုးရိမ်စရာ အခြေအနေ ရှိပါသည်ဟု ဦးမောင်သန်းစိန်က ဆို သည်။

ကျောက်တော်မြို့နယ်တွင် တရားဝင် စစ်ဘေးရှောင်စခန်း ၁ နေရာသာ ရှိပြီး ထိုစခန်းတွင် ဆန့်နိုင်သည့် လူဦးရေမှာ ၆၀၀ ခန့်သာ ရှိသော်လည်း လက်ရှိတွင် ၁၁၀၀ ကျော် အထိ ခိုလှုံနေကြရပါသည်ဟု ဦးမောင်သန်းစိန်က ပြောသည်။

နီးစပ်ရာ ဆွေမျိုးအိမ်နှင့် ကျေးရွာများတွင် နေထိုင်နေကြသူများ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသည့် စစ်ဘေးသင့် ဦးရေများကို ထည့်တွက်ပါက ကျောက်တော်မြို့နယ် တခုတည်းတွင် လူဦးရေ တသောင်းကျော် ရှိပါသည် ဟု ဦးမောင်သန်းစိန်က ဆိုသည်။

ဆက်လက်ပြီး ဦးမောင်သန်းစိန်က “ပတ်ဝန်းကျင် သန့်ရှင်းရေး အနေနဲ့ကလည်း လူတွေ များလာတာနဲ့ အမျှ စားတာသောက်တာ အညစ်အကြေး စွန့်တာတို့က ဘယ်လောက်ပဲ လုပ်လုပ် လူဦးရေ များလာပြီး အကုန်ရော စုပြီး နေ နေကြတော့ အခက်အခဲတွေ ရှိပါတယ်” ဟု ပြောဆိုသည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကို စောင့်ကြည့် လေ့လာနေသည့် Myanmar Institute For Peace and Security မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ၎င်းတို့၏ လေ့လာ သုံးသပ်ချက်များအရ ရခိုင်ပြည်နယ် တွင် တိုက်ပွဲများနှင့် ကိုရိုနာ ဗိုင်းရပ်စ်ကြား လူထုများမှာ အထိနာနိုင်သည့် အခြေအနေ ရှိသည်ဟု ပြောသည်။

ဒေါက်တာ မင်းဇော်ဦးက “မြန်မာပြည်မှာ ရွှေ့ပြောင်းလုပ်သား အများဆုံး နေရာထဲမှာ ရခိုင် ပါတယ်။ ထိုင်းက ရွှေ့ ပြောင်းလုပ်သားတွေက ပြန်လာကြမယ်။ AA မှာလည်း တရုတ်ပြည်ကလာတဲ့ လူတွေ ရှိတယ်။ အကူးအသန်း ရှိတယ် ဆိုတော့ ရခိုင်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပြဿနာက အကြီးအကျယ် ဖြစ်လာမှာပဲ။ ဖြစ်လာရင် တဖက်က စစ်ပွဲတွေနဲ့ ဆိုရင် လူထုရော တိုက်နေတဲ့ လူတွေကြားမှာရော တော်တော်လေးတော့ ဒုက္ခရောက်ကြမှာ” ဟု သုံးသပ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖေဖော်ဝါရီအထိ စစ်ဘေးရှောင်ဒုက္ခသည် ၁၂၀၀၀၀ ကျော် ရှိခဲ့ပြီး မတ်လတွင် တပ်မ တော်နှင့် AA တို့ကြား တိုက်ပွဲများ ပိုပြင်းထန်လာသဖြင့် ဒုက္ခသည် ဦးရေ ၃၀၀၀၀ ကျော် တိုးလာခဲ့သည်။

REC ၏ စာရင်း ကောက်ယူထားချက် အရ ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ စုစုပေါင်း ၁၅၇၀၀၀ ကျော် ရှိပြီဟု သိရသည်။

ရခိုင်ပြည်နယ်တွင်း စစ်ဘေးရှောင် စခန်းများတွင် ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရေးများ ဆောင် ရွက်ထားသည့် အခြေအနေကို ရခိုင်ပြည်နယ်၊ ကျန်းမာရေးဌာနသို့ ဆက်သွယ်သော်လည်း ဆက်သွယ် မရပါ။

ရခိုင်ပြည်နယ် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြည် ထောင်စု အစိုးရကိုသာ မေးမြန်းပါရန် ပြန်လည် ဖြေဆိုသည်။

ဆက်စပ်ဖတ်ရှုရန်

မင်းပြားတွင် ဗုံးထိ၍ ချင်းလူငယ် ၁ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာပြင်းထန်

စစ်ပဋိပက္ခကြား မြေဇာပင် ဖြစ်သွားတဲ့ ပလက်ဝ

ကုလားတန်မြစ်တလျှောက်မှ ရွာ ၂၀ကျော် တိုက်ပွဲကြောင့် နေရပ်စွန့် ထွက်ပြေး

Did you find apk for android? You can find new Free Android Games and apps.
Loading